နည်းပညာလောကမှာ ဖန်တီးမှုအသစ်အသစ်တွေက အချိန်နဲ့အမျှပေါ်ထွက်လာနေပါတယ်။ တချို့သော လူနေထိုင်မှုဘဝကို မြှင့်တင်ပေးခဲ့တဲ့ နည်းပညာတွေ ၊ နည်းပညာနဲ့ဖန်တီးထုတ်လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတချို့က နောင် ၈ နှစ်အကြာ ၂၀၂၅ လောက်ကျရင် ပျောက်ကွယ်သွားလိမ့်မယ်လို့ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ၁၉၉၀ ခုနစ်ကရှိခဲ့တဲ့အရာတွေ ခုချိန်မှာအတော်များများပျောက်ကွယ်သွားသလိုမျိုးပေါ့။ ကဲ…ဒီတော့ ၂၀၂၅ ခုနစ်မှာ ဘာတွေကွယ်ပျောက်သွားမလဲဆိုရင်…


၁) LCD TVs

Liquid Crystal Display (LCD) TVတွေဟာ သူတို့ရဲ့ပေါ့ပါးပါးလွှာတဲ့အသွင်အပြင် စွမ်းအင်ချွေတာနိုင်မှုစတဲ့ ဂုဏ်ပုဒ်တွေနဲ့လူတွေကြားထဲရောက်နေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပါပြီ။ အခုဆိုရင်တော့ LG လိုမျိုးကုမ္ပဏီကြီးတွေက LCD ကိုအဆင့်မြှင့်တင်ပြီး Organic Light Emitting Diode(OLED) TV တွေအဖြစ်နဲ့ မွေးထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြပါပြီ။ OLED TV တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်ပြီး Backlight မလိုပါဘူး။ စွမ်းအင်ကိုပိုမိုချွေတာနိုင်မှာဖြစ်ပြီး အရုပ်ရဲ့အရည်အသွေးကို LCD TV တွေထက်ပိုကောင်းအောင်စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အသွင်အပြင်က စက္ကူလောက်ပါးလွှာပြီး ကြည်လင်ပြတ်သားမှုအရှိဆုံး နဲ့ လိပ်လို့ရတဲ့အနေအထားထိ ရှိလာမယ်လို့ဆိုပါတယ်။ CES 2017 မှာလည်း LG ကသူတို့ရဲ့ W- Series (W = Wallpaper) တွေကိုမိတ်ဆက်သွားရာမှာ အထူလက်မအနည်းငယ်သာရှိပြီး နံရံမှာသံလိုက်နဲ့ကပ်ထားလို့ရတဲ့အထိ ပေါ့ပါးတဲ့တီဗီတွေကို ဒီနှစ်ကုန်ပိုင်းမှာ ဈေးကွက်အတွင်ဖြန့်မယ်လို့ ပြောသွားခဲ့ပါသေးတယ်။

၂) LED မီးလုံးများ

Lighting နယ်ပယ်မှာလည်း LED မီးလုံးတွေနေရာမှာ OLED တွေအစားထိုးဝင်ရောက်လာမယ်လို့ခန့်မှန်းနိုင်ပါတယ်။ OLED တွေဟာ ရိုးရှင်းလှပမှုနဲ့ပိုမိုသာလွန်တဲ့ အလင်းရောင်ပေးစွမ်းနိုင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ Philips နဲ့ OSRAM လို Lighting ကုမ္ပဏီကြီးတွေက LED မီးလုံးတွေနေရာမှာ OLED တွေကိုအစားထိုးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ လက်ရှိမှာတော့ OLED ရဲ့အနေအထားဟာ ကနဦးအဆင့်မှာပဲရှိသေးပြီး လာမယ့်နှစ်တွေမှာတော့ ရုပ်လုံးပေါ်သထက်ပေါ်လာမယ်လို့ ခန့်မှန်းကြပါတယ်။

၃) Storage Device များ

CD ၊ DVD တွေဟာ နောက်နှစ်သိပ်မကြာခင်ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ခုချိန်မှာတော်တော်များများက USB Flash Drive တွေ ၊ External Hard Drives တွေကိုပိုအသုံးများလာကြလို့ပါပဲ။ နောက်ပိုင်း Cloud Storage Services တွေပိုမိုအဆင်ပြေလာချိန်ဆိုရင် ဒီ Storage Devices တွေဟာလည်းပျောက်ကွယ်သွားဦးမှာပါ။ အင်တာနက်မြန်ဆန်လာပြီဆိုရင် အားလုံးဟာ Cloud-based Storage Services  တွေကိုပဲ သုံးလာကြမှာ သေချာပါတယ်။

၎) ဂိမ်းစက်များ

နောင်နှစ်တွေမှာ Xbox One ၊ PlayStation 4 လိုမျိုးဂိမ်းတွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ NVIDIAလိုမျိုးကုမ္ပဏီကြီးတွေကလည်း Cloud-based Gaming အတွက် အာရုံစိုက်လုပ်ဆောင်နေကြပါပြီ။ စက်ပစ္စည်းသစ်ဝယ်စရာမလိုဘဲ ဆော့နိုင်မယ့် နောက်ဆုံးပေါ် Gaming နည်းပညာကိုလာမယ့်နှစ်အနည်းငယ်အတွင်း မိတ်ဆက်သွားမယ်လို့ခန့်မှန်းရပါတယ်။

၅) သာမန်ကားမှန်များ

ကားမှန်တွေကို နည်းပညာထုတ်ကုန်အဖြစ်တော်တော်များများက မမြင်ကြပါဘူး။ ဒါပေမဲ့ Gentex လိုကုမ္ပဏီကြီးတွေကတော့ အလိုအလျောက်မှိန်ဖျော့သွားနိုင်တဲ့ မှန်တွေကိုထုတ်လုပ်တော့မှာဖြစ်ပါတယ်။ နည်းပညာကိုအခြေခံထုတ်လုပ်ထားတဲ့ ကားမှန်မျိုးတွေကို နောင်အနာဂတ်မှာ တွေ့မြင်လာရတော့ဖို့ သေချာနေပါပြီ။ အမေရိကန်ပို့ဆောင်ဆက်သွယ်ရေးဌာနကလည်း နောက်နှစ်မေလအထိ အသစ်ထွက်ရှိလာတဲ့ကားတွေတိုင်းမှာ Back-up Camera တွေတပ်ဆင်ဖို့ စည်းကမ်းချမှတ်ထားပါတယ်။ ဒါအပြင်ယခုနှစ်တွေအတွင်းမှာ မောင်းသူမဲ့ယာဉ်မိတ်ဆက်မှုတွေလည်း များလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုယ်နေ့စဉ်စီးနင်းနေရတဲ့ကားမှာတင် ဘယ်လိုပြောင်းလဲမှုတွေရှိလာမလဲဆိုတာ ရင်ခုန်ဖို့ကောင်းနေပါတယ်။

၆) အားသွင်းကြိုးများ

Samsung အနေနဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေအတွက် ကြိုးမလိုတဲ့ အားသွင်းပစ္စည်းတွေကို မိတ်ဆက်ထားတာတွေ့ရမှာပါ။ ပလပ်ပေါက်မလို ၊ ကြိုးမလိုဘဲ အားသွင်းနိုင်တဲ့အနေအထားဟာ များမကြာမီမှာ ပိုပြီးကျယ်ပြန့်တွင်ကျယ်လာတော့မှာဖြစ်ပါတယ်။ Wifi Signals မှတဆင့် လျှပ်စစ်ပစ္စည်းများစွာကို အားသွင်းနိုင်တဲ့အနေအထားအထိပေါ်ထွန်းလာနိုင်ဖို့အထိရှိတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

၇) Remote Controls

ဧည့်ခန်းထဲမှာ အိမ်ခန်းထဲမှာ TV နဲ့အတူရှိနေတဲ့ Remote Controls တွေဟာ အသံအတိုးအကျယ်လုပ်ဖို့ ၊ လိုင်းတစ်လိုင်းမှ တစ်လိုင်းပြောင်းဖို့ ၊ ပါဝါအဖွင့်အပိတ်လုပ်ဖို့ သုံးနေကြရတာပါ။ ဒီနေရာမှာ အစားထိုးဖို့နည်းပညာတွေပစ္စည်းသစ်တွေရှိနေတယ်ဆိုတာ မယုံမရှိပါနဲ့။ Amazon.comရဲ့အရောင်းရဆုံးစာရင်းဝင်ခဲ့တဲ့ Amazon Echo ကသက်သေပြဖို့ရှိနေပါပြီ။ လက်နဲ့ထိတွေ့စရာမလိုတဲ့ အသံနဲ့ထိန်းချုပ်တဲ့စနစ်ကနေရာတိုင်းမှာ သုံးလို့ရနေပါပြီ။ ပီဇာမှာတာ ၊ သီချင်းနားထောင်တာ ၊ Uber စီးတာ ၊ အိမ်မှာသုံးတဲ့နည်းပညာမြင့်ကိရိယာတွေကအစ အသံနဲ့ထိန်းချုပ်ခိုင်းစေနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

၈) Passwords

ရုတ်တရက်ကြည့်ရင် Passwords က နည်းပညာနဲ့မဆိုင်သလိုပါပဲ။ ဒါပေမဲ့ လက်ရှိစမတ်ဖုန်းတွေမှာတောင် လက်ဗွေရာစနစ်နဲ့အသုံးပြုနေကြပြီမဟုတ်ပါလား။ Facebook မှာလည်း လူ့မျက်နှာကိုမှတ်သားပြီး Tag Friends လုပ်လို့ရတဲ့ Feature ရှိနေခဲ့ပါတယ်။ ဒါကြောင့်များမကြာခင်နှစ်တွေမှာ ကိုယ်အသုံးပြုတဲ့ လျှို့ဝှက်ကုတ်နဲ့ပတ်သက်ရင် နံပါတ်ရိုက်ထည့်ရတာမျိုးတွေ ပျောက်ကွယ်သွားပြီး နည်းပညာအခြေခံတဲ့ Password ပုံစံတွေသာရှိလာတော့မှာဖြစ်ပါတယ်။

၉) Media Streaming Devices

Chromecast ၊ Roku ၊ Fire TV ၊ Apple TV တို့လို အသုံးလည်းဝင်ပေါ်ပြူလာလည်းဖြစ်တဲ့ Media Streaming Devices တွေကပိုလူသုံးများလာတော့မှာပါ။ ရိုးရိုး TV ကနေ Smart TV တွေနေရာယူလာပြီး နောင်နှစ်အငယ်အတွင်းမှာပဲ ပိုပြီးကျယ်ပြန့်လာတော့မှာကတော့ အသေအချာပဲဖြစ်ပါတယ်။ IHS ရဲ့အဆိုအရ ယမန်နှစ်က တစ်ကမ္ဘာလုံးတင်ပို့ပေးရတဲ့  TV Set တွေထဲမှာ တစ်ဝက်ကျော်လောက်က Smart TV တွေဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီဈေးကွက်ဟာကိုကျယ်ပြန့်လာဖို့ရှိနေပါတယ်။

၁၀) ဖုန်စုပ်စက်တွေ

နောက်ပိုင်းမှာ လူကကိုင်ပြီးအသုံးပြုရတဲ့ ဖုန်စုပ်စက်တွေနေရာမှာ စက်ရုပ်အသေးစားလေးတွေက အစားထိုးဝင်ရောက်လာတော့မယ်လို့ဆိုပါတယ်။ i Robot ရဲ့ CEO Colin Angle က စက်ရုပ်အသုံးပြုဖုန်စုပ်စက်တွေဟာ တစ်ကမ္ဘာလုံးရဲ့ဖုန်စုပ်စက်ဈေးကွက်မှာ ၁၅ ရာခိုင်နှုန်းအထိနေရာယူထားနိုင်တယ်လို့ ၂၀၁၄ ခုနစ်က ပြောခဲ့ပါတယ်။ ဖုန်စက်စုပ်လိုမျိုးပဲ အခြားသော အိမ်မှုကိစ္စအတွက်သုံးရတဲ့ စက်ပစ္စည်းတွေနေရာမှာ  စက်ရုပ်နည်းပညာသုံးပစ္စည်းတွေကို အစားထိုးအသုံးပြုလာကြတော့မှာသေချာပါတယ်။
Ref#time.com
 
Top