နော်ဝေနိုင်ငံဟာ ကမ္ဘာတစ်ဝန်းက မျိုးစေ့တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ Global Seed Vault ရဲ့ ရေတားစနစ်တွေကို အားဖြည့်နေပါတယ်။ 

သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် လူကြောင့်ဖြစ်ရတဲ့ဘေးအန္တရာယ်တွေကြုံရင် ကမ္ဘာ့ကောက်ပဲသီးနှံ မျိုးစိတ်တွေဆုံးရှုံးပျောက်ကွယ်သွားမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့အာတိတ်စက်ဝိုင်းရဲ့ Svalbard ကျွန်းစုမှာ Global Seed Vault ဆိုတဲ့ မျိုးစေ့သိုလှောင်ခန်းကို တည်ဆောက်ခဲ့တာပါ။ 

အမေရိကန်ဒေါ်လာ (၉)သန်း ကုန်ကျခဲ့ပြီး တစ်နှစ်အချိန်ယူ တည်ဆောက်ခဲ့တဲ့ Global Seed Vault ကို ၂၀၀၈ ခုနှစ်ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပါတယ်။

 တောင်အတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ မျိုးစေ့သိုလှောင်ခန်းမှာ ကမ္ဘာတစ်ဝန်းက ကောက်ပဲသီးနှံ မျိုးစေ့ ၅၀၀၀ ကို သိမ်းဆည်းထား ပါတယ်။ 

နိုင်ငံအများစုက သူတို့ရဲ့ ကောက်ပဲသီးနှံ မျိုးစေ့တွေကို  ကိုယ်တိုင်ကိုယ်ကျ သိမ်းဆည်းထားလေ့ရှိပေမယ့် Global Seed Vault ကတော့ မျိုးစေ့တွေကို အရန်အနေနဲ့ သိုလှောင်ထားတာဖြစ်ပါတယ်။ Global Seed Vault မှာ ခြောက်သွေ့အောင်လုပ်ပြီး အအေးခံ သိုလှောင်ထားတဲ့ မျိုးစေ့တွေဟာ နှစ်ရာပေါင်းများစွာအထိ  အကောင်းအတိုင်း ရှိနေမယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

ဒါပေမဲ့ မနှစ်တုန်းက အချိန်အခါမဟုတ်ဘဲ အပူချိန် အလွန်အမင်းမြင့်တက်လာလို့ အစဉ်အေးခဲနေတဲ့ နက်ရှိုင်းမြေဆီလွှာ အရည်ပျော်ပြီး မျိုးစေ့သိုလှောင်ခန်းရဲ့ ဥမင်လိုဏ်ခေါင်းဝင်ပေါက်ကို ရေ၀င်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ မျိုးစေ့တစ်ခုမှ ထိခိုက်ပျက်စီးတာမျိုး မရှိခဲ့ပါဘူး။ 

ဒီနောက်မှာတော့ ဥမင်လိုဏ်ခေါင်းမှာ ရေစိမ့်မဝင်နိုင်တဲ့ နံရံအသစ်တွေ တပ်ဆင်ခဲ့ပြီး သိုလှောင်ခန်း ၀င်ပေါက်မှာ ရေ အိုင်မနေစေဖို့အတွက် တောင်ဘေးတစ်ဝိုက်မှာ မြောင်းတွေဖောက်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ Global Seed Vault ကို ကမ္ဘာပေါ်က အရေးအကြီးဆုံးအခန်းလို့ ဆိုကြပါတယ်။


 
Top