အဖြူရောင်သဘာဝ ရေပူကန်များ
အဖြူရောင် သဘာဝရေပူကန်များ
ပြည်တွင်းခရီးသွားများနဲ့
နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli
Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale
ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ
သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။ စီးကျနေတဲ့ ရေပူစမ်းရဲ့
အပူချိန်ဟာ ၃၅ ဒီဂရီခန့်ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ
ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းကနေ စီးကျနေတဲ့ ရေပူစမ်းဟာ
အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာကို
ဖြစ်ပေါ်စေပြီးတော့ ရေထဲမှာပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ
ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်း
ဖြစ်ရတယ်လို့ ဆိုပါတယ်။
ရှေးခေတ်ကာလကတည်းက
ထင်ရှားခဲ့တဲ့ Pamukkal ဒေသဟာ ရောမခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး
ရေပူချိုး ဇိမ်ခံရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ရေပူစိမ်ချိုးရင်
ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက်လည်း
ရေပူချိုးဖို့ တကူးတက လာရောက်ကြသူများလည်း အများအပြား ရှိနေပြီးတော့
ရေပူချိုးဖို့နေရာများ စီစဉ်ထားတဲ့ ဟိုတယ်ပေါင်း မြောက်မြားစွာလည်း
ထိုနေရာမှာ ရှိနေပါတယ်။ Hierapolis အမည်ရတဲ့ ရှေးဟောင်း ရောမခေတ်
မြို့တော်ဟာလည်း အလွန်ထင်ရှားပါတယ်။ ထိုဒေသတစ်ဝိုက်မှာရှိတဲ့
ရှေးရောမခေတ်လက်ရာ ဘုရားကျောင်းများစွာနဲ့ အထွဋ်အမြတ်ထားစရာ နေရာဒေသများ
ရှိနေတဲ့ နေရာဖြစ်လို့ သန့်စင်သော မြို့တော်လို့ လူသိများကြပြီး Apollo
ဘုရားကျောင်းဟာ မာဘယ်လ် ကျောက်သားများဖြင့် ပြုလုပ်ထားပြီး ခုချိန်ထိတိုင်
ကျောက်တိုင်ကြီးများ အခိုင်အခံ့ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း
Pamukkal ဒေသဟာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စားစွာ
သွားရောက်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။

