0







လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ကားဖြင့်ဝင်တိုက်သဖြင့် (၃)ဦး သေ၊ ၈ ဦး ဒဏ်ရာရမှု မန္တလေးတွင်ဖြစ်ပွား
------ ------ ------ ------ -----
မန္တလေးတွင် မြို့နယ်လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများကို ရပ်တန့်စစ်ဆေးနေစဉ် ကားတိုက်ခံရပြီး (၃) ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရရှိမှု မေ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေး ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းမှ ကိုဇော်လင်းအောင်၊ ကိုမင်းခန့်၊ ကိုရဲချစ်ဇော်၊ ကိုအောင်နိုင်သိမ့်၊ ရဲတပ်သားသစ် ဟန်ဝင်းအောင်တို့သည် မေ ၂၃ ရက် ၀၁၀၀ အချိန်ခန့်တွင် ဆိုင်ကယ် ၅ စီးဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် (၆၂) လမ်း၊ ဒေလီယာလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် အပေါ်ပိုင်းကိုယ်ဗလာဖြင့် အမျိုးသားသုံးဦး CZI (နံပါတ်မပါ) ဆိုင်ကယ်စီးနင်းမောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးစဉ် အရှိန်ဖြင့်မောင်းနှင်လာသည့် Honda Fit (YGN-9F/8360) အဖြူရောင်ယာဉ်တစင်းက အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အတိုက်ခံရသဖြင့် ရဲတပ်သားသစ် ဟန်ဝင်းအောင်(၁၉)နှစ် သည် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ရဲအုပ် ဇော်မင်းထိုက်၊ ရဲတပ်ကြပ် ကျော်မြင့်ထွန်း၊ ရဲတပ်ကြပ် ရဲလင်းအောင်၊ ကိုဇော်လင်းအောင်၊ ချစ်ရဲဇော်၊ အောင်နိုင်သိမ့်၊ မင်းခန့်၊ ဇင်ကို၊ မောင်မောင်လေး၊ နိုင်ထွန်းတို့ (၁၀) ဦးအား ဒဏ်ရာအသီးသီးဖြင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်စဉ် ကိုဇော်လင်းအောင် (၃၆)နှစ်၊ နိုင်ထွန်း(၂၄)နှစ်(မသင်္ကာစစ်ဆေးခံရသူ) တို့ (၂) ဦးသည် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
Honda Fit ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ချမ်းမြသာစည်မြို့နယ်နေ ဇေယျာထွန်း(၃၈)နှစ်အား နေရာတွင်ပင် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ယာဉ်(ပ)၁၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စိုင်းထူးခန့်

Post a Comment

 
Top