အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ မဘသ ဆိုင်းဘုတ်တွေ၊ အလံတွေ ဖြုတ်ချခိုင်းတာနဲ့ မဘသ အမည်နဲ့ လှုပ်ရှားမှုတွေမလုပ်ဖို့ လက်မှတ်ထိုးခဲ့တာသာ ဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးသောပါက က မိန့်ကြားပါတယ်။
မဘသအဖွဲ့ နဲ့ပတ်သက်ပြီး မေ ၂၃ ရက်က ကျင်းပတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် ၄၇ ပါး ပဉ္စမအထူးအစည်းဝေးမှာ မဘသအဖွဲ့အနေနဲ့ လိုက်နာရမယ့် အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပြီး မဘသ ဦးဆောင်ဆရာတော်တွေက ဝန်ခံကတိ ရေးထိုးခဲ့ကြပါတယ်။
ဒါ့အပြင် ဆုံးဖြတ်ချက်တွေကို မလိုက်နာခဲ့ပါက ရဟန်းဖြစ်ရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူသွားမှာ ဖြစ်သလို လူပုဂ္ဂိုလ်ဖြစ်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်။ ပြည်ထဲရေးဌာနကလည်း အမြန်ဆုံး အရေးယူဆောင်ရွက်ရမယ်လို့ လိုက်နာရမယ့် စည်းကမ်းချက်တွေထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။
မဘသဆရာတော် တွေအနေနဲ့ နိုင်ငံတော်သံဃမဟာနာယက ဦးဆောင်ဆရာတော် တွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မဘသအဖွဲ့ ကို ဖျက်သိမ်းပေးဖို့အတွက် မဟနဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မပါဝင်တာကြောင့် မဘသအဖွဲ့ ကို ဖျက်သိမ်းသွားမှာမဟုတ်ဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ရှိနေမှာဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဦးသောပါက က မိန့်ကြားပါတယ်။
ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာကို မဘသ ဦးဆောင်ဆရာတော် တွေနဲ့ တိုင်ပင်ပြီး ထုတ်ပြန်သွားမယ်လို့လည်း မဘသ ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကတော့ လာမယ့် ၂၇ ရက်နေ့ ကျင်းပမယ့် မဘသအဖွဲ့ရဲ့ နှစ်ပတ်လည်ပွဲကိုလည်း ဖျက်သိမ်းဖို့ပါ ဆုံးဖြတ်ကြေညာထားတာပါ။
မဘသအဖွဲ့ အနေနဲ့ လိုက်နာပြီး နှစ်ပတ်လည်ပွဲကို မကျင်းပဘူးလို့ ဝန်ခံကတိပေးခဲ့ပေမယ့် ၂၇ ရက်နေ့မှာ မဟနဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ရှင်းလင်းပွဲ ကျင်းပသွားဖို့ရှိနေပြီး ဒီပွဲကို တက်ရောက်ဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ မဘသအဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။
Credit : DVB
Post a Comment