စွယ်စုံရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်း၏ နောက်ထပ် ပါရမီတစ်ခုကို ထုတ်ပြလိုက်သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ပူတင်က ၎င်း၏ စန္ဒရား အတတ်ကို လက်စွမ်းပြသွားကြောင်း သိရသည်။

ပူတင်သည် ဘေဂျင်းရှိ တရုတ်အစိုးရ နိုင်ငံတော် ဧည့်ရိပ်သာသို့ ရောက်ရှိနေစဉ် မေ ၁၄ ရက်က တောက်ပြောင် လှပသည့် အနက်ရောင် စန္ဒရားကြီး တစ်လုံးကို သတိပြုမိသွားသည်။ ထိုအချိန်က ပူတင်သည် တရုတ်သမ္မတ စီကျင်းပင် ရောက်ရှိလာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။
စန္ဒရားကြီး၏ လှပခန့်ညားမှုက ပူတင်ကို ပြင်းပြင်းပြပြ ဆွဲဆောင်ခဲ့ဟန်ရှိပြီး ၎င်းက စန္ဒရားထိုင်ခုံတွင် အခန့်သား ဝင်ထိုင်ကာ ရုရှား သီချင်းနှစ်ပုဒ်ဖြစ်သော မော်စကို ပြတင်းပေါက်များနှင့် နီဗာမြစ်ကမ်းပါးက လွတ်လပ်မြို့တို့ကို လက်စွမ်းပြ တီးခတ်သွားခဲ့ကြောင်း ရုရှား သတင်းဌာန Sputnikက ဖော်ပြခဲ့သည်။
သို့သော် လူမှုကွန်ရက် မီဒီယာတွင် ထွက်ပေါ်လာသော ဗီဒီယိုများ၌မူ ပူတင်သည် စန္ဒရားသို့ ရောက်သွားချိန်၌ မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ် မြို့များတွင် သီးခြားစီ အသုံးပြုသော တရားဝင် မဟုတ်သည့် နိုင်ငံတော် သီချင်းများကို ဦးစွာ တီးခတ်နေခဲ့သည်ကို တွေ့ရသည်။
ပူတင်သည် တရုတ်၏ Belt and Road စီးပွားရေးဖိုရမ်ကို တက်ရောက်ရန်အတွက် ဘေဂျင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အဆိုပါ ဖိုရမ်သည် တရုတ်က ဦးဆောင် အကောင်အထည် ဖော်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt, One Road) ကုန်သွယ်ရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်ရန် အဓိက ရည်ရွယ်သည်။ ယင်းလမ်းကြောင်းသည် ရှေးခေတ် ပိုးလမ်းမကြီးကို အခြေတည် ဖောက်လုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ပူတင်သည် ထိပ်တန်း ကိုယ်ခံပညာရှင်တစ်ဦး၊ ကျွမ်းကျင်အဆင့် လေယာဉ်မှူးတစ်ဦး၊ စွန့်စားမှုကို ဝါသနာထုံသူ တစ်ဦး၊ ကြောင်ချစ်တတ်သူတစ်ဦး အစရှိသည့် ပုံရိပ်များဖြင့်လည်း လူသိများသည်။
Ref: CNN
 
Top