အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာ မဟာကုသိုလ်စိတ် ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊ မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေကတော့.......

(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊

(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊

(၃)သေသောအခါနတ်ပြည်စသည့်
ကောင်းသောသုဂတိ ဘ၀သို့ ရောက် ရခြင်း၊

(၄) နောင်- မြတ်စွာဘုရားရှင်နှင့် တွေ့ရသောအခါ သစ္စာလေးပါးကို
သိလွယ်ခြင်း၊

(၅) မြတ်သောအမျိုး၌ဖြစ်ရခြင်း၊

(၆) အရိုအသေအလေးအမြတ်ပြုခံရခြင်း၊

(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း၊

(၈) အဆင်းလှခြင်း၊

(၉) ကိုယ်အနံ့မွေးပျံ့ခြင်း၊

(၁၀) ခံတွင်းအနံ့မွှေးပျံ့ခြင်း၊

(၁၁) ကြီးကျယ်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၂) နက်နဲသောပညာ နှင့်ပြည့်စုံခြင်း၊

(၁၃) ထက်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၄) ရွှင်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၅) လျင်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၆) ဆန်းကြယ်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၇)ကောင်းသောစကားကိုပြောဆိုနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ဘုရားရှိခိုးတဲ့မဟာကုသိုလ်စိတ်ကြောင့် အကျိုးပေးပုံကိုသာဓက တင်ပြရရင် - ရာဇဂြိုလ် ပြည်ရှိ ကာလီအမျိုးသမီးလေးဟာ ဘုရားရှင်ပွင့်တော်မူကြောင်း တဆင့်စကားကြားရရုံနဲ့ ဘုရားရဲ့ဂုဏ်တော်ကို မှန်းဆ၍ကြည်ညိုသောစိတ်ဖြင့် ရှိခိုးရာမှာ တရား အမြင်ပေါက်ပြီး သောတပန်ဖြစ်ခဲ့ဖူးပါတယ်။
(သုတ္တနိဋ္ဌ၊သ၊ ၂၀၅)

ထိုနည်းတူရာဇဂြိုလ်ပြည်ရှိ စဏ္ဍာလီအမျိုးသမီးကြီး ဟာ သေခါနီးကာလတွင် ဘုရားရှင်အား တစ်ကြိမ် တစ်ခါရှိခိုးရုံမျှဖြင့် သူကျရောက်မဲ့ဆဲဆဲ အပါယ်ငရဲကလွတ်မြောက်သွားခဲ့ပါတယ်။
(၀ိမာန၊ ပါ၊ ၂၅)

ဓမ္မမိတ်ဆွေအပေါင်းဗဟုသုတပြည့်ဝနိုင်ကြပါစေ၊
မျိုးမြင့်(အောင်လံ)

ဓမ္မ၀ီရဂျာနယ် တွဲ(၃၁) အမှတ်(၁)
 
Top