0

ပြီးခဲ့သည့်လက ဆီးရီးယားတွင် ရုရှားက လေကြောင်းထိုးစစ်ဆင်ရာ၌ IS ခေါင်းဆောင် အဘူဘေကာအယ်လ်ဘာဒါဒီ သေဆုံးသွားခဲ့ပြီဟု ယူဆရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အတည်ပြုနိုင်ရန်မူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

မေလ ၂၈ ရက်နေ့က IS စစ်သွေးကြွများ၏ မြို့တော်အဖြစ် ခြေကုပ်ယူထားသော ရက္ကာမြို့ကို ရုရှားက ဗုံးကြဲတိုက်ခိုက်ရာတွင် IS ခေါင်းဆောင်များ အစည်းအဝေး လုပ်နေသော စခန်းတစ်ခုကိုပါ ချေမှုနှုန်းနိုင်ခဲ့သည်ဟု ရုရှားမီဒီယာများက ဖော်ပြသည်။

“မတူကွဲများတဲ့ လမ်းကြောင်းတွေကနေ ရရှိတဲ့ သတင်းအချက်အလက်တွေအရ ဒီအစည်းအဝေးပွဲကို ခေါင်းဆောင် အယ်လ်ဘာဒါဒီလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ သူ့ကိုပါ တိုက်ခိုက်မှုမှာ ချေမှုနှုန်းနိုင်ခဲ့ပါပြီ” ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံပိုင်မီဒီယာ တစ်ခု၏ ဖော်ပြချက်တွင်လည်း ယင်းတိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၃၀၀ ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

IS ခေါင်းဆောင်များသည် တောင်ဘက်စင်္ကြံလမ်းကြောင်းဟု ခေါ်ဝေါ်သည့် ဘက်ခြမ်းမှ ထွက်ပြေးနိုင်ရန် ညှိနှိုင်းနေခဲ့ကြခြင်း ဖြစ်သည်ဟု ရုရှားဘက်က ထုတ်ပြန်သည်။

အစည်းအဝေး တည်နေရာကို လူမဲ့လေယာဉ်ဖြင့် အတည်ပြုပြီးမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်ဘက်ကမူ ယင်းသတင်းကို အတည်မပြုနိုင်သေးကြောင်း ဆီးရီးယားနှင့် အီရတ်မှ IS နှိမ်နင်းရေး အမေရိကန် ဦးဆောင်သည့် စစ်ဆင်ရေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ရိုင်ယန်ဒီလွန်က ပြောကြားသည်။

Post a Comment

 
Top