The most selfish one-letter word is ' I '. Avoid it.


အက္ခရာ တစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံး စကားလုံးကတော့ 'ငါ' ပါ။ အဲဒါကို ရှောင်ကျဉ်ပါ တဲ့။

ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူ့လောကထဲက နေရာတကာမှာ ငါတကော ကောနေကြတဲ့ လူတစ်ချို့ရဲ့ မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ ၀ိုးတ၀ါး ပေါ်လာပါတယ်။ အဲဒါ ငါလုပ်လိုက်တာလေ။ ငါမရှိရင်တော့ မင်းတို့တွေအားလုံး ဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင် မင်းတို့အသင်း ရှုံးပြီ။ ငါသာမကူညီရင်တော့ မင်း မလွယ်ဘူးနော်။ စတဲ့… စတဲ့ တစ်ငါတည်း ငါနေကြတဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ မကြားချင်လည်း ကြားနေကြရမယ့် စကားလုံးတွေပါ။ ဒီလိုစကားမျိုးတွေကို ပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ တော်ကြတဲ့သူတွေ များပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ယုံကြည်မှု၊ သူတပါးအပေါ် အထင်အမြင် သေးမှုတွေ လွန်ကဲနေတတ်ကြတဲ့ အဲဒီ့လို လူမျိုးတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊ မာနတက်ခဲ့ခြင်း တို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှ ခံရတတ်ပါတယ်။ လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့ သဘောတရားကို နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ လောကဓံတရား ဆိုတာကြီးကို မေ့လျော့ နေတတ်ကြတဲ့အတွက် တကယ်တမ်း ကြီးမားပြင်းထန်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရပြီး ကိုယ့်အနားမှာ တစ်ယောက်မှ မရှိတော့တဲ့အခါမှ နောင်တတွေ ရနေမိတဲ့ အဖြစ်မျိုးတွေ ကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီ ဆိုရင် ဒီကိစ္စဟာ ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလား ဆိုတာကို အမြဲတမ်း ပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်ဆိုတဲ့စကားကို အားလုံး ကြားဖူးကြမှာပါ။ ကိုယ်နဲ့ ပတ်သက် ဆက်နွယ်နေသမျှ သူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကိုယ့်ကို ပါရမီ ဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာ နားလည်ထားမယ်ဆိုရင် လောကမှာ ငါတကော ကောစရာကိစ္စဆိုတာ ဘာမှ မရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ 'ငါကွ' 'ငါကွ' လို့ အော်ပြီး အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတဲ့ အပြုအမူမျိုးကို သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။

The most satisfying two-letter word is 'We'. Use it.


အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံး စကားလုံးကတော့ 'ငါတို့' ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

ခုဏကစကားနဲ့ ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ 'ငါ' ဆိုတဲ့ စကားလုံးကို သုံးတာထက် 'ငါတို့' ဆိုတဲ့ စကားလုံးကို သုံးလိုက်ခြင်းက အားလုံးအတွက် ပိုပြီး ကျေနပ်အားရစရာ ကောင်းပါလိမ့်မယ်။ ကိစ္စရပ်တစ်ခုကို ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီ ဆိုရင် ငါလုပ်လိုက်လို့ ပြီးသွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံး ၀ိုင်းလုပ်ကြလို့ အခုလို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတာ မဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ အထက်မှာ ဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေ အဖို့ကတော့ တကယ့်ကို မလွယ်ပါဘူး။ မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ ဆက်နွယ် ပတ်သက်နေသမျှ လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊ စည်းလုံးညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့ အင်အားကို နားလည်တတ်တဲ့ စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို ရင်ထဲကနေ ပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်း လုပ်လို့မရတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ် သူ့မှာ နောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေ မရှိရင် အဲဒီ့သူဟာ ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ်တစ်ကောင်က ထမင်းလုံးတစ်လုံးကို မသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့် ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိပြုသင့်ပါတယ်။ အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် 'ငါ' ဆိုတဲ့ စကားလုံးကို သုံးတော့မယ်လို့ စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေက ဘယ်လို ပါဝင် ပတ်သက်ခဲ့တယ် ဆိုတာကို သေသေချာချာ သုံးသပ်ပြီး 'ငါတို့' ဆိုတဲ့ စကားလုံးလေးအဖြစ် ပြောင်းလဲ သုံးစွဲနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

The most poisonous three-letter word is 'Ego'. Kill it.

အက္ခရာသုံးလုံးနဲ့ ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံး စကားလုံးဟာ 'အတ္တ' ပါ။ အဲဒါကို သတ်ပစ်ပါ။

ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့ လူသားတွေတိုင်းမှာ အတ္တ မကင်းနိုင်ကြဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် နေရာတကာမှာ အတ္တစိတ်ကို ရှေ့တန်းတင်ပြီး ပြောဆို ဆောင်ရွက်နေမယ် ဆိုရင်တော့ အဲဒီ့ အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ် အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။ အတ္တစိတ်ဟာ လိုတာထက်ပိုပြီး လွန်ကဲလာပြီဆိုရင် အဲဒီ့လူအနေနဲ့ ဘယ်လို ကောင်းမွန်တဲ့ အလုပ်ကိုမှ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့..။ သူဟာ တစ်နေ့တာအတွက် လိုလေသေးမရှိအောင် စားသောက် သုံးစွဲပြီးတဲ့နောက် သူ့လက်ထဲ ငွေတစ်ထောင် ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှ မစားရသေးတဲ့ ချို့တဲ့နွမ်းပါးသူတစ်ယောက်နဲ့ ဆုံပြီဆိုရင် သူ ဘာလုပ်မလဲ။ အတ္တ သိပ်မကြီးတဲ့သူ ဆိုရင်တော့ ကိုယ်လဲ စိတ်ကြိုက် သုံးစွဲပြီးပြီပဲဆိုပြီး ကျန်တဲ့ငွေကို အဲဒီ့လူ ထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။ အတ္တကြီးလွန်းသူ ဆိုရင်တော့ အဲဒီ့မြင်ကွင်းကို မသိချင်ယောင်ဆောင် လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့ သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက် ထပ်မံ သုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေအတွက်နဲ့ အချို့သူတွေ ထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။ အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေ သက်သက်အတွက်ပဲ မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ဝတ္ထုပစ္စည်းတွေ ပိုင်ဆိုင်မှုနဲ့ အဆုံးမရှိတဲ့ စိတ်ဆန္ဒတွေ ပြည့်ဝနေမှုဟာ အမှန်တကယ် မွန်မြတ်ပြီး၊ အမှန်တကယ်
ကိုယ်ပိုင်ဆိုင်လိုက်နိုင်တဲ့ အရာတွေ မဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။ တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့ အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း
တတ်စွမ်းသ၍ ပယ်သတ်ပစ်နိုင်ဖို့ ကြိုးစားကြတာပေါ့ဗျာ။

The most used four-letter word is 'Love'. Value it.


အက္ခရာ လေးလုံးပါတဲ့ လူသုံးအများဆုံး စကားလုံးကတော့ 'ချစ်ခြင်းမေတ္တာ' ပါ။ အဲဒါကို တန်ဖိုးထားပါ။

ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို အားလုံး သဘောတူကြမယ် ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေ စိမ့်ဝင်နေတဲ့ အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့ စကားလုံးတိုင်း ကိုယ်စားပြုနိုင်မယ် မထင်ပါဘူး။ အလိုရမ္မက် သက်သက်တွေကို အချစ်လို့ နာမည်တပ်လို့ မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့ အလိုရမ္မက်တွေရဲ့ အတိုင်းအတာက ကိုယ်စီကိုယ်ငှ ပါဝင်နေတတ်ကြပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး အပြည့်အ၀ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ကြသေးတာဟာ 'ချစ်တယ်' ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်က စိတ်ခံစားမှု အပိုင်းအစတွေကိုပါ။ ဘာပဲပြောပြော နိစ္စဓူဝ ကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာ မေတ္တာတရားလေးပါ နည်းနည်းလောက် ပေါင်းထည့်ပေးနိုင်ကြရင် ကောင်းမယ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းပါ။ အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင် မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။ တချို့တွေက ချစ်ခြင်းမေတ္တာကို တန်ဖိုး မထားတတ်ကြပဲ စိတ်ဆန္ဒတွေရဲ့ မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေ သုံးနှုန်းပြီး ကာမဂုဏ် အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ ဖြုန်းတီးပစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ စစ်မှန်တဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ ဘ၀လေးတွေကို ထူထောင်နိုင်ကြစေချင်ပါတယ်။

The most pleasing five-letter word is 'Smile'. Keep it.


အက္ခရာ ငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ 'အပြုံး' ပါ။ အဲဒါကို ဆောင်ထားပါ တဲ့။

အရမ်းစိတ်ညစ်နေတဲ့ အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့ အခါမျိုး၊ အရမ်းအားငယ်နေတဲ့ အခါမျိုးတွေမှာ တစ်ယောက်ယောက်ကနေ ကိုယ့်ကို ရင်ထဲကနေ ပေါက်ဖွားလာတဲ့ အားပေး အပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင် စိတ်ထဲမှာ ဘယ်လောက်အထိ ကြည်နူးသွားတယ် ဆိုတာကို ကြုံဖူးသူတိုင်း သိကြမှာပါ။ အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့ သက်ရောက်အားဟာ တခါတခါမှာ အံ့သြစရာ ကောင်းလောက်အောင်ကို ကြီးမားသွားတတ်ပါတယ်။ ကြားဖူးတဲ့ ဖြစ်ရပ်လေး တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ မသန်စွမ်း ကလေးငယ်တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က ၀င်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူ အခါခါလဲကျလို့ ဘေးကနေ အော်သံတစ်ခုကို ကြားရတဲ့အခါတိုင်း သူ လှမ်းလှမ်းကြည့်လိုက်ရင် ပွဲကြည့်စင်ကနေ သူ့ကို ပြုံးပြီး 'ရောက်တော့မယ်သားရဲ့... ပြေးထား... ပြေးထား' လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲ တွေ့နေရပါတယ်။ သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ ဆုတံဆိပ်တွေ မရခဲ့ပေမယ့် ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့ စီးပွားရေးသမားကြီးတစ်ယောက် ဖြစ်နေတဲ့
ခြေထောက်မသန်တဲ့ သူ့ကို မေးကြည့်တော့ 'ကျွန်တော် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းက ပြေးပွဲကလေးမှာ ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကို လိုက်အားပေးနေတဲ့ မေမေ့ရဲ့ အပြုံးမျက်နှာကို အမြဲတမ်း ပြန်မြင်ယောင်နေတတ်တယ်။ မေမေ့ရဲ့ အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော် ဒီဘ၀ကို ရောက်လာတာပေါဗျာ' တဲ့။ လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံး စွဲသွားစေမယ့် အပြုံးမျိုးကို ပြုံးနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ အသန့်စင်ဆုံး ဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့ စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူ ပါနေဖို့ လိုပါတယ်။ ကျွန်တော်တို့ လူတိုင်းကို အဲဒီ့လို အပြုံးမျိုးနဲ့ ပြုံးပြနိုင်ဖို့ လေ့ကျင့်ကြည့်ရအောင်လေ။

The fastest spreading six-letter word is 'Rumor'. Ignore it.


အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ 'ကောလဟာလ' ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူခြင်းဆောင်ဆိုတဲ့စကား ရှိပါတယ်။ ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့ မွှေးပျံ့တဲ့ရနံ့ကို သယ်ဆောင်ပေးမယ့် လေညင်းဟာ သူကိုယ်တိုင် သန့်ရှင်း စင်ကြယ်နေဖို့ လိုပါတယ်။ အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ အစကတည်းက အနံ့ဆိုးတစ်ခုခုများ ပါနေခဲ့ပြီဆိုရင် ပန်းရဲ့ မွှေးပျံ့မှုသတင်းကို သူ အမှန်အတိုင်း သယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း လူခြင်းဆောင်ကြတယ် ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး အကျိုး သက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ ပို့တဲ့အခါမှာ ကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ ထပ်ပေါင်း ထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ ကောလဟာလဆိုတာတွေ ဖြစ်လာတယ် လို့ ကျွန်တော်တော့ ထင်ပါတယ်။ ပါးစပ်တွေကလည်း ပြောနေကြသလို၊ နားတွေကလည်း ကြားနေကြရလေတော့ အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ ဆိုတာတွေကို ကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်းတစ်ခုခုများ ကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို လျစ်လျှူရှုပစ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုတိုင် အပြည့်အ၀ ယုံကြည်နေမယ်ဆိုရင် ဘယ်လို ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။

The hardest working seven-letter word is 'Success'. Achieve it.


အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ 'အောင်မြင်မှု' ပါ။ အဲဒါကို အရယူပါ တဲ့။

Give and take ဆိုတဲ့ လောကရဲ့ အပေးအယူ သဘောတရားတွေဟာ ဘယ်သူမှ လွန်ဆန်လို့မရနိုင်တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့ ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့ ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့ နောက်မှာ ထိုက်တန်တဲ့ အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန် ကပ်ပါလာတတ်ပါတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေ ရှိပါတယ်။ ရည်မှန်းချက်တွေ ပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို ဘေးခဏ ပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ ခရီးကို တစ်ယောက်တည်း စီးဆင်းရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အရင်းနှီးတိုင်းဟာ အရှုံးအတွက် ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့ အတော်လှမ်းချင် လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လက်တကမ်းကို ရောက်လာရမှာပါပဲ။ ကျွန်တော်တို့ မျှော်ရည်ရာ ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန် ကြိုးစားကြမယ်။ ပြီးရင် အဲဒီ့အောင်မြင်မှု ဆိုတာကြီးကို အတူတူ အရယူကြမယ်။

The most troublesome eight-letter word is 'Jealousy'. Distance it.


အက္ခရာရှစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံး စကားလုံးကတော့ 'မနာလိုဝန်တိုမှု' ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့ ကိုယ့်ဒုက္ခကိုယ် ရှာချင်ကြတဲ့သူတွေ မွေးတတ်ကြတဲ့ စိတ်ထားပါ။ စိတ်ကို အရမ်းပူလောင်စေပြီး၊ တခါတခါမှာ မကောင်းမှုတွေကိုပါ ဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ်ဆိုတဲ့ အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ် ၀င်လာပြီဆိုရင် အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကို ဦးတည်သွားပါပြီ။ မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။ ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊ ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို ကံကြမ္မာရဲ့ အနှောက်အယှက် ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင် အဲဒါကို မုဒိတာပွားနိုင်ဖို့ လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်က သူ့ကို မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို ရောက်လာတတ်ပါတယ်။ ကိုယ့်ထက် မြင့်သွားမှာကို စိုးရိမ်တဲ့အတွက် အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါးကိုပါ အန္တရာယ်တွေ အမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ် (မနာလိုဝန်တိုစိတ်) တွေနဲ့ ဝေးသထက်ဝေးဝေး နေနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရပါလိမ့်မယ်။ ကိုယ့်ထက် တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး လက်ကမ်း ဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့ စိတ်ထားတွေ ကျွန်တော်တို့ မွေးဖို့လိုလာပြီ။

The most powerful nine-letter word is 'Knowledge'. Acquire it.


အက္ခရာကိုးလုံးနဲ့ တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ 'အသိပညာဗဟုသုတ' ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာ မှတ်သားနိုင်စွမ်းနဲ့ အသိပညာ ဗဟုသုတတို့သာ မရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာ မဟုတ်ပါဘူး။ သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့ စက္ကန့်ပိုင်းကလေးကသာ ပိုင်းခြားထားတာ ဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့ မနှိုင်းယှဉ်သာအောင်ကို များပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့ အလုပ်အင်တာဗျူး တစ်ခုမှာ နောက်ဆုံး ဆန်ခါတင် နှစ်ယောက်ပဲ ကျန်တော့ပါတယ်။ အဲဒီ့အထဲက တစ်ယောက်တည်းကိုသာ ရွေးမှာပါ။ ဘယ်သူ့ကို ရွေးရမလဲလို့ ဝေခွဲရ ခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အလုပ်နဲ့ပတ်သက်တဲ့ အရေးအကြီးဆုံး မေးခွန်းတစ်ခု မေးမယ်။ ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ ပြောပါတယ်။ ပြီးတော့ သူ မေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီ မေးလိုက်ပါတယ်။ တစ်ယောက်က ဖြေနိုင်လို့ အလုပ်ရသွားပြီး၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက် နောက်လှည့် ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် ပိုသိတဲ့သူက ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်း အလုပ်ရှင်က အဖြေကို ပြောပြလိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ သိသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ သိခြင်းအဖြစ်ကို ကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့ သူ ဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ငါ ဘာမှမသိပါလားဆိုပြီး အားငယ် စိတ်ပျက်နေစရာ မလိုပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို တတ်နိုင်သမျှ မျက်ခြေမပျက်အောင် အမြဲတမ်း ကြိုးစားနေရမယ် ဆိုတာကိုတော့ နားလည်ရပါတယ်။

The most essential ten-letter word is 'Confidence'. Build it.

အက္ခရာဆယ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ မရှိမဖြစ် အလိုအပ်ဆုံး စကားလုံးကတော့ 'ယုံကြည်မှု' ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ သူတပါးနဲ့ မိမိအကြား အပြန်အလှန် ယုံကြည်မှုဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင် တည်ဆောက် ယူနိုင်ပါမှ အမြင့်မားဆုံး အောင်မြင်မှုတွေကို လက်ဝယ် ခိုင်ခိုင် ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု အများကြီး ဆက်စပ်မှု ရှိနေပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည်အ၀မရှိတဲ့ သူတစ်ယောက်ဟာ သူတပါးတွေရဲ့ ယုံကြည်မှုကို ရနိုင်ဖို့ ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက မိမိအပေါ် အယုံအကြည် ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ ယုံကြည်ထားမှုတွေဟာ တစတစနဲ့ ပျက်ယွင်းလာတတ်ပါတယ်။ ယုံကြည်မှုတစ်ခု ချို့ယွင်း ပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင် ပြန်လည် တည်ဆောက်ယူဖို့ဆိုတာဟာ တော်ရုံတန်ရုံ စိတ်အားသတ္တိမျိုးနဲ့ မဖြစ်နိုင်ပါဘူး။ ဘယ်လို ဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ် အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။ တစ်ဦးကိုတစ်ဦး ယုံကြည်မှု နဲနဲလေးမှ မရှိဘူးဆိုရင် အရှည်သဖြင့် လက်တွဲရှေ့ဆက်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီ့တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံး စလုပ်ရမယ့်အလုပ်က ပြည့်ဝတဲ့ အပြန်အလှန် ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး တည်ဆောက်ယူဖို့ပဲ ဖြစ်ပါတယ်။ ပြည့်ဝတဲ့ ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့ နှုတ်ထွက်စကားတွေကို ဖြစ်စေပါတယ်။ ဗုဒ္ဓမြတ်စွားဘုရားကို ဥပမာထားပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့ တပည့်သာဝကတိုင်း အားလုံးလိုလိုဟာ ဘယ်သူကပဲဖြစ်ဖြစ် 'သင်တို့ရဲ့ဆရာ ဘယ်သူလဲ' လို့ မေးလာတဲ့အခါတိုင်း 'ဂေါတမဘုရားရှင်သည် ငါတို့၏ဆရာဖြစ်သည်' လို့ ဖြေကြမြဲပါ။ ဒါဟာ ပြည့်စုံကုံလုံတဲ့ ယုံကြည်ခြင်း တစ်ခုကနေ တဆင့် စီးဆင်းလာတဲ့ ရင်ထဲက စကားလုံးတွေပါ။ ကျွန်တော်တို့တွေ အားလုံး သံသယတွေ၊ ဒွိဟတွေ၊ တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့ အရာမှန်သမျှကို ပြည့်ဝတဲ့ ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။

မူရင်းစာကြောင်းတွေက
ဘယ်သူတွေရေးထားတယ်ဆိုတာ မသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ ပိုကောင်းသွားအောင်ဆိုတဲ့ စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့ ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊ ကြားဖူးကြသူတွေလည်း အများအပြား ရှိကြမှာပါ။ အဲဒါကို ကျွန်တော်က ဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးနေရတာလဲလို့ မေးလာရင်တော့… ကျွန်တော် စကားတစ်ခွန်းတည်းနဲ့ပဲ အဖြေပေးခဲ့ပါရစေ။

"စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့ သြော်… ဒါလား ဆိုတဲ့အဆင့်မှာတင် ရပ်မထားပဲ ဆက်တွေးကြဖို့နဲ့ ဖြစ်နိုင်ရင် လက်တွေ့ ကျင့်သုံးကြဖို့ အားလုံးကို တိုက်တွန်းချင်လို့ပါ"

ရင်းနှီးမှု့အပေါင်းဖြင့်
 
Top