ယုံကြည်မှုဆိုတာ ချစ်ခြင်းတစ်ခု ခိုင်မြဲစေဖို့ မဏ္ဍိုင်အနေနဲ့ မဖြစ်မနေ လိုအပ်ပါတယ်။ တကယ်လို့များ ယုံကြည်မှုမရှိဘူးဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ ချစ်နေပါစေ ဒီချစ်ခရီးလမ်းက တာရှည်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုဆိုတာလည်း ပြောသလောက်တော့ လွယ်လွယ်မရနိုင်ပါဘူး။  ဒါကြောင့် ချစ်ခရီးလမ်း ရှည်ကြာခိုင်မြဲဖိုအတွက် ယုံကြည်မှုကို တည်ဆောက်နိုင်ရန် အခုရေးသားမယ့် အချက်လေးတွေကို လုပ်ဆောင်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

(၁)ဝေမျှပါ။

အကြိမ်များစွာတိုင်းမှာ စာဖတ်သူကို ပြောခဲ့ပြီးပါပြီ။ ချစ်ခြင်းတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုဟာ ဘယ်လောက်အရေးကြီးကြောင်းကိုပေါ့။ သင့်အနေနဲ့ ချစ်ခြင်းတစ်ခုကို လုံ့လစိုက်ပြီး ဖန်တီးဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အဆိုး၊အကောင်း စတဲ့ အရာအားလုံးကို ဝေမျှနေကြဖို့ လိုအပ်ပါတယ်။ ဒီလိုဆက်နွယ်မှုမျိုးဟာ ယုံကြည်မှုတစ်ခုတည်ဆောက်ရာမှာ များစွာ အထောက်အကူပေးပါတယ်။

(၂)အစွဲတွေကို ဖျောက်ဖျက်ပါ။

အချို့သော အပိုင်းတွေမှာ သံသယတွေဆိုတာ တစ်ဖက်သတ်စိတ်ကူးထင်မြင်ချက်တွေ ဖြစ်နေတတ်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ ဒါဟာအရေးကြီးပါတယ်။ သင့်အနေနဲ့ တစ်ဖက်သားကို ရှင်းလင်းကြည်လင်၊ သံသယကင်းတဲ့ စိတ်ဓါတ်မျိုးနဲ့ ဆက်ဆံဖို့လိုအပ်ပြီး သံသယတွေနဲ့ ယှဉ်တွဲမဆုံးဖြတ်နေသင့်ပါဘူး။ သင့်ရဲ့စိတ်ကူးတွေးထင်ချက်တွေကို ရိုင်းစိုင်းမသွားအောင် ထိန်းချုပ်ထားဖို့ လိုပါတယ်။

(၃)ပါဝင်ပတ်သက်ပါ။

ယုံကြည်မှုတည်ဆောက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ တစ်ဦးရဲ့ကိစ္စတွေမှာ တစ်ဦးက ပါဝင်ပါ။ ပါဝင်ခြင်းဆိုရာမှာ သူမရဲ့ လိုအပ်နေတဲ့ဘ၀ရဲ့ အစိတ်အပိုင်းတွေကို လိုက်ပါ ဆောင်ရွက်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ စတာတွေကို ဆိုလိုတာပါ။ သင်က ပိုပြီးပါဝင်လေလေ၊ သူမရဲ့ ခံစားချက်တွေ ၊ အတွေးအမြင်အယူအဆတွေဟာ ဘယ်လိုဆိုတာ ပိုပြီး နားလည်လေလေပါပဲ။ ဒါဟာ သင်တို့နှစ်ဦးကို ပိုပြီး နီးကပ်စေရုံသာမကပါဘူး ပိုပြီးလည်း ယုံကြည်လာနိုင်စေပါတယ်။

(၄)အသစ်တစ်ဖန် ပြန်တည်ဆောက်ပါ။

အတိတ်က အမှားတစ်ခုကြောင့် လက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိသမျှ အရာအားလုံးကို ပြည်ဖုံးကားချလိုက်ဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ date လုပ်ခဲ့ဖူးတဲ့ အတိတ်ရော သူမရဲ့ အတိတ်က ရည်းစားဟောင်းရော အားလုံးဟာ သင်တို့ရဲ့ ယခုလက်ရှိ ချစ်ခြင်းကို ကြားဝင်စွက်ဖက်နေစေဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် သင်တို့ရဲ့ လက်ရှိအချိန်နဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် အခုအချိန်ကစပြီး ဖန်တီးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အသစ်ကို နှစ်ယောက်စလုံး တပြိုင်နက်တည်း ချလိုက်ပါတော့။
 
Top