လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် ကန္တာရဝတီလမ်းနေ လက်ထောက်ဆရာဝန်တစ်ဦး မေ ၂၁ ရက် ည ၈ နာရီခန့်တွင် သူမ၏နေအိမ်အခန်း၌ ကြိုးဆွဲချ သေဆုံးနေသည်ကို မိခင်ဖြစ်သူက စတင်တွေ့ရှိကြောင်း သတင်းရရှိသည်။
အသက် ၃၀ ခန့်ရှိ ဒေါက်တာကေခိုင်ဝင်းမှာ မိခင်ဖြစ်သူအား သူမအား အပြစ်မမြင်ရန်၊ အမေ့ကို ကန်တော့ခဲ့ကြောင်း၊ အမေတစ်ယောက်တည်း နေနိုင်ရန် ကြိုးစားရန်နှင့် ဘဏ်နံပါတ်များ ရေးသားထားသော စာတစ်စောင်အား ထားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ လွိုင်ကော်မြို့မရဲစခန်း ရဲစခန်းမှူးနှင့် တာဝန်ရှိသူများ လာရောက်၍ စစ်ချက်များရယူပြီး ဓမ္မတာအတိုင်း သေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိသည်။
“ည ၈ နာရီ လောက်မှာ ဆရာဝန်မလေး အမေက လာခေါ်တယ်။ သူ့သမီး ကြိုးဆွဲချနေတယ်ပေါ့။ သွားကြည့်တော့ နက်ပြာရောင် ပဝါလေးရယ်၊ ကြိုးရယ်ကို တန်းမှာ ချည်ပြီးနေတာ။ သူ့ကိုယ်ကို စမ်းကြည့်တော့ ပူနေသေးလို့ ကြိုးကို ဖြတ်ချလိုက်တာ။ အသက်မမီတော့ပါဘူး။ တွေ့ရတာတော့ တံခါးပေါင်ပေါ် သံချောင်း တစ်ချောင်း ရှိတယ်။ အဲဒီသံချောင်းမှာ ကြိုးကိုဆွဲပြီး သေနေတာ။ မျက်မှန်လေးတောင် မကျွတ်သေးဘူး။ စိတ်လည်း မကောင်းဘူး” ဟု မျက်မြင်သက်သေ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မသေဆုံးမီတွင် သူမ သုံးစွဲနေသော Facebook အကောင့်အား ဖျက်ခဲ့ကြောင်း သူမ၏ သူငယ်ချင်းများထံမှ သိရသည်။

Post a Comment