0

Suthida Sangsumart တစ်ယောက်ဟာ သူ အသက် ၈နှစ်အရွယ်တုန်းက ထိုင်းနိုင်ငံ ၊ Roi Et အရပ်က သုဝဏ္ဏဘူမိဆေးရုံမှာ ဆေးစစ်ခဲ့ချိန်မှာ သူ့မှာ HIV ပိုးရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သူ့အဖေဟာလည်း AIDS ရောဂါနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို HIV ပိုးတွေ့ရှိပြီး ၁၅ နှစ်ကြာ ဆေးပြန်စစ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ သူ့မှာ HIV ပိုးမရှိကြောင်းကို  စစ်ဆေးတွေ့ရှိခဲ့ရပြီး သုဝဏ္ဏဘူမိဆေးရုံကို တရားစွဲဖို့ ဖြစ်လာပါတော့တယ်။
ဒီတစ်ပတ်စောစောပိုင်းက Suthida နဲ့ သူ့ရဲ့ ရှေ့နေ Songkran Achariyasab ဟာ ထိုင်းကြက်ခြေနီအဖွဲ့အစည်းရဲ့ အမည်မဖော်တဲ့ ဆေးခန်းတစ်ခုမှာ သူရဲ့ နောက်ဆုံးသွေးစစ်ထားတဲ့ အဖြေကို မီဒီယာတွေကို ပြသဖို့ ဖိတ်ခေါ်ထားပါတယ်။  The Nation ရဲ့ သတင်းအရတော့ သူ့မှာ HIV ပိုးရှိမနေကြာင်း သွေးနှစ်ကြိမ်စစ်ကြည့်ပြီး အတည်ပြုသိရှိပြီးနောက်မှာတော့ သူဟာ သည်းသည်းထန်ထန်ကို ငိုကြွေးခဲ့တာပါတဲ့။
သူဟာ လွန်ခဲ့တဲ့ လေးနှစ် ကိုယ်ဝန်ရှိတည်းက အဲဒီတုန်းက ဆရာဝန်ရဲ့ ဆေးစစ်ချက်ကို သံသယစရှိခဲ့တာ ဖြစ်ပါတယ်။
“ကျွန်မမှာ အသက်၈နှစ်အရွယ် HIV ရှိတယ်လို့ သိရတည်းက HIV ဆေးတွေ စသောက်ခဲ့ရတာပါရှင်။ ပြီးတော့လည်း ဒီကိစ္စကြောင့်ပဲ ကျွန်မဇာတိမြို့ကနေ Samut Prakarn ခရိုင်ကို ပြောင်းရွှေ့ခဲ့ရပါတယ်၊ ကျွန်မအဖေက AIDS နဲ့ ဆုံးပါးခဲ့ပြီး ကျွန်မမှာလည်း ဒီရောဂါ ရှိတယ်လို့ သိခဲ့ရတဲ့ အချိန်မှာ လူတွေက ကျွန်မကို လက်မခံကြတော့လို့ပါပဲ”
Suditha ဟာ ပြီးခဲ့တဲ့ ၁၅နှစ်လုံးလုံး HIV အတွက် ပေးတဲ့ ဆေးတွေကို သောက်နေခဲ့ရပြီး AIDS ရောဂါသည်ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ နေနေခဲ့ရတာဖြစ်ပါတယ်။ သူ့ကို ဆေးစစ်ချက်အမှားပေးခဲ့တဲ့ ဆေးရုံက ဆရာဝန်တွေကို စည်းကမ်းပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တရားစွဲရလောက်အောင်ကို သူဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ အတော့်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။
Roi Et မှာ ရှိတဲ့ သုဝဏ္ဏဘူမိဆေးရုံကတော့ ဒီသတင်းအတွက် ထုတ်ပြန်ချက်တစ်စောင် ထုတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Post a Comment

 
Top