European Commission (EU) က Facebook ဟာ ၂၀၁၄ ခုနှစ်မှာ WhatsApp ကို ၀ယ်ယူစဉ်က မမှန်ကန်တဲ့ သတင်းအချက်အလက်များ သို့မဟုတ် သတင်း အချက်အလက် လိမ်လည်ခြင်းကြောင့် ကုမ္ပဏီကို ဒေါ်လာ ၁၂၂ သန်း ဒဏ်ငွေ ရိုက်လိုက်ပါတယ်။
ဥရောပ ကော်မရှင်က Facebook ဟာ WhatsApp ကို ၀ယ်ယူစဉ်မှာ Facebook နဲ့ WhatsApp တို့မှ တူညီတဲ့ Users များကို Link လုပ်၍ User Data များ မျှဝေခြင်း မပြုလုပ်ဘူးလို့ ပြောခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒါပေမယ့် WhatsApp ဟာ ဖုန်းနံပါတ်များ အပါအ၀င် User Data အချို့ကို Facebook နဲ့ မျှဝေမယ်လို့ ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ Facebook နဲ့ WhatsApp တို့ကို အသုံးပြုသူများရဲ့ Identities များကို နည်းပညာဖြင့် အလိုအလျှောက် တိုက်ဆိုင်စစ်ဆေးမှုဟာ ၂၀၁၄ ခုနှစ်ကတည်းက ရှိနေခဲ့တယ်လို့ ကော်မရှင်က ပြောပါတယ်။
ကော်မရှင်ရဲ့ ယခု ဆုံးဖြတ်ချက်ဟာ WhatsApp ကို ၀ယ်ယူမှု အပေါ်ကို ထိခိုက်မှာ မဟုတ်သလို ဒေတာ ကာကွယ်ရေး စစ်ဆေးမှုများနဲ့လည်း မသက်ဆိုင်ပါဘူး။ ဒီနေ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ သတင်းအချက်အလက်များကို ပေးအပ်ဖို့ ကုမ္ပဏီများအား ရည်ညွှန်းလိုက်တာ ဖြစ်တယ်လို့ ကော်မရှင်မှ Margrethe Vestager က ပြောပါတယ်။
Facebook ဟာ နိုင်ငံအချို့ရဲ့ စားသုံးသူ ဒေတာ ကာကွယ်ရေး ဥပဒေများနဲ့လည်း ငြိစွန်းနေပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ အီတလီ အာဏာပိုင်များက Facebook သို့ ဒေတာများ မျှဝေခြင်းကြောင့် WhatsApp အား ယူရို ၃ သန်း ဒဏ်ငွေ ရိုက်ခဲ့ပြီး ပြင်သစ်ကလည်း သူ့နိုင်ငံရဲ့ Data Protection Act ကို ချိုးဖောက်ခြင်းကြောင့် Facebook အား ယူရို ၁၅၀ ၀၀၀ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဂျာမနီကလည်း WhatsApp အသုံးပြုသူများရဲ့ ဒေတာများကို မကောက်ယူဖို့ Facebook အား ယခင်နှစ် စက်တင်ဘာလမှာ တားမြစ်ခဲ့ပါတယ်။