ပင်လယ်ထဲက ဘုရားကျောင်းဆောင်
အင်ဒိုနီးရှားနိုင်ငံ
ဘာလီကျွန်းမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ လည်ပတ်စရာနေရာတွေထဲမှာ
ပင်လယ်ထဲမှာ တည်ရှိနေတဲ့ ဘုရားကျောင်းတစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။
အဲဒီဘုရားကျောင်းနာမည်က Pura Tanah Lot ဖြစ်ပြီး ဘာလီကျွန်းသားတွေရဲ့
ဘာသာစကားနဲ့ ပင်လယ်ထဲက ဘုရားကျောင်းလို့ ခေါ်တယ်လို့ သိရပါတယ်။
ဘာလီကျွန်းရဲ့ Denpasar
မြို့ကနေ ကီလိုမီတာ ၃၀ခန့်ကွာဝေးတဲ့ ပင်လယ်ကမ်းစပ်နဲ့ မဝေးလှတဲ့
ကျောက်ဆောင်ငယ်ပ်ါမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ရုတ်တရက်ကြည့်လိုက်ရင်
သင်္ဘောတစ်စီးရဲ့ ပုံသဏ္ဍန်နဲ့ ဆင်ဆင်တူပါတယ်။ ဒီပင်လယ်ထဲက
ဘုရားကျောင်းတည်ဆောက်မဲ့ ကျောက်ဆောင်ငယ်လေးဟာ ၃ဧက ခန့်သာ ကျယ်ဝန်းပြီး
တကယ်တမ်းတော့ ပင်လယ်ကမ်းခြေနဲ့ တစ်ဆက်တည်း ဖြစ်ခဲ့ဟန်ရှိပြီး
ပင်လယ်ဒီရေနဲ့ လှိုင်းများရဲ့ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့် ကမ်းစပ်က
ကျောက်ဆောင်တွေနဲ့ မဆက်တော့ဘဲ ပင်လယ်ထဲမှာ သီးသန့်တည်ရှိနေသကဲ့သို့
ဖြစ်ပေါ်နေခဲ့တာပါ။ ကမ်းစပ်ကနေ မီတာ ၂၀ခန့်သာ ဝေးတာမို့ လမ်းလျှောက်သွားရင်
မိနစ်အနည်းငယ်နဲ့ ရောက်သွားမှာဖြစ်ပါတယ်။
ကျောက်ဆောင်ပေါ်မှာ
တည်ဆောက်ထားတဲ့ ဘုရားကျောင်းကတော့ ၁၅ရာစုနှစ်က လက်ရာဖြစ်တယ်လို့
သိရပါတယ်။ ၁၅ရာစုနှစ်တုန်းက ဂျာဗာကျွန်းကနေ ရောက်ရှိလာတဲ့
ဟိန္ဒူဘုန်းတော်ကြီး Nirartha ဟာ ပင်လယ်ကမ်းခြေတစ်လျှောက် ခရီးသွားနေရင်း
ဒီကျောက်ဆောင်ရှိရာ နေရာကို ရောက်ရှိလာခဲ့ပြီး ပင်လယ်ပြင်ထဲမှာ လှလှပပ
အထီးတည်း တည်ရှိနေတဲ့ ကျောက်ဆောင်ကို တွေ့မြင်သွားပြီး
၎င်းကျောက်ဆောင်ပေါ်မှာ တစ်ညတာအိပ်စက်ဖို့ အနားယူနေခဲ့ပါတယ်။ အနီးနားက
တံငါတွေက ဘုန်းတော်ကြီးကို တွေ့မြင်သွားကြပြီး ပူဇော်ဖွယ်ဝတ္ထုပစ္စည်းတွေ
ယူဆောင်လာကြကာ ဘုန်းတော်ကြီးကို လာရောက်ပူဇော်ကြပါတယ်။
ဘုန်းတော်ကြီး
Nirartha ဟာ ကျောက်ဆောင်ပေါ်မှာ တစ်ညတာ အိပ်စက်ပြီးတဲ့နောက်
ဒီကျောက်ဆောင်ပေါ်မှာ ဘုရားကျောင်း ဆောက်သင့်တယ်။ ဒီကျောက်ဆောင်ဟာ
မြင့်မြတ်တဲ့ နေရာဌာနတစ်ခုလို့ သူ့စိတ်ထဲ ခံစားမိပြီး ဒီနေရာကနေ
ပင်လယ်နတ်ဘုရားတွေကို ရှိခိုးပူဇော်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့
တံငါတွေကို ပြောပြခဲ့ပြီးတဲ့နောက် အခုလက်ရှိ မြင်တွေ့နေရတဲ့
ဟိန္ဒူဘာသာလက်ရာများဖြင့် ကျောင်းကို တည်ဆောက်ခဲ့ပါတယ်။
ကျောက်ဆောင်ပေါ်မှာ
တည်ဆောက်ထားတဲ့ ဘုရားကျောင်းကို မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် ၊
မဖျက်စီးနိုင်အောင် အနက်ရောင်နဲ့ အဖြူရောင်ရှိပြီး အဆိပ်ပြင်းတဲ့
မြွေတစ်မျိုးက စောင့်ကြပ်တယ်လို့ ဘာလီကျွန်းသားတွေက ယုံကြည်ကြပါတယ်။
ဘုရားကျောင်းဆောင်ကို စတင် တည်ဆောက်ခဲ့တဲ့ ဘုန်းတော်ကြီး Nirartha
ရဲ့ပုဝါစကနေ မြွေကြီးတစ်ကောင်ကို ဖန်ဆင်းခဲ့တာဖြစ်ပြီး ၄င်းမြွေတွေက
ဆင်းသက်လာတဲ့ မြွေတွေဟာ ကျောက်ဆောင်ရဲ့ ကျောက်ခေါင်းတွေကြားမှာ
နေထိုင်ခဲ့ကြရင်း ဘုရားကျောင်းကို ဆက်လက် စောင့်ရှောက်ကြတယ်လို့
ယူဆကြပါတယ်။ မြွေတွေကို ကမ်းစပ်တစ်လျှောက်မှာ မကြာခဏတွေ့ရပေမဲ့ လူတွေကို
ကိုက်တယ်ဆိုတာတော့ တော်တော်လေးရှားတယ်လို့ ဆိုပါတယ်။
လှပတဲ့ ညနေဆည်းဆာ
ခုချိန်မှာတော့
ဘာလီကျွန်းရဲ့ အထင်ရှားဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီနေရာဟာ
သွားရောက်လည်ပတ် ကြည့်ရှုရုံသာမက ကျောက်ဆောင်ကြီးရဲ့ ဘယ်နေရာ ဘယ်ဘက်ကနေ
ကြည့်ကြည့် အလွန် လှပတဲ့ ရှုခင်းများကို တွေ့မြင်ခံစား
ကြည့်ရှုနိုင်ပါသေးတယ်။ ကျွန်းရဲ့ အနီးအနားမှာလည်း အမှတ်တရ
လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေ၊ ကော်ဖီဆိုင်ငယ်လေးတွေလည်း ရှိပါတယ်။
၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ၄င်းကျောက်ဆောင်ပတ်ဝန်းကျင်နဲ့
ဘုရားကျောင်းအတွင်းနံရံတို့ဟာ ဆိုးဆိုးဝါးဝါး ပြိုကျပျက်စီးစ ပြုလာနေတာကို
တွေ့ရတာကြောင့် ၄င်း ဘုရားကျောင်းနဲ့တကွ ဘာလီကျွန်း ပေါ်က ထင်ရှားတဲ့
ရှေးဟောင်းအဆောက်အဦးများကို ပြန်လည်ပြုပြင်စေရန် ဂျပန်အစိုးရက
အင်ဒိုနီးရှား အစိုးရကို ဒေါ်လာ သန်း၁၃၀ခန့် ထုတ်ချေးပေးခဲ့ပြီး
ပြုပြင်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ယခုမြင်တွေ့ရတဲ့ ကျောက်ဆောင်နဲ့
ဘုရားကျောင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ မူလလက်ရာများ မဟုတ်တော့ဘဲ
ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
ဟိန္ဒူယဉ်ကျေးမှု
လွှမ်းမိုးနေတဲ့ ဘုရားကျောင်းဟာ လှပတဲ့ ပင်လယ်ကမ်းခြေ ရှုခင်းများကြောင့်
စိတ်ချမ်းမြေ့ဖွယ် ကောင်းလှပြီး ညနေဆည်းဆာ ရှုခင်းကလည်း ရင်သပ်ရှုမော
လှပလွန်းလှပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံ
ဘာလီကျွန်းကိုရောက်ခဲ့ရင်ဖြင့် စိတ်ဝင်စားဖွယ် ကောင်းတဲ့ ပင်လယ်ထဲက
ဘုရားကျောင်းကို သွားဖြစ်အောင် သွားခဲ့သင့်ပါတယ်လို့။
mmknowledgecorner.com
