The Spy
မြောက်ကိုရီးယား စစ်ဗိုလ်ချုပ်ကြီးများ လျှို့ဝှက် စစ်ရေး အစည်းအဝေး ဆွေးနွေးနေကြစဉ် ဖြစ်၏။ ထိုစဉ်က ယန်ကီးသမ္မတ ဒေါ်နွယ်ထွန်း၏ စစ်သင်္ဘောအုပ်စုကြီးက ကိုရီးယား ကျွန်းဆွယ် ရေပြင် နယ်နိမိတ်အစပ်သို့ ဝင်ရောက် တပ်ဆွဲထားချိန်ဖြစ်၏။
"ကျွန်တော်တို့ ခေါင်းဆောင်ကြီးကင်မှာ ယန်ကီးတွေရဲ့ ဝါရှင်တန်ဒီစီအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးပျံတွေ ရှိတာတော့ ဟုတ်ပါတယ်"
အရှေ့တောင်ပိုင်း စစ်တိုင်း ယွန်ဒေါင်ဒုံးပျံတပ်မဟာ ဗိုလ်ချုပ်ကြီး ယောင်ဂဲဂျေး၏ တင်ပြချက်ကို ပြုံးယမ်း နိုင်ငံရေးမှူး ဗိုလ်ချုပ်ကြီး ချွဲဆို့သေက တိတ်ဆိတ်စွာ နားထောင်နေ၏။
ကွန်မြူနစ်နိုင်ငံတွေမှာ စစ်ရေးအကြီးအမှူးတွေထက် နိုင်ငံရေးမှူးတွေကို စစ်ရေးဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထား၏။ ဒါကြောင့် ဒုံးပျံတပ်မဟာမှူးက နိုင်ငံရေးမှူးကို စစ်ရေးဆိုင်ရာ တင်ပြနေရခြင်းဖြစ်လေသည်။ (ဤကားစကားချပ်)
"အင်း. . .ဆိုပါဦး"
ဗိုလ်ချုပ်ကြီးချွဲဆို့သေက ဆက်လက်တင်ပြဖို့ ဆိုလိုက်သည်ကို ဗိုလ်ချုပ်ကြီးယောင်ဂဲဂျေးက မျက်လွှာချလိုက်ပြီး
"ဒါမယ့် ကျွန်တော်တို့မှာ ပဲ့ထိန်းနည်းပညာ မပြည့်စုံဘူးလေ၊ ကုန်းတွင်းပိုင်းတောင် ရမ်းပစ်နေတယ်မို့လား၊ ပစိဖိတ်ဖြတ်ကျော်ပြီး ယန်ကီးတွေကို ပစ်ခတ်ဖို့ကတော့ မဖြစ်နိုင်ဘူး"
လို့ ညိုးရော်စွာ ဆိုလိုက်၏။
ဟားဟားဟား !
စိုးရိမ်တတ်ရန်ကော ဗိုလ်ချုပ်ကြီး ယောင်ဂဲဂျေးရဲ့ !
ခင်ဗျာ!
ဗိုလ်ချုပ်ကြီး ချွဲဆို့သေ၏ ဟက်ဟက်ပက်ပက် ရယ်မောသံ အနှင့် အတူ ထွက်ပေါ်လာသော စကားကို နားမလည် နိုင်သဖြင့် ဗိုလ်ချုပ်ကြီးယောင်ဂဲဂျေး ကြောင်စီစီဖြစ်သွား၏။ ဒီနေ့လား မနက်ဖန်လား မသေချာသော ယန်ကီးတွေရဲ့ စစ်လိုလားမှုကို မိမိတို့စစ်ဘက်က ထိပ်တိုက်ရင်ဆိုင်ဖို့ရာ နည်းပညာ အခက်တွေ့နေချိန် နိုင်ငံရေးမှူးက ရယ်နိုင်သေးသည်ကို တွေ့ရသဖြင့် စစ်ဘက်ဗိုလ်ချုပ်တွေ အကုန်လုံး မျက်နှာတင်းမာသွား၏။
"နည်းပညာမပြည့်စုံဘဲ စစ်တိုက်လို့ မရဘူးဗျ"
"အေးလေ. . . ယန်ကီးတွေကို စားပွဲဝိုင်းပေါ် ဆွေးနွေးလိုက်တာ ကောင်းမယ်"
"ဟုတ်တယ် စစ်တိုက်ဖို့ မသင့်ဘူး၊ ကျုပ်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်"
သို့ကလို စစ်ဗိုလ်ချုပ်များဘက်က စစ်မတိုက်သင့်ကြောင်း သုံးသပ်ချက်များ အလျှိုလျှို ထွက်ပေါ်လာသဖြင့် အစည်းအဝေးခန်းမထဲ ညံစီသွား၏။
ဘုန်း!
နိုင်ငံရေးမှူးချုပ်ကြီး ချွဲဆို့သေက မျက်နှာကို ပြန်တည်လျက် စားပွဲခုံကို လက်ဝါးဖြင့် ပုတ်လိုက်၏။ အသံက အကျယ်ကြီးဖြစ်၏။ အားလုံးပြန်တိတ်သွားကြသည်။ မတော် ခေါင်းဆောင်ကြီးကင်ကို နိုင်ငံရေးမှူးက ကပ်ညှော်လိုက်လျှင် စစ်ဗိုလ်ချုပ်တွေခမျာ သေဒဏ် အပေးခံနေရပေဦးမည် မဟုတ်ပါလား။
"ခင်ဗျားတို့ စစ်ဗိုလ်ချုပ်တွေ မဟုတ်ဘူးလား?"
ဟိုတလောက ခေါင်းဆောင်ကြီးကင်မိန့်ခွန်းပြောချိန်မှာ အိပ်ငိုက်လို့ဆိုပြီး ဗိုလ်ချုပ်တစ်ဦးကို လေယာဉ်ပစ်စက်သေနတ်နဲ့ သေဒဏ်ပေးစဉ်က အမိန့်ပေးသံမျိုး ဖြစ်သဖြင့်
"ဟုတ်တော့ ဟုတ်ပါတယ်"
ဟူ၍ မဝံ့မရဲ ဖြင့် ပြန်ဖြေကြ၏။
"ဘာဟုတ်တော့ ဟုတ်ပါတယ်လဲ ဟုတ်တယ်ဆို ဟုတ်တယ်ပေါ့ စစ်ဗိုလ်ချုပ်တွေဖြစ်ပြီး စစ်တိုက်ရမှာ ကြောက်နေကြသလား"
အစည်းအဝေးခန်းထဲ တိုင်ဖွန်းမုန်တိုင်းကျနေသယောင်ယောင် လေသံက ပိုပြင်းလာသည်။
"မကြောက်တော့. . .မကြောက်. . ."
တိတ်စမ်း!
ဗိုလ်ချုပ်တွေခမျာ ဦးထုပ်ကို ငိုက်ငိုက်ဆောင်းပြီး ခေါင်းတွေ ငုံ့နေကြ၏။ ဘာမှ ဆက်မပြောရဲကြ။ တိတ်ဆိတ် ငြိမ်သက်သွား၏။
"အင်းးး ခင်ဗျားတို့ကိုလည်း ကျုပ်စာနာပါတယ်"
လေသံပျော့ပျော့ဖြင့် စကားစလာ၏။
"ပွင့်ပွင့်လင်းလင်းပြောရရင် ခေါင်းဆောင်ကြီးကင်က ယန်ကီးတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆန္ဒမရှိဘူး"
နားထောင်နေရင်း ဗိုလ်ချုပ်တွေ ချွေးပြန်လာ၏။
"ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပေါ့ "
"ဘာကို စဉ်းစားရမှာလဲ ဟင် ?"
စစ်ဗိုလ်ချုပ်တစ်ဦးက ကြားက ဖောက်မေးသဖြင့် နိုင်ငံရေးမှူးက မျက်လုံးထောင့်ကပ်၍ ဝေ့ကြည့်လိုက်သည်။ မေးမိသော ထိုဗိုလ်ချုပ်ခမျာ ကျုံ့ဝင်သွား၏။
"အခုက ကျုပ်တို့က သူတစ်ပါးနိုင်ငံကို ကျူးကျော် ရန်စတာ မဟုတ်ဘူး"
"ကျုပ်တို့ တိုင်းပြည်ကို ယန်ကီးတွေက ကျူးကျော် ရန်စ ထိပါးလာခြင်း ဖြစ်တယ်"
"ဒါကြောင့် ကျူးကျော်လိုသူ ယန်ကီးတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ လုံးဝ မလိုအပ်ဘူး"
နိုင်ငံရေးမှူးဗိုလ်ချုပ်ကြီး ချွဲဆို့သေ၏ ပြတ်သားသော မျိုးချစ်စိတ်ဓာတ် စကားကြောင့် စစ်ဗိုလ်ချုပ်များ ကြက်သိမ်း တဖြန်းဖြန်းထသွားရ၏။
"ဟုတ်တယ် ယန်ကီးတွေကို တိုက်ရမယ်"
"ကျူးကျော်လိုသူ ယန်ကီးတွေအတွက် ငြိမ်းချမ်းရေးမရှိဘူး ၊ ဟွာဆောင်ဒုံးပျံတွေပဲ ရှိမယ်"
" ဒီခွေးကောင်တွေကို အဖမြေပေါ်မှာ ခြေမချနိုင်စေရဘူး"
စသဖြင့် တက်ကြွစွာ ထောက်ခံသံများ ပွက်လောရိုက်လာလေ၏။ ဒါကလည်း နိုင်ငံရေးမှူးတွေရဲ့ စစ်သားတွေအပေါ် စိတ်ဓာတ်မြှင့်တင်ရေး ပရိယာယ်တစ်မျိုး ဖြစ်၏။
"အေးး ဟုတ်တယ် ကျုပ်လိုချင်တာ ဒါပဲ၊ ပြီးတော့ ခင်ဗျားတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးစရာ ရှိတယ်"
ပြောပြောဆိုဆို အိတ်ထောင်ထဲက တီဗီရီမုဒ်တစ်ခု ဆွဲထုတ်လိုက်ပြီး အစည်းအဝေးခန်းထဲက Samsung တီဗီကြီးကို ထိုးချိန်လိုက်၏။ တောင်ကိုရီးယားကနေ ခိုးဝယ်ပြီး မြောက်ကိုရီးယားစစ်တပ်မှာ သုံးနေကြတဲ့ တီဗီ။
ဖတွတ် !
ဆိုပြီး ခလုပ်တစ်ခုကို နှိပ်လိုက်လေ၏။ တီဗီပွင့်လာပြီး သတင်း ထုတ်လွှင့်မှုတစ်ခုကို မြင်တွေ့ရသည်။ CNN သတင်းဌာန ရုပ်သံလိုင်းဖြစ်၏။ ဗိုလ်ချုပ်တွေလည်း တီဗီမကြည့်ရတာ ကြာပြီဖြစ်သဖြင့် ကြည့်ကောင်းကောင်း နှင့် အနောင်ဆာ အမျိုးသမီးကို ထိုင်ကြည့်နေသည်။
"အဲ့ CNN အနောင်ဆာ အမျိုးသမီးကို သိကြလား?"
ကြောင်စီစီနှင့် ခေါင်းရမ်းပြကြ၏။ သိမှ မသိတာ။ တံခါးပိတ်ဝါဒ ကျင့်သုံးနေတာ ကြာပြီလေ။ ပြီးတော့ စီးပွားရေး ပိတ်ဆို့ထားတာလည်း ကြာပြီ။ တီဗီတစ်လုံး နည်းတာ မှတ်လို့။ ရှိတဲ့ တီဗီအစုတ်တွေတောင် ဒါမျိုး ရုပ်သံလိုင်း ဖမ်းမရဘူး။
"အေးအဲ့အမျိုးသမီးက ကျုပ်တို့ ပြုံးယမ်းကနေ ခေါင်းဆောင်ကြီးကိုယ်တိုင် စေလွှတ်ထားတဲ့ စပိုင်ပဲ"
"ဟင်. . ."
"ဟာ. . "
"အလို. . ."
အာမေဍိတ်အသံများ အလျှိုလျှို ထွက်ပေါ်လာ၏။ စစ်ဗိုလ်ချုပ်တွေက ဘာမှမှ မသိတာ။ ဘာမှမသိတဲ့ စစ်ဗိုလ်ချုပ်တွေကို သတင်းဖွင့်ပြပြီး သတင်းထဲက အမျိုးသမီးက ပြုံးယမ်းကနေ စေလွှတ်ထားတဲ့ သူတို့စပိုင်ဆိုတော့ အံ့သြကုန်တာပေါ့။
"ကဲ ကျုပ်တို့ ခေါင်းဆောင်ကြီးက ဘာလို့ စစ်တိုက်ချင်လဲ သိပြီလား? "
ခေါင်းရမ်းပြကြ၏။ မသိဘူးလေ။ နိုင်ငံခြား သတင်းဌာန မှာ စပိုင်သွင်းထားရုံနဲ့ စစ်အောင်နိုင်ဖို့ သေချာပြီဆိုတာ ဘယ်လို ယုံရပါ့မလဲ။ အခုက ဒုံးပျံတွေ ရှိပေမယ့် ပစ်လိုက်ရင် ဘယ်ကျမယ်ဆိုတာ မသိရတဲ့ နည်းပညာ အခက်အခဲကြုံတွေ့နေရတာကိုး။
"ယန်ကီးသင်္ဘောတွေ ရှေ့တက်တာနဲ့ ယန်ကီးနိုင်ငံကို ဒုံးပျံတွေ စပစ်ဖို့ ခေါင်းဆောင်ကြီးက လျှို့ဝှက် အမိန့်ပေးထားတယ်"
"ဟင် . . . ဂြိုလ်တုလည်း မရှိဘဲနဲ့ ယန်ကီးနိုင်ငံကို ကျုပ်က ဘယ်လိုချိန်ရမှာတုန်း?"
ယွန်ဒေါင်ဒုံးပျံတပ်မဟာမှူးက မျက်ကလူးဆန်ပြာ မေးခွန်းထုတ်၏။ ဤသည်ကို နိုင်ငံရေးမှူးက
"ဟားဟားဟား ယန်ကီးတွေရဲ့ နိုင်ငံက အကျယ်ကြီးပဲလေ ဘယ်နေရာကျကျ ယန်ကီးတွေသေမှာပဲ"
"ယန်ကီးတွေရဲ့ ပင်တဂွန်ဌာနချုပ်ကို ထိမှ စစ်နိုင်မှာ မဟုတ်လားဗျ?"
ဗိုလ်ချုပ်တစ်ဦးက မေးခွန်းထထုတ်၏။ မထုတ်လို့လည်း မရဘူးလေ။ အခုလိုကြီး ရမ်းပစ်နေလို့ သူတို့ ဌာနချုပ်ကို မထိရင် ယန်ကီးသင်္ဘောတွေက နောက်ဆုတ်မှာ မဟုတ်ဘူး။ အာ့ကျ ဂွမ်းကုန်မှာ။ တကယ်တိုက်ရမှာက ရှေ့တန်း ဗိုလ်ချုပ်တွေကိုး။ သူတို့က နောက်တန်းမှာနေကြမှာ။
"ခင်ဗျားတို့ စိန်ပြောင်းပစ်တတ်တယ် မဟုတ်လား?"
"အို. . . .အလွယ်လေး ကျုပ်တပ်နီတော်ဝင်ခါစ အသက်၁၀နှစ် ကတည်းက ပစ်တတ်တာ"
"အေးလေ စိန်ပြောင်းပစ်ရင်လည်း ဒီလိုပဲ ပထမ ၂လုံး ၃လုံး ရမ်းပစ်ပြီး ပစ်မှတ် မှတ်ပုံတင်ရတာမလား?"
"အာ. . .ဘယ်တူမလဲ. .စိန်ပြောင်းဗုံးသီးက ပစ်မှတ်ပေါ် ကျမကျ မြင်ရသေးတယ် ၊ ကျော်သွားရင် ဒီဂရီ တစ်စိတ်တိုး၊ လိုသွားရင် ဒီဂရီတစ်စိတ်လျှော့ ပစ်ရတာလေ၊ ခုဟာက အဝေးကြီး ဘယ်ကျမှာ မှန်းလဲ မသိရဘူး"
စစ်သင်တန်းကို သာမန်ကာလျှံကာမျှသာ တက်ရောက်ဖူးသော နိုင်ငံရေးမှူးက စစ်ဗိုလ်ချုပ်တွေကို စိန်ပြောင်း ပစ်သလို အမေရိကန်ကို ဒုံးပျံပစ်ဖို့ ပြောနေသဖြင့် ပြန်ရှင်းပြ နေရ၏။
"အဲ့အတွက်တော့ မပူကြပါနဲ့"
"ပူရမှာပေါ့ဗျ ဂြိုလ်တုမရှိဘဲ ဒုံးပျံ ဘယ်ကျသွားလဲ သိမှ မသိရတာ"
"ဟောဗျာ ကျုပ်တို့မှာ စပိုင်ရှိတာ မေ့နေကြပြီလား?"
"စောနက တီဗီထဲက CNN အနောင်ဆာ အမျိုးသမီးလား?"
"အေးလေ"
စစ်ဗိုလ်ချုပ်များ စိတ်ဝင်စားသွား၏။ သူတို့ ပစ်တဲ့ ဒုံးပျံကို အမေရိကန်ရဲ့ ဘယ်နေရာ ကျမယ်ဆိုတာ CNN သတင်းကြေညာသူ အမျိုးသမီးထံက သိရမယ်ဆိုတော့
"သူက ဘယ်လို အကဲကြည့်ပေးမှာလဲ?"
"အေ့လေ ယန်ကီးဌာနချုပ်ကို ဒုံးပျံက ကျော်ကျသွားလား? မရောက်တာလား? အတိအကျ သတင်းပို့ပေးမှ ဖြစ်မှာ"
စသဖြင့် မေးခွန်းထုတ်ကြ၏။ နိုင်ငံရေးမှူးက တစ်ချက် ပြုံးလိုက်ပြီး အေးဆေးတည်ငြိမ်သော လေသံဖြင့် အဖြေပြန်ပေး၏။
"ခင်ဗျားတို့ ဒုံးစခန်းတွေကို ကျုပ်တီဗီတစ်လုံးစီ ပေးလိုက်မယ်၊ ဒုံးပျံ တစ်ခါပစ်ပြီးတိုင်း CNN သတင်း ထိုင်ကြည့်နေ ဟုတ်ပြီလား၊ ဒုံးပျံ ဘယ်နားကျတယ် ဘယ်နှယောက် သေတယ် ဆိုတာကအစ ကျုပ်တို့ စပိုင်က CNN ကနေ ပြောပြလိမ့်မယ်"
"တကယ်ကြီးလား?"
"ဟုတ်မှပြောနော်"
အပိုင်ကြီးပြောနေတော့ စစ်ဗိုလ်ချုပ်တွေက မယုံသင်္ကာနဲ့ပြန်မေးကြခြင်း ဖြစ်၏။ နိုင်ငံရေးမှူးကလည်း ပြန်ဖြေ၏။
"ဟုတ်ပါတယ်ဆိုနေ . . ."
အဖြေစကားအဆုံး စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဂယောင်က ဝမ်းသာအားရနှင့် ဤသို့ဆို၏။
"အာ့ဆို ဒုံးပျံ ကျတဲ့နေရာကြည့်ပြီး ယန်ကီးတွေရဲ့ ပင်တဂွန်ဌာနချုပ်ကို မထိမချင်း ဒီကနေ တစ်လုံးပြီး တစ်လုံး ဒီဂရီလိုတိုးပိုလျှော့ ချိန်ညှိပြီး ပစ်ရုံပဲပေါ့"
သူ့ရဲ့ ဝမ်းသာလုံးဆို့နေသော စကားကို နိုင်ငံရေးမှူးက အသာအယာ ခေါင်းပြန် ညိမ့်ပြလျက်
"အေးဆို . ."
လို့ ထောက်ခံလိုက်တော့ စစ်ဗိုလ်ချုပ်များ မျက်နှာတွေ ဝင်းလက်လာပြီး
"ဟုတ်ပြီ တိုက်မယ်ဗျာ ဟားဟား"
"ပင်တဂွန်ကို ပြာချပစ်မယ်ကွ . . . ခွီးးး ခွိးးး"
"အဖမြေတစ်လက်မမှ မရစေဘူး ယွန်ဒေါင်ဒုံးပျံတွေပဲ ရမယ်ကွ ငလူးမ ယန်ကီးတွေ ဖာ့ခ်ယူး !"
ဤသို့ဖြင့် ပြုံးယမ်းမှ ရောက်ရှိလာသည့် နိုင်ငံရေးမှူး ချွဲဆို့သေ ပြောပြသော စပိုင်ကောင်းမှု အကြောင်းပြုကာ အမေရိကန်ကို ဒုံးပျံလှမ်းထုမယ့် မြောက်ကိုရီးယား စစ်ဗိုလ်ချုပ်များ ထိပ်သီးစစ်ရေးစီမံချက် အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးသွားလေတော့သတည်း။
#ဗိုလ်လ (လဝင်းထွန်း)
