တကယ်တည်ရှိတယ်လို့ ယုံနိုင်စရာမရှိတဲ့ ကမ္ဘာတစ်လွှားအလှပဆုံးနေရာ (၁၄)နေရာ
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဖြစ်တည်နေတဲ့ ထူးခြားလှပဆုံးနေရာတွေကို ခရီးသွားလာရေး ၀န်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Travelandleisure က ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ က သွားရောက် ရိုက်ကူးထားပြီး ကမ္ဘာတစ်လွှားက ခရီးသွားလာရတာဝါသနာပါသူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
၁။ အချစ်ဥမင်လှိုဏ်ခေါင်း
ယူကရိန်းနိုင်ငံ၊ကယ်လ်ဗင်မြို့ အနီး တောနက်ကြီးထဲမှာ အစိမ်းရောင်သစ်ပင်တွေလှလှပပ ၀န်းရံနေတဲ့ မီးရထားလမ်းကလေးကို သင်တွေ့ လိုက်တယ်ဆိုရင် အရမ်းအံ့သြမိသွားမှာပါ။ ဒီလှပတဲ့ အစိမ်းရောင်ရထားလမ်းကလေးဟာ တကယ်တော့ သစ်စက်ရုံတစ်ခုရဲ့ကိုယ်ပိုင်ရထားလမ်းလေးဖြစ်ပြီး တောနက်ထဲက သစ်ပင်တွေကို သယ်ဆောင်တဲ့အခါမှာ အသုံးပြုတာပါ။ ၁.၈ မိုင်ရှည်လျားတဲ့ ဒီ အချစ်ဥမင် လေးဟာ အရှေ့ ဥရောပက ကဗျာဆန်ချင်တဲ့ချစ်သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုအဖြစ် ကျော်ကြားပါတယ်။
၂။ နယ်သာလန်က ခတ္တာပန်းခင်းများ
နယ်သာလန်နိုင်ငံကျေးလက်ဒေသတွေမှာ အနှံ့ အပြားရှိတဲ့ ခတ္တာပန်းခင်းတွေဟာ နွေဦးရာသီအရောက်မှာ အလှပဆုံးရှုခင်းကိုဖန်တီးပေးပါတယ်။ အရောင်အသွေးစုံတဲ့ ခတ္တာပန်းခင်းတွေဟာ မြင်လိုက်ရသူတစ်ဦးကို အံ့သြမှင်တက်မိသွားစေမှာပါ။
၃။ Salar de Uyuni ဆားရေကန်
Salar de Uyni လို့ အမည်ရတဲ့ ဘိုလီဗီးယားနိုင်ငံက ကမ္ဘာ့အကြီးဆုံးဆားမျက်နှာပြင်ကြီးဟာ စတုရန်းကီလိုမီတာ ၁၀,၅၈၂ ကျယ်ဝန်းပါတယ်။ ကမ္ဘာဦးရေကန်ကြီးတွေကနေ အသွင်ပြောင်းဖြစ်လာတဲ့ Salar ဟာ ထူထဲတဲ့ ဆားပမာဏ မျက်နှာပြင်ရှိတဲ့အတွက် မှန်ချပ်ကြီးတစ်ခုလိုဖြစ်နေပြီး ကောင်းကင်ရဲ့ လှပမှု၊ တိမ်တိုက်တွေရဲ့ခမ်းနားမှုကို ခြေထောက်အောက်မှာ အထင်းသားမြင်တွေ့ နေရပါတယ်။
၎။ ဂျပန်နိုင်ငံရဲ့ ဟီတာချီ ပြည်သူ့ ပန်းခြံ
ဟက်တာဧက ၁၉၀ ကျော်ကျယ်ဝန်းတဲ့ ဟီတာချီပန်းခြံဟာ သူ့ ရဲ့ မှင်တက်စရာရှုခင်းတွေကြောင့် ကျော်ကြား လှပါတယ်။ တစ်နှစ်ပတ်လုံး ပန်းမျိုးစုံဖုံးအုပ်ထားတဲ့ ဟီတာချီပန်းခြံမှာ နာမည်ကျော် ရော့ခ်စင်တင်ဖျော်ဖြေပွဲ ဖြစ်တဲ့ Rock in Japan ကို ကျင်းပလေ့ရှိပါတယ်။
၅။ မန်ဒယ်ဟော ရေခဲလှိုဏ်ဂူများ
အမေရိကန်ပြည်ထောင်စု၊ အစွန်အဖျားအလာစကာပြည်နယ်၊မန်ဒယ်ဟော တောင်ကြားမှာ တည်ရှိတဲ့ မန်ဒယ်ဟော ရေခဲလှိုဏ်ဂူများဟာ  ၁၂ မိုင်ကျော် ရှည်လျားပါတယ်။ ဒါပေမယ့် အခုပူနွေးလာတဲ့ ကမ္ဘာ့ရာသီဥတု ကြောင့် တဖြည်းဖြည်း ပျက်စီးလာနေတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
၆။ Tianzi တောင်တန်း
တရုတ်အင်ပါယာ သမိုင်းတစ်လျှောက်မှာ အထင်ရှားဆုံးတစ်ခုဖြစ်တဲ့ Tianzi တောင်တန်းဟာလည်း အကောင်းဆုံး ရှုမျှော်ခင်းတွေကို ပေးစွမ်းနိုင်တဲ့ အဆန်းကြယ်ဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ Tianzi ဆိုတာ ကောင်းကင်ဘုံရဲ့သားတော်လို့ အဓိပ္ပါယ်ရပြီး  ကမ္ဘာလှည့်ခရီးသည်အမြောက်အများ နေ့ စဉ်လာလည် ပတ်ကြပါတယ်။
၇။ Roraima တောင်ကုန်းမြင့်
တောင်အမေရိကမှာတည်ရှိတဲ့ Roraima တောင်ကုန်းမြင့်ကို အင်္ဂလိပ်နယ်မြေသစ်ရှာဖွေသူ Walter Raleigh က ၁၅၉၆ ခုနှစ်မှာ စတင်တွေ့ ရှိခဲ့ပါတယ်။ အမြင့်ပေ မီတာ ၁၂၀၀ ကျော်ရှိတဲ့ Roraima တောင်ကုန်းမြင့်ဟာ ဘရာဇီး၊ဗင်နီဇွဲလား၊ဂရီးယန်းနား နိုင်ငံသုံးနိုင်ငံဆုံ နယ်နိမိတ်အမှတ်တစ်ခုလည်းဖြစ်ပြီး ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးဘူမိဖြစ်တည် မှုတစ်ခုလည်း ဖြစ်ပါတယ်။
၈။ ဖန်းကျင်အင့် ကမ်းခြေနီ
တရုတ်နိုင်ငံ၊ဖန်းကျင်အင့်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၃၀ အကွာမှာ တည်ရှိပါတယ်။ ဆားငန်ဓာတ် ရှိတဲ့မြေဆီလွှာမှာ အနီရောင်ကျောက်ပွင့်တွေ အပြည့်ပေါက်ရောက်နေတာကြောင့် ကမ်းခြေနီဆိုပြီး နာမည်ကြီး တာပါ။ ပေါင်းပင်မျိုးနွယ်ဖြစ်တဲ့ ကျောက်ပွင့်တွေဟာ ဧပရယ်လမှာ စတင် ပေါက်ဖွားပြီး နွေရာသီတစ်ခုလုံး ပုံမှန် အစိမ်းရောင်အဖြစ်နဲ့ ပဲ ရှိနေတာပါ။ ဆောင်းဦးရာသီကိုရောက်တာနဲ့ ဒီကျောက်ပွင့်တွေဟာ အနီရောင် အဖြစ် ကူးပြောင်းသွားပြီး ကမ်းခြေဟာလည်း အနီရောင်ကော်ဇော်ကြီးဖြန့် ခင်းထားသလို လှပသွားပါတယ်။ ဒီကမ်းခြေရဲ့ နေရာရှုခင်းအများစုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ပိတ်ထားပေမယ့် တချို့ နေရာတွေကိုတော့ ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးထားပါတယ်။
၉။ ၀ါးတော ၊ ဂျပန်နိုင်ငံ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်အရမ်းအရေးပါလှတဲ့ ၀ါးတောတွေကို ဂျပန်နိုင်ငံ၊ကျိုတို မြို့ မှာ တွေ့  နိုင်ပါတယ်။ မြက်မျိုးနွယ်ဝင် အပင်တစ်ခုဖြစ်တဲ့ ၀ါးတွေဟာ ဆောက်လုပ်ရေး၊လူမှုနယ်ပယ်၊စိုက်ပျိုးရေး၊ အလှဆင်ပစ္စည်း၊ ဘက်စုံအသုံးဝင်ပြီး မြောက်များစွာသော ရေပမာဏတွေကိုလည်း သိုလှောင်ထားနိုင်ပါတယ်။ တစ်ချို့ ဝါးမျိုးစိတ်တွေဟာ တစ်နေ့ မှာ ၄ ပေ အထိ ရှည်နိုင်ပါတယ်။ ကျိုတိုမြို့ ဝါးတောထဲမှာ ဖောက်လုပ်ထားတဲ့ လူသွားလမ်းကလေးမှာ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ်၊စက်ဘီးစီးရင်းပဲဖြစ်ဖြစ် လှပတဲ့ ရှုခင်း တွေကို ခံစားနိုင်မှာပါ။
ဆောင်းရာသီကုန်ပြီး နွေဦးရာသီကိုရောက်တာနဲ့ ဂျာမနီနိုင်ငံ၊ဘွန်းမြို့ က ‘Heerstrasse’ လမ်းမဟာ ချယ်ရီပန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ လမ်းတစ်ဖက်တစ်ချက်မှာ အုပ်မိုးထားတဲ့ ချယ်ရီပင်မြင့်တွေ အစီအရီ နဲ့  ဒီလမ်းကို ရောက်ဖူးသူတိုင်းဟာ သဘာဝရဲ့အလှမှာနစ်မြောသွားတတ်ကြပါတယ်။ ဘယ်အရာမှ မတည်မြဲ သလို ဒီမှင်သက်လောက်စရာအလှတရားဟာလည်း အများဆုံး သုံးပတ်သာ ခံပါတယ်။
၁၁။ မက္ကဆီကို ၊ နိုင်ကာ မိုင်းတွင်း
ဒီအံ့သြစရာမိုင်းတွင်းဟာ မက္ကဆီကိုနိုင်ငံမှာ တည်ရှိပြီး လက်ရှိလည်ပတ်လုပ်ကိုင်နေတဲ့ မိုင်းတွင်း ဖြစ်ပါတယ်။ ဂူအတွင်းပိုင်းမှာ ဆယ်လီနိုက်ကျောက်သလင်းတွေ အထပ်ထပ်လှပဆန်းကြည်စွာ ဖြစ်ထွန်းနေပုံကို မြင်တွေ့  နိုင်ပါတယ်။ မြေမျက်နှာပြင်အောက် ၉၈၀ ပေ မှာ တည်ရှိတဲ့ နိုင်ကာ မိုင်းတွင်း ရဲ့ အကြီးဆုံးဂူခန်းမှာ ကျောက် သလင်းအကြီးစား အများစုရှိပြီး ၃၉ ပေရှည်ပြီး ၅၅ တန် ရှိတဲ့ အကြီးဆုံး ကျောက်သလင်းကို လွန်ခဲ့တဲ့ နှစ် က တွေ့ ရှိခဲ့ပါတယ်။
၁၂။ ကာဝါချီဖူဂျီပန်းခြံက ပန်းခရမ်းပြာဥမင်
ဂျပန်နိုင်ငံ၊ Kitakyushu မှာ တည်ရှိတဲ့ ကာဝါချီ ဖူဂျီပန်းခြံဟာ မျိုးစိတ် ၂၀ ကျော်ရှိတဲ့ ပန်းခရမ်းပြာတို့ ရဲ့ နားခိုရာ နေရာတစ်နေရာပါ။ ထောင်ချီနေတဲ့ ပန်းခရမ်းပြာပင်တွေ လွှမ်းခြုံနေတဲ့ လျှောက်လမ်းဟာ သဘာဝအဆန်ဆုံး ခမ်းနားလှပမှုကို ဖော်ကျူးနေပါတယ်။ မယုံကြည်နိုင်လောက်အောင် လှပပေမယ့် ပန်းခြံဝင်ကြေးကတော့ အခမဲ့ပါ။
၁၃။ ဆီနီဂေါက ပန်းရောင်ရေကန်
Lake Retba လို့ ခေါ်တဲ့ ရေကန်ဟာ ဆီနီဂေါနိုင်ငံရဲ့ မြောက်ဘက်ပိုင်း မှာ တည်ရှိပါတယ်။ Lake Retba ရဲ့ ရေတွေဟာ ပန်းရောင်ဖြစ်နေပြီး ၊ ဒီလိုဖြစ်ရတာက ရေထဲမှာပါတဲ့ Dunaliella salina ဆိုတဲ့ ပင်လယ်ဆားမှာ ပါဝင်တဲ့ ဓာတ်ပြုပစ္စည်းကြောင့်ပါ။ နာမည်ကျော် ပင်လယ်သေ လိုပဲ Lake Retba ဟာလည်း ဆားဓာတ်ပါဝင်မှု ပမာဏများပြားလွန်းတာကြောင့် လူ၊အရာဝတ္ထုပစ္စည်းတွေကို လွယ်လွယ်ကူကူ ပင့်တင်ထားနိုင်ပါတယ်။ ခြောက်သွေ့ ရာသီမှာတော့ ပုံမှန်ရေအရောင်ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ ပန်းရောင်ဖြစ်နေတဲ့ရေကြောင့် ဆန်းကြယ်လှပတဲ့ရှုခင်းတွေကို နှစ်သက်တဲ့လူတွေအတွက် နေရာကောင်းတစ်ခုပါပဲ။
၁၄။ တရုတ်နိုင်ငံက ရောင်စုံသက်တန့် တောင်တန်းများ
ဒီပုံက လိမ်ညာထားတာမဟုတ်ပါဘူး။ တကယ့်သဘာဝတောင်တန်းစစ်စစ်တွေကို တရုတ်နိုင်ငံ၊ ဒန်စီယာ ဘူမိပန်းခြံဧရိယာအတွင်းမှာ တွေ့ နိုင်ပါတယ်။ ဒီအနုပညာဆန်တဲ့တောင်တန်းတွေကို ဘယ်ပန်းချီဆရာမှ စုတ်ချက်ချသွားခဲ့တာမဟုတ်ပါဘူး။ သဘာဝတရားက နှစ်ပေါင်း ၂၄ သန်းကျော် အချိန်ယူပြီး စုတ်ချက် တင်ခဲ့တာပါ။ လူသူအရောက်အပေါက်နည်းလှတဲ့ အဲဒီဒေသမှာ အဲလိုအရောင်အသွေးစုံတောင်တန်းတွေ အမျိုးမျိုးကို ရှုမငြီးတွေ့ နိုင်မှာပါ။ လူတို့ ဖန်ဆင်းထားတာထက် သဘာဝတရားရဲ့ဖန်ဆင်းမှုတွေက အဆပေါင်း များစွာ ပိုလှပဆန်းကြယ်တယ်ဆိုတာ ဒီတောင်တန်းတွေကို မြင်ပြီးရင် သင်ငြင်းနိုင်မှာမဟုတ်တော့ပါဘူး ။
Ref: boredpanda.com
Top