0

 ရန်ကုန်မြို့ ပေါ်ရှိ လမ်းဘေးများတွင် ဈေးရောင်းနေရသော ဈေးသည်များကို ဈေးသည်ဘ၀ဖြင့် အရိုးထုတ်သွားရမည့် အနေအထားမျိုး မဖြစ်စေချင်ကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လမ်းဘေးဈေးသည်များမှာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် လမ်းဘေးမှာပင် ဈေးရောင်းနေရသည့်အပြင် ကားလမ်း ပလက်ဖေါင်းများပေါ် ဈေးရောင်းချနေရမှုများ၌ စည်ပင်နှင့် ဖြစ်စေ၊ ကားသမားများနှင့်ဖြစ်စေ၊ လမ်းသွားလမ်းလာများနှင့်ဖြစ်စေ အဆင်မပြေသည့် ဖြစ်စဉ်များစွာ ရှိခဲ့သောကြောင့် လမ်းဘေးဈေးသည်များ၏ဘ၀ အဆင့်မြင့်တင်ပေးရင်းဖြင့် မြို့ ပြလမ်းများကိုပါ အဆင့်မြင့်တင်သွားရန် တိုင်းအစိုးရအဖွဲ့ စဉ်းစားနေခြင်းလည်း ဖြစ်သည်။
" လမ်းမပေါ်မှာ ဈေးရောင်းနေတဲ့သူတွေဟာ ဈေးရောင်းချင်လို့ ဈေးရောင်းနေတဲ့သူတွေ ဒီလုပ်ငန်းကို ဒီစားသောက်ကုန်ကို ပိုမိုကောင်းမွန်လာအောင် ထုတ်လုပ်ချင်တဲ့သူတွေ ရှိသလို တစ်ချို့ဟာ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ရောင်းနေရတဲ့သူတွေလည်း ရှိတယ်ဆိုတာကို ကျွန်တော်ဒီနေရာမှာအသိပေးလိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာရင် ဒီလိုလူမျိုးတွေက အလုပ်အကိုင်အခွင့်အလမ်းတွေထဲကို ပြန်ရောက်သွားနိုင်ပါတယ် " ဟု ၀န်ကြီးချုပ်က ဇွန်လ ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လမ်းဘေးဈေးသည်များအတွက် ညဈေးတန်းကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အစောပိုင်းက အဆင်မပြေမှုများစွာ ရှိခဲ့သည့်တိုင် လက်ရှိတွင် အထိုင်ကျနေပြီဖြစ်ကြောင်း၊ သို့ သော်လည်း ညဈေးတန်း အောင်အောင်မြင်မြင်ဖြစ်သွားပြီး ဈေးသည်များ ဈေးသည်ဘ၀မှ တိုးတက်မလာမည်ကိုလည်း စိတ်ပူမိကြောင်း ဆိုသည်။
" ဈေးရောင်းနေတဲ့ဘ၀ကနေ သူတို့ရဲ့တည်ငြိမ်အေးချမ်းတဲ့ ဘ၀လေးကို ရောက်အောင် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတစ်လေမှာ ဒီဈေးတန်းကြီး စည်ကားနေပြီ ဆိုပေမယ့် သူတို့ကိုဈေးသည်ဘ၀နဲ့အရိုးထုတ်သွားဖို့ မမျှော်လင့်ပါဘူး " ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။ တိုင်းအစိုးရအဖွဲ့ အနေဖြင့်လည်း ရန်ကုန်မြို့ ရှိ ဈေးပေါင်း ၂၀ ကျော်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဆိုသည်။

Akonthi

Post a Comment

 
Top