ကာတွန်းကားဆိုတာနဲ့ လူတော်တော်များများက ကလေးကြိုက်တွေပါကွာ ဆိုပြီးပြောတတ်ကြတယ်။ ဒါပေမယ့် ကာတွန်းကားဖြစ်ပေမယ့် ကလေးတွေတင်မက လူကြီးတွေပါ ကြည့်သင့်တဲ့ ကာတွန်းကားမျိုးဖြစ်နေမယ်ဆိုရင်ရော။ ကာတွန်းကားဆိုပေမယ့်လည်း အဓိပ္ပါယ်နဲ့ တင်ပြပုံ လေးနက်လွန်းတာ ဒါမှမဟုတ် ကလေးတွေနဲ့ မသင့်တော်တာမျိုးတွေရှိတတ်ပါတယ်။ ဒီတော့ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ အရွယ်ရောက်ပြီးသူတွေ အကြည့်သင့်ဆုံး ကာတွန်း ရုပ်ရှင် ၁၀ ကားကို စုစည်းတင်ပြလိုက်ပါတယ်။

၁၀။ Fantastic Planet (၁၉၇၃)


Fantastic Planet ကာတွန်းရုပ်ရှင်ဟာ ပြင်သစ်လူမျိုး သိပ္ပံဆန်းကြယ် စာရေးဆရာ Stefan Wul ရဲ့ Oms en série ဝတ္ထုကို မှီငြမ်းဖန်တီးထားတဲ့ ကာတွန်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်အဖြစ် ဒါရိုက်တာ René Laloux ကဖန်တီးခဲ့ပြီးတော့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ (ယခု ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားသမ္မတနိုင်ငံတို့) ကို ဆိုဗီယက်တို့ ကျူးကျော်သိမ်းယူမှုကာလအခြေအနေတွေကို အခြေခံပြီး ဖမ်းဆီးထိန်းသိမ်းခံ လူသားတွေက ကျုးကျော်သူ ဂြိုဟ်သားတွေကို ဆန့်ကျင်တော်လှန်ဟန် စိတ်ကူးယဉ်ဆန်းကြယ်ဇာတ်လမ်းအဖြစ် ပုံဖော်ဖန်တီးထားပါတယ်။ အိပ်မက်ဆန်တဲ့ရှုခင်းတွေနဲ့ စိတ်နယ်လွန်နောက်ခံအပြင့်အဆင်တွေကြောင့် နှစ်အတန်ကြာတဲ့တိုင် အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။  ဒီဇာတ်ကားမှ တခြားအငြင်းပွားဖွယ်ရာ ရုပ်ရှင်တွေထက် ပုဂ္ဂိုလ်ရေးအမြင်တွေ ပိုပါခဲ့ပါတယ်။

၉။ Persepolis (၂၀၀၈)

persepolis
Persepolis က ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြင်သစ်-အီရန် ဖက်စပ်ဖန်တီးထားတဲ့ အတ္ထုပတ္တိ ကာတွန်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Marjane Satrapi ရဲ့ Persepolis ကာတွန်းရုပ်ပြကို ကာတွန်းရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတာဖြစ်ပါတယ်။ အဓိကဇာတ်လမ်းကတော့ အီရန်တော်လှန်ရေးကို နောက်ခံထားပြီး အမျိုးသမီးငယ်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။ တော်လှန်ရေးမတိုင်ခင်ကာလက လွတ်လွတ်လပ်လပ်တွေးခေါ်နေထိုင်ခဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် လွတ်လပ်ခွင့်တွေ ချုပ်တီးထိန်းချုပ်ခံကာ ရှင်သန်ရပ်တည်မှုအတွက် ကြိုးစားရပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ပြထားပါတယ်။ ဒီဇာတ်ကားဖန်တီးသူတွေဟာ ရုပ်ရှင်ကြည့်သူတွေ ပိုပြီး ခံစားသက်ဝင်စေဖို့ ဆေးရောင်စုံမသုံးပဲ အဖြူအမည်းသီးသန့်သာ ဖန်တီးထားတာကလည်း ထူးခြားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၇ ကိန်းရုပ်ရှင်ပွဲတော်မှာ အောင်မြင်မှုရခဲ့သလို အော်စကာဆု ဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။

၈။ Paprika (၂၀၀၆)

paprika
၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Paprika ဟာ ဂျပန် သိပ္ပံဆန်းကြယ် ကာတွန်းရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ်။ စာရေးဆရာ Yasutaka Tsutsui ရဲ့ ၁၉၉၃ ခုနှစ်က နာမည်ကျော် ဝတ္ထုကို ပြန်လည် အသက်သွင်းထားတာပါ။ ဒီဇာတ်လမ်းကို နာမည်ကျော် ဒါရိုက်တာ Satoshi Kon က သူ့ရဲ့ နောက်ဆုံးလက်ရာအဖြစ် ဖန်တီးခဲ့တာဖြစ်ပြီးတော့ ဒီဇာတ်ကားထွက်ပြီး ၃ နှစ်ကျော် အကြာ ၂၀၁၀ မှာ Kon ဆုံးပါး သွားခဲ့ပါတယ်။ ဇာတ်လမ်းသဘောကတော့ သုတေသန စိတ်ပညာရှင်တစ်ယောက်က လူနာရဲ့ အိပ်မက်ထဲကိုဝင်ရောက်ပြီး ကုသပေးနိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်အသုံးပြုပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ မိမိတို့ကိုယ်တိုင် အိပ်မက်ရဲ့ ယုတ္တိတန်မှုကို လက်ခံဖို့ လိုအပ်တယ်ဆိုတာကို ပြထားပြီးတော့ လျှို့ဝှက်သည်းဖိုဆန်ဆန် တင်ဆက်ထားတာဖြစ်ပါတယ်။

၇။ Grave of the Fireflies (၁၉၈၈)

Grave of the Fireflies
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေက ကလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် ကလေးကားလို့တော့မထင်လိုက်ပါနဲ့။ Studio Ghibli  ရဲ့ ဒီဂန္တဝင်လက်ရာဟာ အရှိန်ပြင်းပြင်းနဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့ Animated War Drama Film ဖြစ်ပါတယ်။ Studio Ghibli ဟာ အော်စကာဆုရခဲ့တဲ့ Spirited Away (2001) နဲ့ ကမ္ဘာတစ်လွှားရေပန်းစားခဲ့တဲ့ My Neighbor Totoro တို့ကို ထုတ်ခဲ့တဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ အခု Grave of the Fireflies ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့ရဲ့ မီးလောင်ဗုံး ကြဲချမှုတွေအကြားမှာ အသက်ရှင်သန်ရေးကြိုးပမ်းနေကြတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ဇာတ်လမ်းဆင် ဖန်တီးထားတာပါ။ ဒီဇာတ်လမ်းဟာ Polanski ရဲ့ The Pianist လိုမျိုး ဇာတ်ကားမျိုးလို့ ရုပ်ရှင်ဝေဖန်သူတွေက ချီးကျုးကြပါတယ်။

၆။ Tower (၂၀၁၆)

Tower
Tower က ကာတွန်းရုပ်ရှင်ဖြစ်ပေမယ့် Animated Documentary Film အမျိုးအစားဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်က တက္ကဆက်ပြည်နယ် အော်စတင်တက္ကသိုလ်မှာဖြစ်ပျက်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်းရုပ်ရှင်က ၉၂ မိနစ်ကြာပေမယ့် တကယ်ပြသချိန်မှာ ဖြတ်တောက်မှုတွေကြောင့် ၈၂ မိနစ်စာသာပြသခဲ့ပါတယ်။ Documentary တော်တော်များများမှာ Animation တွေ ထည့်လေ့ရှိပေမယ့် ဒီဇာတ်ကားလိုမျိုး မူရင်းရိုက်ကူးထားမှုတွေကို Rotoscope သရုပ်ဖော်ပုံတွေအဖြစ် ပေါင်းစပ်ထားတာမျိုး၊ Animated အင်တာဗျူးတွေ ထည့်သွင်းထာတွေမျိုးက ကြည့်ရှုရသူတွေကို အဆန်းတစ်ကြယ်ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ အကောင်းဆုံးအပိုင်းကတော့ ကြည့်ရှုသူတွေဆက်မကြည့်ရဲလောက်အောင် ကြောက်ဖို့ကောင်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပုံရိပ်တွေကို ဖန်တီးပြခဲ့တာပါပဲ။

၅။ A Scanner Darkly (၂၀၀၆)

A Scanner Darkly
A Scanner Darkly ဟာ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ လူတွေရဲ့ သရုပ်ဆောင်ချက်တွေကို Interpolated Rotoscope သရုပ်ဖော်ပုံတွေအဖြစ် ပြုပြင်ဖန်တီးရိုက်ကူးထားပြီးတော့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Keanu Reeves၊ Robert Downey, Jr. နဲ့ George Clooney တို့တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သိပံ္ပဆန်းကြယ် ကာတွန်းဇာတ်ကားဖြစ်ပေမယ့် Philip K. Dick. ရဲ့ နာမည်ကျော် ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ အနာဂတ်ကာလ ကမ္ဘာကြီးဆုတ်ယုတ်နေချိန်မှာ ကြီစိုးလာနေတဲ့ မူးယစ်ဆေးဝါးကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး နည်းပညာအသုံးပြုပြီးထောက်လှမ်းရာမှာ စစ်မှန်မှုနဲ့ လိမ်ညာလှည့်ဖျားမှုတွေ အမျိုးမျိုးအထွေထွေ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါ။ စစ်ပွဲနဲ့ မူးယစ်ဆေးဝါးကြီးစိုးတဲ့ ကမ္ဘာထဲမှာ လူတိုင်း သားကောင်ဖြစ်တယ်ဆိုတာကို ဟာသအနည်းငယ်စွက်ပြီး တင်ဆက်ထားပါတယ်။

၎။ Akira (၁၉၈၈)

Akira
တစ်ချို့ဝေဖန်သူတွေကတော့ မဆုံးနိုင်တဲ့ မဲပြာပုဆိုးကားလို့ ဆိုကြပါတယ်။ ဒါပေမယ့် Katsuhiro Ôtomo ရဲ့ အနာဂတ်လွန် အကြမ်းဖက်ဇာတ်လမ်းဟာ ခေတ်သစ် Anime တွေရဲ့ စံနှုန်းတွေကို သတ်မှတ်ပေးခဲ့သလို ဃyberpunk တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဂန္တဝင် ခေတ်လွန်သိပံ္ပဇာတ်ကားတစ်ကားဖြစ်တဲ့ Blade Runner နဲ့တောင်မှ နှိုင်းယှဉ်ခံရပါတယ်။ ဒါပေမယ့် Animation ပရိတ်သတ်တွေကတော့ Blade Runner ဟာ ရှေ့ပြေးနမိတ်သာဖြစ်ပြီး ဒီ Neo-Tokyo ဇာတ်ကားကမှ တကယ့် စိတ်လှုပ်ရှားစရာ ဂန္တဝင်ဇာတ်လမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။

၃။ The Triplets of Belleville (၂၀၀၃)

The Triplets of Belleville
၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Triplets of Belleville ဟာသ ကာတွန်းရုပ်ရှင်ဟာ ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ကနေဒါ ပူးပေါင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ ဇာတ်ဝင်တေးသီချင်းကလည်း အဲဒီနှစ်အတွက် အော်စကာဆုဆွတ်ခူးခဲ့ပါတယ်။  ဒီဇာတ်ကားဟာ Madame Souza ဆိုတဲ့ အဘွားအိုတစ်ယောက်အကြောင်းကို တင်ဆက်ထားတာဖြစ်ပြီးတော့  Belleville မြို့မှာ ပြင်သစ်မာဖီးယားဂိုက်ရဲ့ ပြန်ပေးဆွဲခြင်းခံထားရတဲ့ Tour de France စက်ဘီးပြိုင်ပွဲချန်ပီယံ မြေးဖြစ်သူကို ရှာဖွေကယ်ဆယ်ပုံ အကြောင်းဖြစ်ပါတယ်။ သူမဟာ မြေးဖြစ်သူရဲ့ သစ္စာရှိ ခွေးဝတုတ်ကြီး ဘရူနိုရယ် Triplets of Belleville ဆိုတဲ့ အဲဒီမြို့မှာတွေ့ဆုံသိကျွမ်းရတဲ့ အဆိုတော်အဖွဲ့ရယ်နဲ့ မြေးဖြစ်သူကို ပူးပေါင်းရှာဖွေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော် Wall-E ထက် ၅ နှစ်လောက်စောပြီး Dialogue-free ဖြစ်တဲ့ Silent Era Storytelling Techniques ကို ချပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

၂။ Waking Life (၂၀၀၁)

walking life
Waking Life အမေရိကန် Adult Animated Docufiction ရုပ်ရှင်ဖြစ်ပါတယ်။ Fox Searchlight Pictures ကုမ္ပဏီရဲ့ ပထမဆုံးသော ကာတွန်းရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အပါအဝင် သဘာဝရဲ့ စစ်မှန်မှု၊ အိပ်မက်၊ သတိ ဆင်ချင်တုံတရား၊ ဘဝရဲ့ အဓိပ္ပါယ်၊ လွတ်လပ်စွာတွေးခေါ်မှု နဲ့ ဖြစ်တည်မှုပဓာနဝါဒတွေကို ဒဿနိကဗေဒ အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ချပြထားပါတယ်။ Waking Life ဟာ အစစ်အမှန်ဘဝလိုမျိုး အိပ်မက်တွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော် လှည့်လည်သွားလာနိုင်တဲ့ လူငယ်တစ်ဦးကို ဗဟိုပြု ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ သူတွေ့ဆုံခဲ့တဲ့ သူတွေနဲ့ ဒဿနိကဗေဒဆိုင်ရာ အမြင်တွေအကြောင်း ဆွေးနွေးမှုတွေကို Rotoscope ပုံစံ ရိုက်ကူးတင်ဆက်ထားပါတယ်။

၁။ It’s Such a Beautiful Day (၂၀၁၂)

It's such a beautiful day
ဒီဇာတ်ကားရဲ့ ထူးခြားချက်က ဒီဘက်ခေတ် ကာတွန်းရုပ်ရှင်တွေလို ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာမဟုတ်ပဲ ခေတ်ဟောင်း ကာတွန်းရုပ်ရှင်တွေလို လူကိုယ်တိုင်ရေးဆွဲဖန်တီးထားတဲ့ ဂန္တဝင်လက်ရာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်လမ်းအမျိုးအစားကိုတော့ Experimental Black Comedy-drama Animated Film လို့ သတ်မှတ်ကြပါတယ်။ ဇာတ်လမ်းမှာ အခန်း ၃ ခန်းပါဝင်ပြီးတော့ Stick-figure Man အဖြစ် ဖန်တီထားတဲ့ စိတ်ကစဥ့်ကလျားရော့ဂါကို ကြံကြံခံရင်ဆိုင်နေသူ Bill က အဓိကဇာတ်ကောင်ပါ။ ဒီဇာတ်ကားမှာ ဘဝရဲ့ အဓိပ္ပါယ်ထက် ဘာမှပို အရေးမပါဘူးဆိုတာကို တင်ပြထားပါတယ်။ ရယ်ရွှင်ဖွယ်ကောင်းသလို ပိုပိုစိတ်လှုပ်ရှားစရာ၊ မိမိကိုယ်ကိုယ်ပိုပို ဆန်းစစ်ချင်စရာဖြစ်လာအောင် ဖန်တီးထားပြီးတော့ ရေပန်းစားနေတဲ့ ရုပ်ရှင်တွေထက်ပိုပြီး လေးနက်တဲ့ ကာတွန်းရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

 
Top