0


လက်ကိုင်ဖုန်းနှင့် ရွှေထည်ပစ္စည်းများ လှည့်လည် ခိုးယူနေသည့် မိန်းမလျာအဖွဲ့မှ လေးဦးကို တာဝန်သိသူ တစ်ဦးက ၁၉၉ ဖုန်းထံ သတင်းပေး တိုင်ကြားချက်အရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖမ်းမိသူ လေးဦးမှာ ခြူးလေး(ခ) အာကာမင်း၊ ထက်ထက်ပိုင်(ခ)စောကျော်ထက်ဝင်း၊ ပန်ပန်(ခ) ငြိမ်းသန်းနှင့် ထိုက်ထိုက် (ခ) သန်းထိုက်အောင်တို့ဖြစ်ပြီး ၎င်းတို့အဖွဲ့က တာမွေနှင့် ရန်ကင်းမြို့နယ်များတွင် လက်ကိုင်ဖုန်းနှင့် ရွှေထည်ပစ္စည်းများ လှည့်လည်ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“သူတို့အဖွဲ့က နိုက်ကလပ်လာတဲ့ ကောင်လေးတွေကို အရက်ဘီယာထဲမှာ အိပ်ဆေး ထည့်တိုက်ပြီး ဝတ်လာတဲ့ ရွှေထည်တွေနဲ့ လက်ကိုင်ဖုန်းတွေ ခိုးယူတယ်။ ပြီးတော့ ညဘက်သူတို့ကို ခေါ်အိပ်တဲ့ အမျိုးသားနေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်။ သူတို့ခိုးယူခဲ့တဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းထားပြီး လွတ်နေသူတွေကို ထပ်ဖမ်းမိဖို့ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ မိန်းမလျာအဖွဲ့ကို မေလ ၂၄ ရက်နေ့က လမ်းပေါ် လဲကျနေသည့် လူငယ်သုံးဦးကို စမြင်တွေ့ခဲ့သည့် တာဝန်သိပြည်သူတစ်ဦးမှ 199 Call Center ထံ ဖုန်းဆက်တိုင်ကြားခဲ့ရာမှ ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း၍ ခိုးမှုကျူးလွန်နေသူများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“မင်္ဂလာဒုံဘက်မှာနေတဲ့ လူငယ်သုံးယောက်က တာမွေ ကြက်ဘဲဈေးနားက လဂွန်းအိမ်တံတားအဆင်းမှာ လဲကျနေတယ်။ သူတို့ကို စံပြဆေးရုံပို့ပြီး စစ်ဆေးကြည့်တော့ နိုက်ကလပ်မှာတွေ့ခဲ့တဲ့ အခြောက် နှစ်ယောက်တိုက်တဲ့ ဘီယာတွေသောက်ခဲ့ပြီး အိမ်အပြန်လမ်းပေါ်မှာ သတိလစ် လဲကျသွားတာလို့ ပြောတယ်။ သူတို့တွေမှာ ပါလာတဲ့ ရွှေနဲ့ လက်ကိုင်ဖုန်းတွေ ပျောက်ဆုံးခဲ့တာကြောင့် ကလပ်မှာတွေ့ခဲ့တဲ့ အခြောက်နှစ်ယောက်ရဲ ပုံသဏ္ဌာန်ကို မေးပြီး စုံစမ်းရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။

ယင်းဖြစ်စဉ်မှ မသင်္ကာသူ ခြူးလေး (ခ) အာကာမင်းနှင့် ထက်ထက်ပိုင်(ခ) စောကျော်ထက်ဝင်းတို့ကို မေလ ၃၀ ရက် နံနက် ၃ နာရီက တာမွေပလာဇာရှေ့တွင် ဖမ်းမိခဲ့ပြီး ခိုးမှုကျူးလွန်ရာတွင် ပါဝင်သည့် ပန်ပန်(ခ) ငြိမ်းသန်းနှင့် ထိုက်ထိုက် (ခ) သန်းထိုက်အောင်တို့ကို ဇွန်လ ၅ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်တွင် ထပ်မံ ဖမ်းမိခဲ့သည်။ ၎င်းတို့ လေးဦးမှာ ရန်ကင်း၊ တာမွေမြို့နယ်များတွင် ခိုးမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများတွင် ခိုးမှုပုဒ်မများဖြင့် အရေးယူထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ထပ်မံ ဖော်ထုတ် အရေးယူနိုင်ရန် ဆက်လက် စုံစမ်း ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

Post a Comment

 
Top