0

ခရစ်စတီယာနို ရော်နယ်ဒိုကတော့ သူ့ရဲ့ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့မှုတွေအပြီးမှာ FIFA 18 ရဲ့ Cover Star အဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။ FIFA 18 အတွက် အထူးစပါယ်ရှယ် “Ronaldo edition” ကိုလည်း ပုံမှန် Version နဲ့အတူ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ “FIFA 18 ဂိမ်းခွေ အဖုံးပေါ်မှာ ဖော်ပြခံ၇တာ တကယ့်ကို ကျေနပ်စရာပါ၊ ဒီလို ဖော်ပြဖို့ ရွေးချယ်ခံရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဂိမ်းထဲမှာလည်း ဒီပေါ်တူဂီသားရဲ့ ပါဝင်မှုဟာ ဂိမ်းခွေ Cover မှာ ပါရုံဆိုတာထက် ပိုပါတယ်။ EA Sports ရဲ့ ဂိမ်းဖန်တီးသူတွေဟာ မက်ဒရစ်မြို့ထိ သွားရောက်ပြီး သူ့ရဲ့ ကွင်းထဲက ကစားပုံ၊ ပြေးလွှားအရှိန်ယူပုံ၊ ပြေးတဲ့ ပုံစံ၊ သူ့ဘောလုံးအလိမ်အခေါက်စကေးတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ဂိုးသွင်းတဲ့အခါ သုံးတဲ့ နည်းဗျူဟာတွေကို ဆန်းစစ်လေ့လာပြီး မှတ်တမ်းတင်ရိုက်ကူးခဲ့ကြတာပါ။
ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်အမှတ်သညာ ကစားပုံတွေကို ပုံစံတူထည့်သွင်းထားတဲ့ ဂိမ်းအကြောင်းပြသထားတဲ့ Trailer တစ်ခုကိုလည်း EA က ဒီလို ပြသခဲ့ပါတယ်။

ဒီဂိမ်းရဲ့ Special Editions ဗားရှင်းတွေကို ကြိုတင်မှာယူတဲ့ သူတွေဟာဆိုရင်ဖြင့် အထူးအခွင့်အရေးအနေနဲ့ ဂိမ်းထဲမှာ စီရော်နယ်ဒိုကို ငါးပွဲ အငှားအနေနဲ့ သုံးစွဲကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ဝေမယ့် Edition အသစ်ကိုလည်း မဖြန့်ချိခင် သုံးရက်စောပြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဂိမ်းရဲ့ အကြီးတန်းထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ အာရွန်မက်ဟာဒီကတော့ “ကျွန်တော်တို့ ထုတ်လုပ်ဖူးသမျှ ဂိမ်းတွေအတွက် အကြီးမားဆုံးခုန်ပျံကျော်လွှားမှုဖြစ်အောင် ဒီကမ္ဘာ့အကောင်းဆုံးကစားသမားက ဝင်ရောက်လှုံ့ဆော်ကူညီလိုက်သလိုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ထပ်ပြီးတော့ သူက “ ခရစ်စတီယာနိုနဲ့ အလုပ်တွဲလုပ်ရတာ ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားရတာပါ။ သူနဲ့ အလုပ်တွဲလုပ်ရတာ သူရဲ့ တမူထူးတဲ့ ကစားပုံစတိုင်တွေနဲ့ သူ့ကို ဘယ်အရာက ထင်ရှားစေတယ်ဆိုတာကို အများကြီး သိလိုက်ရပါတယ်။ သူ့ရဲ့ စိတ်အားထက်သန်မှု၊ စွမ်းအင်နဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်တွေကပဲ သူ့ကို FIFA 18 ရဲ့ ပြည့်စုံတဲ့ အမှတ်တံဆိပ်ကိုယ်စားပြုမှုပုံရိပ်ဖြစ်လာစေတာပါပဲ။” လို့ ထပ်လောင်းပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က ကာဒစ်ဖ်မှာ ပြုလုပ်ခဲ့တဲ့ ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်ရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ပြီးခဲ့တဲ့ ၁၂လလုံးဟာ အတောက်ပဆုံး ကိုယ်ပိုင်ကာလတွေပါပဲ။ ဒီမန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဟာ နိုင်ငံအသင်းပေါ်တူဂီနဲ့ European Championship ဖလားရယူမှုမတိုင်ခင်ဖြစ်တဲ့ မနှစ်က ဒီလိုအချိန်မှာပဲ ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ရတဲ့အပြင် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ ရွှေဘောလုံးဆုကိုပါ တပြိုင်တည်း ရရှိခဲ့သူဖြစ်ပါတယ်။
ဒီရီးရဲလ်မက်ဒရစ်စတားကို ဒီလို Cover ပေါ်မှာ မြင်ရတာ ပထမဦးဆုံးဖြစ်ပြီး EA Sports ကတော့  PS4 ၊ PS3 ၊ Xbox One ၊ Xbox 360 ၊ Nintendo Switch နဲ့ PC တွေအတွက် FIFA 18 ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်ခင်ဗျား

Post a Comment

 
Top