ကဆုန်လမှာမှ ဘာ့ကြောင့် ညောင်ရေသွန်းကြပါသလဲ - တခြားလတွေမှာလဲ ညောင်ရေသွန်းလို့ရတာပဲလေတဲ့၊ မေးလဲ မေးတတ်ပါ့၊ လောင်းချင်လို့ လောင်းတာပေါ့ဟလို့ ဖြေလိုက်ရင်လည်း မကောင်းတတ်သေး၍ ဆွေသဟာရဲ့ အမေးကို အဖြေညှိဖို့အတွက် ကွန်ပျူတာကို အသာပြန်ဖွင့် အင်တာနက်လိုင်းမှာ အဖြေရှာရပေဦးမပေါ့၊ ဟော တွေ့ပါပြီ ဆွေသဟာရဲ့ အမေးကို အဖြေရှာပေးလိုက်တာမို့ ဆွေသဟာရေ သေသေချာချာတာ ဖတ်တော့ဗျို့၊

မြန်မာပြက္ခဒိန်မှ ဆယ့်နှစ်လရာသီကို  ရတု (၆) ပါးခွဲခြားရာ၌ တန်ခူးလနှင့် ကဆုန်လတို့ကို ဝသန္တရတုဟူ၍ လည်းကောင်း၊ ဥတုသုံးပါး ခွဲခြားရာ၌ တပေါင်းလဆုတ် ၁ ရက်မှ ကဆုန်လပြည့်နေ့အထိကို ဂိမှာန်ဟူ၍လည်းကောင်း ခွဲခြားထားလေရာ ယနေ့ ကဆုန်လပြည့်နေ့သည် ဝသန္တကာလပင် ဖြစ်သည်။
ကုန်းဘောင်ခေတ် နှောင်းပိုင်း စာဆိုတော် ဦးကျော့သည် ကဆုန်လဘွဲ့ကို ရေးသားရာ၌ ''ဟေမာန်နွေလှန်လို့ တုံ့ပြန်တော့၊ ဘွေသဟန် ဝေယံအုံ့ဆီက လေပြန်လှုံ့ဆော်ခဲ့ပြီ အစချီ၍ တော်ကဆုန်ညောင်ရေ သွန်းချိန်မို့၊ ဖော်မစုံအောင်မြေ ကွန်းဆီသို့ လွမ်းလိုက်လှသေး''ဟူ၍ ဖွဲ့ဆိုခဲ့သည်။ တော်ကဆုန်ဟူ၍ ဖွဲ့ဆိုခြင်းမှာ  တော်ဝင်သော ဤကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာ ဘုရား အလောင်းတော် သုမေဓာရှင် ရသေ့အား သင်သည်ဘုရား ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာ ဘုရားက ဗျာဒိတ်ပေးတော် မူသောနေ့ဖြစ်ခြင်း၊ ဂေါတမမြတ်စွာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့မှာ မယ်တော်မာယာက ဖွားမြင်ခြင်း၊ ဂေါတမမြတ်စွာ ဘုရားသည် ကဆုန်လပြည့်နေ့မှာပင် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူခြင်း၊ ဂေါတမမြတ်စွာ ဘုရားသည် ကုသိနာရုံမှ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ကဆုန်လပြည့် နေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း စသည်တို့ကြောင့် ''ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း''ဟူသော စကားနှင့်အညီ နေ့ထူးနေ့မြတ်၊ လထူးလမြတ်ဖြစ်သဖြင့် လမြတ်ကဆုန် - တော်ကဆုန်ဟု ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။
ကဆုန်လသည် နွေရာသီပူပြင်းသော ကာလဖြစ်သဖြင့် တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုသည့်အတိုင်း မြစ်၊ ချောင်း၊ အင်းအိုင်တို့အတွင်း ရေများခန်းခြောက်လေ့ရှိသလို “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ်သော ကာလဖြစ်သည်။ နေပူရှိန်ပြင်း၍ ရေပြတ်လပ်သောကြောင့် အချို့သစ်ပင်၊ ပန်းပင်များ ညှိုးနွမ်းခြောက်သွေ့ ကြရပြီး အချို့မှာ ပြန်လည်မရှင်သန် မလန်းဆန်းနိုင်ကြတော့ပေ။ ဗောဓိပင်သည်လဲ ရေရှား ပြတ်လပ် ညိုးလျော်သောကြောင့် လန်းဆန်း စိုပြည်ရလေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ပရိဘောဂစေတီထိုက်သည့် ဗောဓိညောင်ပင်ကို ဤကဆုန်လပြည့်နေ့တွင် ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပြီး နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ရေသွန်းလောင်းသည့် အစဉ်လာ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာခဲ့ပေသည်၊
မြန်မာမှုနယ်ပယ်တွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂ စေတီ ဟူသော စေတီလေးပါးရှိရာ ဗောဓိပင်ကို ရေစင် သွန်းလောင်းခြင်းသည် ပရိဘောဂစေတီကို ပူဇော်သည့် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာဖြစ်သည်။ ဗုဒ္ဓသာသနာတော် ထွန်းကားသော အခြားနိုင်ငံများတွင် ကဆုန် ညောင်ရေသွန်းသည့် အစဉ်အလာမရှိကြသော်လည်း ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးထားပေသည်။ သို့ဖြစ်၍ ဖွားမြင် ပွင့် စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လဟူသော ကဗျာလင်္ကာနှင့်အညီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်အခါသမယမှာ မကောင်းမှုမှန်သမျှ ခ၀ါချလို့ သွန်းမြဲညောင်ရေ ကောင်းမှုအထွေထွေ ပြုနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည် သတ္တ၀ါဝေနေယျ ဆွေသဟာမေးသမျှ ဤမျှသာ ဖြေသဟ အခြေနေအရ အနိစ္စ အနိစ္စ အနိစ္စ
မူကြိုကျောင်းသား
 
Top