0

 

လူကိုသတ်သောအရောင်များ

ကျွန်တော်တို့လူတွေဆိုတာကလည်း လှတပတလေးမှ ကြိုက်တတ်တာမျိုးလေ။ သရက်သီးဆိုလည်း ဝင်းဝင်းပပလေးဖြစ်နေမှ ၊ ငရုတ်သီးဆိုလည်း နည်းနည်းလည်းရဲနေမှ ဝယ်ချင်တာမဟုတ်လား။ အင်္ကျီ အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေဆိုလည်းအတူတူပါပဲ။ ကျွန်တော်တို့ရဲ့ဘဝမှာ အရောင်တွေက အရမ်းအရေးပါပါတယ်။ ကမ္ဘာကြီးမှာ အရောင်တွေသာမရှိခဲ့ရင် ဘယ်လိုလုပ်အလှအပတွေ ရှိတော့မလဲ။ သဘာဝအတိုင်းရတဲ့ အရောင်တွေက ပြဿနာတစ်စုံတစ်ရာမရှိပေမယ့် လူလုပ်ဖန်တီးတဲ့အရောင်တွေကတော့ သမိုင်းကြောင်းတစ်လျှောက်လုံးလူသားတွေကို တော်တော်ဒုက္ခပေးတတ်ခဲ့ပါတယ်။ စီးပွားရေးဆန်ဆန် ဆိုးဆေးတွေသုံးလာရတဲ့အချိန်ကျတော့ပိုပြီးတော့ ဆိုးလာတာပေါ့။ မြန်မာနိုင်ငံမှာလည်း ဆိုးဆေးတွေရဲ့ အန္တရာယ်က လက်တစ်ကမ်းမှာရှိနေတာလည်း ကြားကြမှာပါ။

စိမ်းစိမ်းစိုစိုလေးမှ လှတယ်လို့ ထင်တယ်ဆို


၁၈၉၈ ခုနှစ်မှာ မာရီကျူရီ နဲ့ ပဲရီကျူရီ (Marie and Pierre Curie) တို့ဟာ ရေဒီယမ် (Radium) ကိုရှာတွေ့ခဲ့ပါတယ်။ ရေဒီယမ်မှာရှိတဲ့တောက်ပနိုင်စွမ်းကြောင့် အဲ့ဒီတုန်းက သွားတိုက်ဆေးတွေမှာထည့်သွင်းအသုံးပြုခဲ့ကြသလို ဆေး၊ ရေ နဲ့ အခြားအစားအသောက်တွေမှာလည်း အသုံးပြုခဲ့ကြပါတယ်။ သူ့ရဲ့စိမ်းလဲ့လဲ့အရောင်ကလူတိုင်းကိုဆွဲဆောင်နိုင်တာကြောင့် အလှကုန်နဲ့ကျောက်မျက်ရတနာတွေမှာလည်း အသုံးပြုခဲ့ကြပါသေးတယ်။ ၁၉ ရာစုနှစ်အလယ်လောက်ရောက်မှ ရေဒီယမ်ဟာ တောက်ပနိုင်စွမ်းရှိရုံသာမက ရေဒီယိုသတ္တိကြွနိုင်တဲ့သတ္တုအဖြစ်ပါ သိရှိခဲ့ရပါတယ်။ အရာဝတ္ထုအမျိုးမျိုးကို ပိုမိုလှပစေဖို့ အရောင်ဆိုးတဲ့နေရာမှာ ရေဒီယမ်ကတော်တော် အသုံးဝင်ခဲ့ပေမယ့် အန္တရာယ်ရှိကြောင်းသိလိုက်ရတဲ့အချိန်မှာတော့ လူသားတွေအကုန်လုံးတော်တော် တုန်လှုပ်သွားကြပါပြီ။ သမိုင်းကြောင်းတစ်လျှောက် ဆိုးဆိုးဝါးဝါး ဒုက္ခပေးခဲ့တဲ့ အရောင်ခြယ်ပစ္စည်းတွေထဲမှာ ရေဒီယမ်တစ်ခုတည်းမဟုတ်ပါဘူး။ အခြားအများကြီးရှိပါသေးတယ်။

ဖြူစင်ခြင်းကကောင်းပေမယ့်

အခုလိုမျိုးအရောင်တွေကြောင့်လူတွေသေကြေခဲ့ရတာက ဘီစီ ၄ ရာစုလောက်ကစပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေက လှပတဲ့အဖြူရောင်တွေကို ခဲ (Lead) ကနေ ထုတ်ခဲ့တာက စပါတယ်။ လူသားတွေခန္ဓာကိုယ်က ခဲ (lead) ဓါတ်ကို တိုက်ရိုက်စုပ်ယူနိုင်တာကြောင့် လူရဲ့သွေးလည်ပတ်မှုစနစ်ကို အနှောင့်အယှက်ပေးသလို ပျော့ပျောင်းတဲ့တစ်ရှူးစနစ်တွေကိုလည်း ထိခိုက်စေပါတယ်။ ဒီ ခဲဓါတ်ဟာ အာရုံကြောစနစ်ထဲရောက်သွားခဲ့ရင်တော့ ခန္ဓာကိုယ်ရဲ့ကယ်လ်ဆီယမ်ထိန်းညှိမှုစနစ်ဟာ ပုံမမှန်တော့ဘဲ သွက်သွက်လက်လက်လှုပ်ရှား သွားလာမှုပြုလုပ်နိုင်တော့မှာမဟုတ်သလို သွေးပေါင်ချိန်လည်းတက်လာမှာပါ။

ဒီလိုမျိုး ဆိုးဆေးအသုံးပြုထားတဲ့အရောင်တွေကို ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြသလို ယဉ်ကျေးမှုအသီးသီးမှာလည်း ဒီလိုအသုံးပြုမှုတွေ အစဉ်အဆက်ရှိခဲ့ကြပါတယ်။ ခဲအသုံးပြုထားတဲ့ အဖြူရောင် (Lead White) ကိုဆီဆေး နဲ့ ကြက်ဥအကာနဲ့ရောစပ်ရေးဆွဲတဲ့ပန်းချီကားတွေမှာ ၁၉ ရာစုမတိုင်ခင်အထိ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ပန်းချီဆရာတွေဟာ ပုံဆွဲဖို့အတွက် ခဲအတုံးလေးတွေကို ကိုယ်တိုင်အမှုန့်ကြိတ်ရတဲ့အတွက် အဆိပ်ရှိနေတဲ့အမှုန်အမြောက်အများနဲ့ တိုက်ရိုက်ထိတွေ့ရသလိုဖြစ်သွားတာပေါ့။ ဒါကြောင့် အဲ့ဒီခေတ်တုန်းကပန်းချီဆရာတော်တော်များများ လေထိုးလေအောင့်ရောဂါကို ခံစားရတာပါ။ ဒီလိုမျိုးဖြစ်တာကို အခုခေတ်မှာတော့ ခဲဆိပ်သင့်ခြင်း (Lead Poisoning) လို့ခေါ်နေကြပါပြီ။ အခုလိုမျိုး ခဲဆိပ်သင့်ခဲ့ကြတဲ့ ပန်းချီဆရာအများစုဟာ လေဖြတ်ခြင်း၊ တမှိုင်မှိုင်တတွေတွေဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ မျက်စိမြင်လွှာကြီးလာခြင်းတို့ ဖြစ်ခဲ့ကြသလို လုံးလုံးကန်းသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခဲကနေတစ်ဆင့်ထုတ်ထားတဲ့အဖြူရောင်ဟာ ပန်းချီရေးဆွဲတဲ့နေရာမှာ သိပ်သည်းမှုများများရသလို၊ အလင်းပိတ်အားကောင်းကောင်းနဲ့ နွေးထွေးတဲ့ခံစားမှုကိုပေးနိုင်တာကြောင့်ဗာမီးယား (Vermeer) အပါအဝင် အင်ပရက်ရှင်းနစ် (Impressionists) ပန်းချီဆရာတော်တော်များများက လက်မလွှတ်နိုင်ကြပါဘူး။ ဒါကြောင့်လည်း ဒီဆေးအသုံးပြုမှုကို တရားဝင်ပိတ်ပင်တဲ့ ၁၉၇၀ မတိုင်ခင်အထိတွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတာပါ။

နပိုလီယံလည်း အရောင်ကြောင့် သေခဲ့တာ

အဖြူရောင်ရဲ့ လူသားတွေကိုပေးခဲ့တဲ့ဆိုးကျိုးက နောက်ပြောမယ့်အရောင်နဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။  နောက်ထပ်သမိုင်းကြောင်းမှာ ဆိုးဆိုးဝါးဝါးဒုက္ခပေးခဲ့တဲ့အရောင်ကတော့ အစိမ်းရောင်ပါ။ လူလုပ်အစိမ်းရောင်နှစ်မျိုးဖြစ်တဲ့ Scheele’s Green နဲ့ Paris Green ကို ၁၈ ရာစုအစပိုင်းမှာမိတ်ဆက်ခဲ့ပါတယ်။ သဘာဝအတိုင်းရတဲ့ ခပ်မှိုင်းမှိုင်းအစိမ်းရောင်တွေထက်စာရင် သူတို့က အရောင်အနုအရင့်အမျိုးပိုစုံသလို ပိုပြီးလည်း အရောင်စိုပါတယ်။ ဒါကြောင့်မို့လည်း ပန်းချီဆရာတွေအသည်းစွဲ အရောင်တစ်မျိုးဖြစ်လာခဲ့ပြီး အထည်အလိပ်အမျိုးမျိုး၊ နံရံကပ်ပိုစတာ၊ ဆပ်ပြာနဲ့ ကိတ်မှုန့်တွေမှာပါ အရောင်ဆိုးဖို့ ထည့်သွင်းအသုံးပြုခဲ့ကြသလို ကလေးကစားစရာ၊ သကြားလုံးနဲ့ အဝတ်အထည်တွေမှာပါ အသုံးပြုခဲ့ကြပါတယ်။

ဒီအစိမ်းရောင်ကိုရဖို့အတွက် ဓါတုဗေဒဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Cupric Hydrogen Aresenic ကနေ ထုတ်ရပါတယ်။ လူသားတွေအတွက်ကတော့ Arsenic ဆိုတာက ခန္ဓာကိုယ်ထဲကဆဲလ်နံရံတွေကို ပျက်ဆီးစေတဲ့အဆိပ်ဓါတ်ပါ။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ Arsenic ဓါတ်မြင့်မားလာခဲ့ရင် ကင်ဆာနဲ့နှလုံးရောဂါတွေကိုပါဖြစ်စေပါတယ်။ ၁၈ ရာစုတုန်းက ချည်မျှင်စက်ရုံတွေက အလုပ်သမားတွေဟာ ဒီလိုအဆိပ်သင့်မှုတွေကို ခံစားခဲ့ရပြီး အဲ့ဒီအချိန်တုန်းက အစိမ်းရောင်ဂါဝန်ဝတ်တဲ့အမျိုးသမီးတွေဟာလည်း Arsenic အဆိပ်သင့်မှုကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ်။ ဂျပိုးလိုအကောင်မျိုးတွေဟာ ဒီအစိမ်းရောင် ပတ်ပတ်လည်သုတ်ထားတဲ့အခန်းထဲမှာ အသက်မရှင်နိုင်ပါဘူး။ နပိုလီယမ်ကလည်း သူ့ရဲ့အိပ်ခန်းထဲမှာကပ်ထားတဲ့ အစိမ်းရောင် Wallpaper ကနေ Arsenic အဆိပ်သင့်ရာကတဆင့် သေဆုံးခဲ့ရတာပါ။ ဒီအစိမ်းရောင်ရဲ့ ပြုလုပ်နည်းကို ဖော်ထုတ်ခဲ့တဲ့ ၁၈၂၂ ခုနှစ်မတိုင်ခင်အထိ ဘယ်သူမှ ဒီဆိုးကျိုးတွေကို သေသေချာချာမသိကြသေးပါဘူး။ ရာစုတစ်ခုလောက်အသုံးပြုပြီးတဲ့အခါမှာတော့သူ့ရဲ့အသုံးပြုမှုက ပိုးသတ်ဆေးတွေဘက်ကို ရောက်သွားပါတယ်။ လူကိုဆိုးဆိုးဝါးဝါးထိခိုက်စေခဲ့တဲ့အရောင်တွေထဲမှာ ဒီလူလုပ်အစိမ်းရောင် (Synthetic Green) က တော်တော်ကြီးကိုဆိုးခဲ့ပါတယ်။ ဒါပေမယ့်သူတို့မှာရေဒီယမ် (Radium) တွေလိုတော့ ရေဒီယိုသတ္တုကြွမှုကို မဖြစ်စေပါဘူး။

အနုဗုံးလုပ်မယ့်ရမယ့်ဟာကို ဆေးဆိုးပစ်တယ်


နောက်ထပ်ဒုက္ခပေးခဲ့တဲ့အရောင်တစ်ခုကတော့ လိမ္မော်ရောင်ပါ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက ကြွေထည်ထုတ်လုပ်တဲ့သူအများစုက ကြွေထည်တွေကိုအရောင်တင်ဖို့ ယူရေနီယမ် အောက်ဆိုဒ် (Uranium Oxide) ကိုအသုံးပြုခဲ့ကြပါတယ်။ ဒီဒြပ်ပေါင်းက တောက်ပတဲ့ လိမ္မော်ရောင်နဲ့ အနီရောင်တွေကို ပေးစွမ်းနိုင်ပါတယ်။ သူတို့သာ ရေဒီယိုသတ္တိကြွမှုမရှိဘူးဆိုရင် အခုအချိန်တော်တော်လူကြိုက်များနေကြမှာပါ။ ရေဒီယိုသတ္တိကြွမှုဆိုတာကလည်း ကျွန်တော်တို့ ၁၈ ရာစုအနှောင်းပိုင်းလောက်မှ သတိပြုမိတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီကောင်ကြောင့်ကင်ဆာရောဂါဖြစ်ရတယ်ဆိုတာကလည်း နောက်ပိုင်းမှတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အမေရိကန်အစိုးရက ယူရေနီယမ် (Uranium) အကုန်လုံးကို ဗုံးထုတ်တဲ့နေရာမှာအသုံးပြုဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဒီလိုတားမြစ်မှုတွေကို ပြန်လည်ဖြေလျော့ပေးလိုက်တဲ့အတွက် ယူရေနီယမ်တွေက ကြွေထည်နဲ့ဖန်ထည်ထုတ်လုပ်တဲ့လုပ်ငန်းတွေဆီကို ပြန်ရောက်လာပါတယ်။ အဲ့ဒီအချိန်တုန်းကထုတ်ခဲ့တဲ့လိမ္မော်ရောင်ကြွေထည်တွေကို စစ်ဆေးကြည့်မယ်ဆိုရင်အခုအချိန်ထိ ရေဒီယိုသတ္တိကြွမှုရှိနေတာကိုတွေ့ရပါသေးတယ်။
အခုအချိန်မှာတော့ သိပ္ပံပညာရှင်တွေဟာ ကျွန်တော်တို့ အဝတ်အထည်၊ စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ ဆိုးဆေးအမျိုးမျိုးကို စစ်ဆေးလျက်ရှိပါတယ်။ ဘယ်ဟာတွေဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာက သမိုင်းတုန်းကလို အချိန်အတော်အကြာမှ သိခဲ့ရင်တော့ ခံစားရမယ့်ဆိုးကျိုးကမနည်းပါဘူးလို့ အသိပေးလိုက်ပါရစေ။
Ref: History’s deadliest colors – J. V. Maranto

Post a Comment

 
Top