
ကြည့်သင့် ကြည့်ထိုက်တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံများ
.................................................................................
သမိုင်းဆိုတဲ့ မေ့ဖျောက်လို့မရတဲ့ အမှန်တရားဖြစ်လို့ သမိုင်းကိုလိမ်လိုက်တာကလည်း အနာဂတ်ကို သစ္စာဖောက်သလို ဖြစ်တတ်ပါတယ်။ သမိုင်းဝင်အထောက်အထားကို လေ့လာမယ်ဆိုရင် နောင်လာနောက်သားတွေအတွက် ဗဟုသုတတိုးပွားစေရုံမက အတိတ်ကအမှားတွေကိုလည်း သင်ခန်းစာ ယူနိုင်ပါတယ်။ အခုခေတ်လူငယ်တွေ ကြည့်ရှုဖို့ မလွယ်တော့တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံ (၅) ပုံကို ဖော်ပြလိုက်ပါတယ်။
၁။ ဟယ်လင်ကဲလား နှင့် ချာလီချက်ပလင်

ဟယ်လင်ကဲလား (Helen Keller) ဟာ ဟာသပညာရှင် ချာလီချက်ပလင် (Charlie Chaplin) ရဲ့ “Sunnyside” ရုပ်ရှင်ရိုက်ကွင်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဟယ်လင်ဟာ ချာလီချက်ပလင်ရဲ့ နှုတ်ခမ်းနဲ့ လည်ပင်းကို ထိတွေ့ပြီး အသံတုန်ခါမှုကို ဘာသာပြန်ပြီးတော့ စကားပြောခဲ့ပါတယ်။ ၁၉၁၂ခုနှစ်တုန်းက ကမ္ဘာကျော်နှစ်ဦးရဲ့ တွေ့ဆုံခန်းဟာ နှောင်းလူတို့ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ်။
၂။ အိုစမာဘင်လာဒင် နှင့် မိသားစု

အယ်လ်ခိုင်းဒါး (Al-Qaida) အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ဟာ ဆော်ဒီဘီလျံနာ မိုဟာမက် အက်ဝါ့ ဘင်လာဒင် (Mohammed Awad bin Laden) နဲ့ ဒသမမြောက်ဇနီး အယ်လီယာ ဂါနမ် (Alia Ghanem) တို့ရဲ့ သားဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၅၆ရှိတဲ့အနက် အိုစမာဘင်လာဒင်ဟာ ၇ယောက်မြောက်သား ဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ ၁၆နှစ်သား အိုစမာဘင်လာဒင်ဟာ အကိုတစ်ယောက်နဲ့ ဆွီဒင်နိုင်ငံ ဖယ်လွန်မြို့မှာ အလုပ်ကိစ္စနဲ့ရောက်တုန်း မိသားစုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ညာဘက်ထောင့်က ဒုတိယမြောက် ဘောင်းဘီအပြာ ရှပ်အစိမ်းနဲ့သူငယ်လေးဟာ ကမ္ဘာကျော်အကြမ်းဖက်သမားဖြစ်လာမယ့် အိုစမာဘင်လာဒင်လေးပါပဲ။
၃။ Metro Goldwyn Mayer ရဲ့ခြင်္သေ့ရိုက်ကွင်း

Metro Goldwyn Mayer ဆိုတဲ့မီဒီယာကုမ္ပဏီကို မသိရင်တောင် တချို့ရုပ်ရှင်အဖွင့်တွေမှာ ဟိန်းနေတဲ့ခြင်္သေ့လိုဂိုကြီးကို မှတ်မိမယ်ထင်ပါတယ်။ ကုမ္ပဏီပိုင်ရှင်က အဖွင့်မှာ တကယ့်ခြင်္သေ့ဟိန်းဟောက်နေတဲ့အသံနဲ့စဖို့ အတွေးရရှိပြီး Fegan ဆိုတဲ့ခြင်္သေ့နဲ့ စတူရီယိုအခန်းထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အသားစားသတ္တဝါဖြစ်တဲ့ ခြင်္သေ့ကို လိုချင်တဲ့ပုံစံမျိုးရရှိအောင် ရိုက်ကူးပုံဖော်နိုင်ခဲ့တဲ့ ကင်မရားသမားတွေကိုတော့ ချီးကျူးလောက်ပါတယ်။ ဒါကတော့ ခြင်္သေ့ကြီးကို စိတ်တိုင်းကျရိုက်ကူးနေတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။
၎။ ပီလီနဲ့ ဘော်ဘီမိုး

၁၉၇ဝခုနှစ် ဇန်နဝါရီ၇ရက်မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘရာဇီးလ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲအပြီးမှာ ပီလီနဲ့ ဘော်ဘီမိုးတို့ရဲ့ ဂျာစီလဲလှယ်နေတဲ့မြင်ကွင်းကလည်း ဘောလုံးချစ်သူတို့အတွက် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါတယ်။ ၁၉၇ဝဝန်းကျင်မှာ ခေတ်ပြိုင်ဘောလုံးသမားတွေဖြစ်ပေမယ့်လည်း အားကစားစိတ်ဓာတ်ပီသတဲ့သဘောပဲ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ တောင်ပံသမား ဂျာဇင်ဟို (Jairzinho) ရဲ့ဂိုးကြောင့် အနိုင်ရခဲ့ပါတယ်။
၅။ လေဘာတီရုပ်ထု တည်ဆောက်နေတဲ့မြင်ကွင်း

ငြိမ်းချမ်းရေးသင်္ကေတလို့ နာမည်ကျော်တဲ့ လေဘာတီရုပ်ထုကိုတော့ အမေရိကန်နိုင်ငံ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ဗိသုကာပညာရှင် ဘာသိုဒီ (Bartholdi) က ဒီဇိုင်းဆွဲပြီး အီဖဲလ်မျှော်စင်တည်ဆောက်သူ ဂတ်စတေ့ အီဖဲလ် (Gustave Eiffel) က တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်ပုံကတော့ ဆောက်လက်စရုပ်ထုကြီးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကဲ . . . ဒီဓာတ်ပုံတွေကတော့ သမိုင်းလည်းဝင်၊ ရှားလည်းရှားပါးတဲ့ပုံတွေပါ။ သူငယ်ချင်းတွေကြည့်ရအောင် ဝေငှပေးပါဦး။
ကျော်စိုးအောင် (အခရာ)
Post a Comment