ခြံစည်းရိုးလေး လုံပါစေ
နယ်မှာရှိတဲ့
ကျွန်မတို့အိမ်ဟာ ရေချောင်းလေးတစ်ခုရဲ့ဘေးမှာ ရှိပါတယ်။ ကျွန်မတို့အိမ်မှာ
ရှေ့မျက်နှာစာ ပေ ၇၀လောက်ရှိပြီး အနောက်ဖက်မှာတော့ ချောင်းရိုးစပ်အထိ ပေ
၁၅၀ခန့် ကျယ်ဝန်းတဲ့ ရှည်မျောမျော ခြံဝင်း ရှိပါတယ်။ ဘေးနှစ်ဖက်မှာတော့
အိမ်နီးချင်းတွေရဲ့ အိမ်တွေ တည်ရှိနေပါတယ်။ ကျွန်မ အခု ပြောချင်တာက
ကျွန်မတို့အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်းအကြောင်းပါ။ ကျွန်မ
၅တန်းအရွယ်လောက်မှာ ကျွန်မတို့ ဘေးခြံကို တစ်ခြား တစ်မြို့တစ်ရွာကလူတွေ
ဝယ်ယူလိုက်ကြပြီး ပြောင်းရွေ့နေထိုင်ဖို့ ရောက်လာကြပါတယ်။ ကျွန်မတို့ရဲ့
အိမ်နီးချင်း အဟောင်းတွေကတော့ ရွာအစွန်က ခြံကို ပြောင်းရွေ့သွားကြပါတယ်။
အိမ်နီးခြင်း အသစ်တွေဟာ စီးပွားရေး ချောင်လည်ပုံရပါတယ်။ သို့ပေမဲ့လည်း
ကျွန်မတို့ ရွာသူ ရွာသားတွေလို ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ မရှိကြပါဘူး။
မျက်နှာထား ခပ်တင်းတင်းနဲ့ နေတတ်ကြပါတယ်။
သူတို့မိသားစုထဲမှာ
ဆေးသမားတစ်ယောက် ပါလာပါတယ်။ အဲဒီ ဆေးသမားဟာ ဆေးချစရာ ပိုက်ဆံမရှိရင်၊
အိမ်ကလူတွေ ပိုက်ဆံမပေးရင် တွေ့ကရာပစ္စည်းတွေ ရောင်းချပြီး ဆေးချတတ်ပါတယ်။
အဖိုးတန်ပစ္စည်းတွေကနေ အဖိုးမတန်ပစ္စည်းတွေက အထိ ခိုးယူပြီး ဆေးချတတ်သူပါ။
သူတို့အိမ်က ပစ္စည်းတွေဟာလည်း အဲဒီဆေးသမား ခိုးပြီးရောင်းတာ မနည်းမနော
ရှိနေပုံရပါတယ်။ အိမ်ခြင်းက နီးနေတော့ တစ်ဖက် ဆူသံပူသံတွေကို အတိုင်းသား
ကြားနေရတဲ့အတွက် ပစ္စည်းပျောက်တာတွေ၊ ဆေးသမားကို အော်ဟစ်နေတာတွေ တွေ့နေမြင်နေ ရတာကြောင့်လည်း သိနေရတာပါ။ ဆေးသမားဆိုတာကလည်း ဆေးချဖို့အတွက်
အိမ်ကပိုက်ဆံမပေးရင် ရတဲ့ပစ္စည်းကို ခိုးယူ တတ်ကြသူတွေပါ။
ကျွန်မတို့
နယ်ဘက်တွေက ရွာတွေရဲ့ ထုံးစံ ခြံစည်းရိုးကို အခိုင်အခံ့ ကာရံတယ်ဆိုတာ
မရှိသလောက် ပါဘဲ။ ဝါးခြမ်းနဲ့ သော်လည်းကောင်း သစ်သားအပိုများနဲ့သော်လည်း
တစ်အိမ်နဲ့တစ်အိမ် ခြံစည်းရိုး ကာရံလေ့ရှိပါတယ်။ ပြီးတော့လည်း
တောရွာဆိုလေတော့ အိမ်တွေကလည်း ဂရံတွေဘာတွေ ရှိတာမျိုး၊ ခြံဝင်းရဲ့
အတိုင်းအတာကလည်း အတိအကျ တိုင်းတာထားကြတာမျိုး မရှိကြပါဘူး။ အဲဒီလိုပါဘဲ
ကျွန်မတို့အိမ်နဲ့ ဘေးအိမ်ဟာ ခြံစည်းရိုးကို ဝါးနဲ့ကာတဲ့အခါ ကာ၊
သစ်သားနဲ့ကာတဲ့အခါ ကာပါတယ်။ ဝါးခြံစည်းရိုး ဆိုတာကတော့ အနည်းဆုံး တစ်နှစ်
နှစ်နှစ်လောက်သာ ခံသာမို့ မကြာခဏ အသစ်ပြန်ပြန် ကာရပါတယ်။
သစ်သားခြံစည်းရိုးကတော့ အနည်းဆုံး ၄နှစ်လောက်တော့ ခံပါတယ်။
ကျွန်မတိုရဲ့အရင် အိမ်နီးချင်း အဟောင်းတွေနဲ့ တုန်းကတော့ ခြံစည်းရိုး ပြဿနာ
လုံးဝ မရှိဘဲ သူ့ဘက်က ကာလိုက်၊ ကိုယ့်ဘက်က ကာလိုက်နဲ့ အဆင်ပြေတဲ့သူက
ကာလိုက်ကြတာပါဘဲ။ ဘယ်သူကာကာ ထူးထူးခြားခြား ဘာမှ ပြောတာဆိုတာမျိုး
မရှိတတ်ကြပါဘူး။ အိမ်ရှင် အသစ်တွေဟာ ဘေးအိမ်ကို ရောက်လာပြီး သိပ်မကြာခင်မှာ
ကျွန်မတို့ခြံစည်းရိုးနဲ့ ကပ်လျှက်မှာ ဝါးပင်ငယ်လေးတွေ စိုက်ပျိုးတာကို
တွေ့ရပါတယ်။ အပင်ပေါက် ခပ်ငယ်ငယ်မို့ စိမ်းစိမ်းစိုစိုရှိပြီး
ဝါးရွက်လေးတွေဟာ သေးသေးချွန်ချွန်နဲ့ ချစ်ဖို့လည်း ကောင်းပါတယ်။
ကျွန်မတို့အိမ်နဲ့
အဲဒီဘေးအိမ် တို့ကြားမှာ ခြံစည်းရိုး အသစ်မလဲတာ ကြာတဲ့အခါ စည်းရိုးနဲ့ အကာ
အရံတွေက ရာသီဥတုဒဏ်တွေ၊ ခြစားတဲ့ဒဏ်တွေကြောင့် ဆွေးမြေ့ပြီး
ခွေးတိုးပေါက်တွေဖြစ်နေတာ၊ ပြိုကျတာတွေ ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို
အပေါက်အပြဲတွေ ဖြစ်နေရင်တော အိမ်မှာ စိုက်ထားတဲ့ ငှက်ပျောခိုင်ဆိုတာ
ရင့်လာကာစ ရှိသေးတယ်။ အခိုင်လိုက် ခုတ်ယူသွားတာမျိုး၊ လိုချင်တဲ့
အဖီးအကြီးကြီးတွေကိုသာ ရွေးပြီး ခုတ်သွားတာမျိုးတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။
ခြံထဲမှာ အဝတ်တွေ လှန်းထားလို့ သတိ မထားမိလိုက်ရင် လှန်းထားတဲ့ အဝတ်တွေ
ပျောက်သွားတာမျိုး မကြာခဏ ဖြစ်ပါတယ်။ တစ်ခါသား ဆိုင်ကယ် အစီးလိုက် ခြံထဲကနေ
ပျောက်သွားခဲ့ပါသေးတယ်။ အခြားသော ပစ္စည်းတွေ ပျောက်တယ် ဆိုတာလည်း
ရေတွက်မကုန်အောင်ပါဘဲ။ သို့ပေမဲ့ ဘယ်သူခုတ်တယ်ဆိုတာ လက်သည် မပေါ်ပါဘူး။
ကျွန်မတို့အနေနဲ့ကလည်း ဘယ်သူက ခိုးလို့ ခိုးမှန်း အတိအကျ မပြောနိုင်ပါဘူး။
ထင်စရာရှိတာက
ဘေးအိမ်က ဆေးသမားလက်ချက်လို့ဘဲ ထင်စရာရှိတာပါဘဲ။ သို့ပေမဲ့လည်း
အဲဒီတစ်ယောက်ရယ်လို့ ကျွန်မတို့အနေနဲ့ အတိအကျ ယိုးစွတ်လို့ မရပါဘူး။ အိမ်က
တစ်ယောက်ယောက်ကများ အဲဒီဆေးသမား ခိုးတာဘဲဖြစ်မှာပါလို့ မိသားစုထဲ
ပြောမိရင်တောင် လက်ပူးလက်ကြပ် မမိတာရယ်၊ ကိုယ့်ခြံကကို မလုံခြုံတဲ့
အားနည်းချက် ရှိတာကြောင့်ရယ်ကြောင့် သူတစ်ပါးကို အရမ်းမစွတ်စွဲပါနဲ့လို့
ကျွန်မတို့ မိဘတွေက ဆုံးမလေ့ရှိပါတယ်။ “ကိုယ့်ခြံကမှ မလုံတာ သူခိုးက
ဝင်တော့မှာပေါ့။ ဒီတော့ သူခိုးမဝင်စေချင်ရင် ခြံကို လုံအောင် ကာဖို့ဘဲ
ရှိတယ်” လို့ ဖေဖေက ပြောပါတယ်။
အဲဒီလိုနဲ့
ပေါက်ပြဲနေတဲ့ ခြံစည်းရိုးကို ဖြိုချပြီး ကိုယ့်ခြံလုံခြုံအောင်
အသစ်ကာဖို့အတွက် သစ်ဝါးတွေ စတင် စုဆောင်း ပြင်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ
တစ်ဖက်ခြံက လူတွေက ဖေဖေကို လာတွေ့ပြီး ဦးလေးတို့ အေးအေးဆေးဆေးသာ နေပါ။
ခြံကို သူတို့ကာပါ့မယ်လို့ လာပြောကြပါတယ်။ အဲဒီလိုလာပြောတော့
သူတို့ကာတော့လဲ ကိုယ့်ဘက်က အကုန်အကျ သက်သာတာပေါ့ကွာ ဆိုပြီး ဖေဖေတို့က
လက်ခံလိုက်ပါတယ်။ အဲဒီလိုနဲ့ တစ်ဖက်ခြံက လူတွေဟာ ခြံစည်းရိုး
ပျက်စီးဟောင်းနွမ်းတိုင်း တစ်နှစ်တစ်ခါ (သို့မဟုတ်) ၂နှစ်တစ်ခါ သူတို့ဘက်က
တာဝန်ယူပြီး ကာရံပေးပါတယ်။ အဲဒီလို စစချင်းနှစ်တွေမှာတော့
ကျွန်မတို့ဘက်ကလည်း ဘာမှ သတိမထားမိဘဲ သူတို့ခြံကာတာကို
အမှတ်မဲ့နေလိုက်မိပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာတော့မှ ခြံစည်းရိုးဟာ
တစ်နှစ်ထက် တစ်နှစ် ကျွန်မတို့အိမ်နဲ့ မသိမသာ နီးနီးလာတာကို သိလာတော့
တစ်ဖက်ခြံရှင်တွေဟာ စေတနာ ကောင်းလွန်းလို့ခြံကာတာ မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့
ခြံကာတာမှန်း သိလာရပါတော့တယ်။
ကျွန်မတို့မောင်နှမတွေဟာ
ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ ဆော့ကစားလိုက်နဲ့ အချိန်တွေကုန်ရင်း
တဖြေးဖြေး လူလားမြောက် ကြီးပြင်းလာသလို အဲဒီဝါးပင်တွေဟာ တဖြေးဖြေးနဲ့
အရွယ်ရောက် ကြီးပြင်းလာပါတယ်။ မောင်နှမတွေမှာ ကိုယ်ပိုင်အလုပ်တွေ၊
စီးပွားတွေနဲ့ ဖြစ်လာသလို တစ်ဖက်ခြံက ဝါးပင်ငယ်တွေကနေ ဝါးရုံကြီး
ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်လာပါတယ်။ သို့ပေမဲ့
အဲဒီဝါးပင်တွေဟာ ဝါးအကြီးမျိုးလည်း မဟုတ်ပါဘူး။ ထီးရိုးဝါးလို ခပ်သေးသေး
အရွယ်ငယ်ငယ် ဝါးပင်တွေပါ။ ဒါပေမဲ့ ဝါးရုံကြီးဟာ ကြာလေ ကြီးလေ၊ ကြာလေ
ပွားလာလေ ဖြစ်လာပါတယ်။ ကျွန်မတို့လည်း အသက်ရလာလို့ ငယ်စဉ်ကထက် အသိဥာဏ်
ကြီးရင့်လာသလို အဲဒီလို ဝါးပင်တွေ ကြီးရင့်ရှည်လျားပြီး ပွားချင်တိုင်း
ပွားလာတော့မှ ခြံစည်းရိုးနားမှာ ဝါးပင်တွေ စိုက်ထားတဲ့ အိမ်နီးချင်းရဲ့
ရည်ရွယ်ချက်ကို အကောင်လိုက် မြင်ရပါတော့တယ်။
သူတို့ဟာ
ခြံစည်းရိုးကို ဘယ်တော့မှ ကျွန်မတို့ဘက်က အကာမခံပါဘူး။ ခြံစည်းရိုး
ဟောင်းပြီဆိုတာနဲ့ သူတို့ဘက်က ကာပါတယ်။ ကာတိုင်းလည်း ခြံစည်းရိုးနေရာဟာ
မသိမသာ ကျွန်မတို့ဘက်ကို တိုးလာတာပါ။ နောက်တစ်ခုက သူတို့စိုက်ထားတဲ့
ဝါးရုံပင်ပါ။ အဲဒီဝါးရုံပင်တွေဟာ ကြီးထွား များပြား လာတဲ့အခါ တဖြေးဖြေး
ကျွန်မတို့ ခြံဘက်ထဲကိုပါ အပင်တွေက ပွားလာတာပါ။ အဲဒီလို ပွားလာတဲ့
ဝါးရုံကြီးဟာ သူတို့ စိုက်ထားတာ ဖြစ်တယ်ဆိုကာ ခြံစည်းရိုးကာတဲ့အခါ
ဝါးရုံကြီးတစ်ခုလုံး သူတို့ခြံဘက် ပါအောင် ကာပါတယ်။ အဲဒီလို ကာတဲ့အခါမှာ
ကျွန်မတို့ခြံထဲ ပေါက်နေတဲ့ ဝါးပင်တွေကိုပါအောင် သူတို့ရဲ့ ခြံစည်းရိုးကို
ချဲ့ကာတဲ့အတွက် ကျွန်မတို့ ခြံဘက်က မြေတွေပါ ပါကုန်တာပါဘဲ။ သူတို့ရဲ့
လွန်လွန်းလာတဲ့ လုပ်ရပ်တွေကို ကျွန်မတို့လို လူငယ်တွေက ဘယ်လိုမှ
သည်းခံနိုင်ခြင်း မရှိတော့ပါဘူး။ အိမ်ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ဖေဖေနဲ့
မေမေ့ကို တစ်ဖက်ခြံကလူတွေကို တစ်ခုခု ပြောဖို့ ဝိုင်းပြောကြတဲ့အခါ
တရားသမားတွေဖြစ်တဲ့ ဖေဖေနဲ့ မေမေက “ မြေကြီးဆိုတာ သေရင်ကိုယ့်နောက်မှာ
ပါမှာမှ မဟုတ်တာ။ သူတို့ မဟုတ်တာလုပ်ရင် သူတို့ခံရမှာပါ။ ဘာမှ ပြောဖို့
မလိုပါဘူး. ” လို့ ပြောတတ်ပါတယ်။
ကျွန်မတို့
မိဘတွေဟာ အနေအေးပြီး ပူလောင်ဒေါသတွေ အတော်နည်းကြသူတွေ ဖြစ်ပါတယ်။
ကျွန်မတို့ မောင်နှမတွေက တစ်ဖက်ခြံရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသတွေ
ထွက်နေပေမဲ့ ဖေဖေနဲ့ မေမေကတော့ ဘာမှ မဖြစ်သလိုဘဲ နေနိုင်ကြပါတယ်။ ကျွန်မတို့
အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် သူတို့ခြံထဲမှာ ထင်ထင်ရှားရှား မြင်နေရတဲ့
တိုင်ငုတ်တို တစ်ခု ရှိပါတယ်။ အဲဒီတိုင်ငုတ်တိုဟာ ခြံစည်းရိုးနဲ့
သုံးတောင်လောက် ကွာနေပါတယ်။ တကယ်တမ်းတော့ အဲဒီတိုင်ငုတ်တိုဟာ ကျွန်မတို့
ငယ်ငယ်ကတည်းက မိဘတွေ ကာခဲ့တဲ့ ခြံစည်းရိုး ငုတ်နေရာပါ။ တဖြေးဖြေးနဲ့
တိုးလာတဲ့ တစ်ဖက်က ခြံစည်းရိုးကြောင့် အရင်ခြံစည်းရိုး တိုင်ဟောင်းက
သူတို့ခြံထဲ ရောက်နေတာသာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ဥာဏ်များပြီး
လိုချင်လောဘကြီးလိုက်တဲ့ လူတွေလည်း ဆိုတာ ဒီခြံစည်းရိုးက
သက်သေပြနေခဲ့ပါတယ်။ ကျွန်မတို့လူငယ်တွေက တစ်ဖက်ခြံကို သွားပြောကြရင် သူတို့ဘက်ကနင်ဘဲ ငဆ ပြောလွတ်တတ်ပါတယ်။
အနေအေးပြီး
တရားကို နှလုံးသွင်းတဲ့ ကျွန်မတို့ မိဘတွေကဘာမှ မပြောပေမဲ့
လူငယ်တွေဖြစ်တဲ့ ကျွန်မတို့ မောင်နှမ တစ်တွေကတော့ သူတို့တွေရဲ့ လုပ်ရပ်ကို
သည်းမခံနိုင်လောက်အောင် ဖြစ်ရပါတယ်။ နောက်ဆုံးမှာတော့ ဆက်လက် သည်းခံဖို့ရာ
မဖြစ်နိုင်တော့တဲ့ မိသားစုအားလုံး တိုင်ပင်ကြပြီး ခိုင်ခံ့တဲ့
အုတ်တံတိုင်း ကာလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခြံစည်းရိုးကို
အုတ်တံတိုင်းကာဖို့ ဆုံးဖြတ်ကြတာမှာ တစ်နှစ်တစ်ခါ
ခြံစည်းရိုးပြန်ကာရတာမျိုး မဖြစ်တော့အောင် ခိုင်ခိုင်ခံ့ခံ့
ဖြစ်သွားစေချင်တာရယ်၊ ပွားများလာတဲ့ ဝါးပင်တွေကို အကြောင်းပြုပြီး
ဖြေးဖြေးချင်း တိုးလာတဲ့ ကျွန်မတို့ပိုင် ခြံမြေကို ကျူးကျော်လာတဲ့ကိစ္စကို
ဟန့်တားချင်တာရယ် အတွက်ကြောင့် ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။
ခြံစည်းရိုး
အသစ်ကာတဲ့အခါမှာ အရင်က ရှိခဲ့ဖူးတဲ့ ခြံစည်းရိုး အဟောင်းအကြောင်း၊
ဝါးပင်တွေအကြောင်း ကျွန်မတို့ လုံးဝ မပြောတော့ဘဲ ပါသွားပြီးသား မြေတွေကို
ရှိစေတော့ဆိုပြီး ယခုလက်ရှိသူတို့ယူထားတဲ့ အနေအထားအတိုင်း ခိုင်ခန့်တဲ့
အုတ်တံတိုင်းကို ကာရံလိုက်ပါတယ်။ ခြံစည်းရိုးကာဖို့
ပန္နက်ချတဲ့နေ့မှာ တစ်ဖက်အိမ်က လူတွေကို ခေါ်ပြီး သူတို့အရင်က ကာခဲ့တဲ့
ခြံစည်းရိုးအတိုင်း အုတ်ပန္နက်ချမဲ့ အကြောင်းကို ခေါ်ပြပါတယ်။ မြေကြီးလည်း
သူတို့ဘက် ပါထားတဲ့အတိုင်း ကာမယ်ဆိုတဲ့အတွက် တစ်ဖက် အိမ်ရှင်တွေက
မကျေနပ်ကြောင်း ဘာမှ မပြောသာပါဘူး။ သို့ပေမဲ့ အုတ်တံတိုင်း ခတ်မယ်ဆိုတာ
ကိုတော့ သိပ်သဘောကျပုံ မရပါဘူး။ သို့ပေမဲ့လည်း အဲဒီလို
ခြံစည်းရိုးကောင်းကောင်းမှ မကာရင် တဖြေးဖြေးနဲ့ မြေခိုးလာတဲ့ သူတို့ကို
ဟန့်တားဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ငွေအကုန်ခံပြီး
အုတ်တံတိုင်း ကာလိုက်ရခြင်း ဖြစ်ပါတယ်။
သေချာ ခိုင်မာတဲ့ ခြံစည်းရိုး ကာလိုက်ပြီးတော့မှဘဲ ကျွန်မတို့ခြံမြေကို တစ်တိတိ ဖဲ့ယူနေတဲ့ အိမ်နီးချင်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ အုတ်တံတိုင်းကာလိုက်တဲ့အတွက် ခြံစည်းရိုးကို ခြစားမှာလည်း မစိုးရိမ်ရတော့ပါဘူး။ တကယ်တမ်းတော့ ခြဆိုတဲ့အကောင်ကလေးတွေက သေးသေးလေးတွေဖြစ်ပေမဲ့လို့ ခြံစည်းရိုးတစ်ခုလုံးကို ပြိုပျက်သွားနိုင်စေတယ်လေ။ ခြံက လုံလုံခြုံခြုံဖြစ်သွားတဲ့အတွက် အိမ်ရဲ့ ပစ္စည်းပျောက်တာတွေ၊ အသီးအနှံတွေ ခိုးခံရတာတွေ လုံးဝကို မရှိတော့ပါဘူး။ အဲဒီတော့မှ ကိုယ့်အိမ်လုံခြုံဖို့၊ ကိုယ့်ခြံထဲက မြေတွေ ပါမသွားဖို့ဆိုတာ ခြံစည်းရိုးဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ အိမ်နီးချင်းဆိုးဆိုးနဲ့ တွေ့ကြုံရတဲ့ ကျွန်မတို့ ကောင်းကောင်းကြီး သဘောပေါက် သင်ခန်းစာ ရလိုက်ပါတော့တယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင် မကာနိုင်ရင်၊ ကာထားတဲ့ခြံစည်းရိုး ခြစားရင်၊ ခြံစည်းရိုးက မလုံတော့ ကိုယ့်ခြံထဲက ပစ္စည်းပျောက်ရင်တောင် သူတစ်ပါးကို အပြစ်တင်လို့ မရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပြီး ဥာဏ်များတဲ့ အိမ်နီးချင်းတွေနဲ့ တွေ့တဲ့အခါ ဒုက္ခရောက် တတ်ကြောင်း နားလည်မိပြီမို့ ခုချိန်မှာတော့ ကျွန်မဟာ ဘယ်ဒေသကိုရောက်ရောက် ဘယ်မှာဘဲ နေနေ အိမ်လုံခြုံဖို့ အတွက် ခြံစည်းရိုးကို လုံခြုံ ခိုင်ခန့်အောင် ကာရံဖို့၊ ခြံစည်းရိုး ခြစားမခံရဖို့ အမြဲတမ်း သတိထား မိပါတော့တယ်။
သေချာ ခိုင်မာတဲ့ ခြံစည်းရိုး ကာလိုက်ပြီးတော့မှဘဲ ကျွန်မတို့ခြံမြေကို တစ်တိတိ ဖဲ့ယူနေတဲ့ အိမ်နီးချင်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ အုတ်တံတိုင်းကာလိုက်တဲ့အတွက် ခြံစည်းရိုးကို ခြစားမှာလည်း မစိုးရိမ်ရတော့ပါဘူး။ တကယ်တမ်းတော့ ခြဆိုတဲ့အကောင်ကလေးတွေက သေးသေးလေးတွေဖြစ်ပေမဲ့လို့ ခြံစည်းရိုးတစ်ခုလုံးကို ပြိုပျက်သွားနိုင်စေတယ်လေ။ ခြံက လုံလုံခြုံခြုံဖြစ်သွားတဲ့အတွက် အိမ်ရဲ့ ပစ္စည်းပျောက်တာတွေ၊ အသီးအနှံတွေ ခိုးခံရတာတွေ လုံးဝကို မရှိတော့ပါဘူး။ အဲဒီတော့မှ ကိုယ့်အိမ်လုံခြုံဖို့၊ ကိုယ့်ခြံထဲက မြေတွေ ပါမသွားဖို့ဆိုတာ ခြံစည်းရိုးဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ အိမ်နီးချင်းဆိုးဆိုးနဲ့ တွေ့ကြုံရတဲ့ ကျွန်မတို့ ကောင်းကောင်းကြီး သဘောပေါက် သင်ခန်းစာ ရလိုက်ပါတော့တယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင် မကာနိုင်ရင်၊ ကာထားတဲ့ခြံစည်းရိုး ခြစားရင်၊ ခြံစည်းရိုးက မလုံတော့ ကိုယ့်ခြံထဲက ပစ္စည်းပျောက်ရင်တောင် သူတစ်ပါးကို အပြစ်တင်လို့ မရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပြီး ဥာဏ်များတဲ့ အိမ်နီးချင်းတွေနဲ့ တွေ့တဲ့အခါ ဒုက္ခရောက် တတ်ကြောင်း နားလည်မိပြီမို့ ခုချိန်မှာတော့ ကျွန်မဟာ ဘယ်ဒေသကိုရောက်ရောက် ဘယ်မှာဘဲ နေနေ အိမ်လုံခြုံဖို့ အတွက် ခြံစည်းရိုးကို လုံခြုံ ခိုင်ခန့်အောင် ကာရံဖို့၊ ခြံစည်းရိုး ခြစားမခံရဖို့ အမြဲတမ်း သတိထား မိပါတော့တယ်။
တကယ်လို့များ မိတ်ဆွေတို့လည်း မိမိတို့အိမ်ကို လုံခြုံစေပြီး၊ အိမ်နီးချင်းဆိုးရန်က ကင်းဝေးကာ မိမိရဲ့ မိသားစုဝင်တွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်ဆိုရင်တော့ မိမိတို့ရဲ့ အိမ်ခြံစည်းရိုးလေးတော့ လုံအောင်ကာထားကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ရှင်...