0
မာရာဝီမြို့ရှိ စစ်သွေးကြွများ၏ နေရာများအား ဖိလစ်ပိုင်လေတပ်က ဗုံးကြဲနေစဉ် ဇွန် ၁၇ ရက်က အဝေးမှ ကြည့်ရှုနေကြသူများ (Photo: AFP)
တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၃၀၀ ကျော်လာချိန်တွင် ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့၌ ဇွန် ၁၇ ရက်တွင် စစ်တပ်က တပ်ဖွဲ့ဝင်များကို တိုးမြှင့်တပ်ဖြန့်ခဲ့ပြီး အစ္စလာမ္မစ်စစ်သွေးကြွများအား လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ခြေကုပ်အခိုင်အမာယူထားသော စစ်သွေးကြွများအား တိုက်ထုတ်နိုင်ရန် ရုန်းကန်နေရသည့် မြေပြင်တပ်ဖွဲ့ဝင်များကို ထောက်ကူပေးရန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပေးခဲ့စဉ် စစ်သွေးကြွများ ထိန်းချုပ်ထားဆဲဖြစ်သောနေရာများမှ ပစ်ခတ်သံများ ကြားခဲ့ရပြီး မီးခိုးလုံးမည်းကြီးများ ထွက်လာခဲ့ကြောင်း အေအက်ဖ်ပီ ဂျာနယ်လစ်များက ပြောကြားခဲ့သည်။
  
မောင်းပြန်သေနတ်များ၏ အဆက်မပြတ် ပစ်ခတ်သံများအား အတော်အသင့် ဝေးကွာသောနေရာမှ ကြားနေရချိန်တွင် ဗုံးကြဲမှုများအတွင်း ဖိလစ်ပိုင်စစ်ဘက်က MG 520 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် FA 50 တိုက်လေယာဉ်များအား အသုံးပြုခဲ့ကြောင်း သိရသည်။ ဇွန် ၁၇ ရက်တွင်ပင် နိုင်ငံအလယ်ပိုင်းမှ တပ်ဖွဲ့ဝင် ၄၀၀ ကိုမာရာဝီမြို့သို့ လေကြောင်းမှချပေးခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူများ၏ ပြောကြားမှုများကို ANC ရုပ်သံက ကိုးကားဖော်ပြခဲ့သည်။
  
မာရာဝီတွင် တိုက်ပွဲများအတွင်း ချေချင်းညာ၊ ယီမင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ ပြည်ပတိုက်ခိုက်ရေးသမားရှစ်ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများအတွင်း သေဆုံးသူအရေအတွက်သည် စစ်သွေးကြွ ၂၂၅ ဦး၊ စစ်သား ၅၉ ဦးနှင့် အရပ်သား ၂၆ ဦး-စုစုပေါင်း ၃၁၀ နှင့်တိုက်ပွဲကြောင့် ထွက်ပြေးခဲ့သူများထံမှ အခြားသေဆုံးသူ ၁၉ ဦးထပ်ပေါင်းပါက အလုံးစုံသေဆုံးသူ အရေအတွက်သည် ၃၂၉ ဦးဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
  
တိုက်ပွဲများကြောင့် မာရာဝီနှင့်အနီးရှိ ဒေသများတွင် အိုးအိမ်စွန့်ခွာခဲ့ရသူ ၃၀၉၀၀၀ ကျော်ရှိခဲ့ပြီး ထွက်ပြေးခဲ့သူ အများအပြားသည် မိတ်ဆွေများနှင့် ဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်ခဲ့ကြကာ အချို့ကသာ ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်ခဲ့ကြကြောင်း သိရသည်။
  
မာရာဝီရှိ ရွာလေးရွာထက်မနည်းတွင် စစ်သွေးကြွ ၁၀၀ ကျော်ခုခံနေဆဲဖြစ်သည်ဟု မြေပြင်တပ်မှူးများက ခန့်မှန်းထားသည်ဟု စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ရီစတီတူတိုပါဒီလာက မနီလာတွင် ပြောကြားခဲ့သည်။ သို့သော် ယင်းကိန်းဂဏန်းသည် ပြီးခဲ့သော ရက်အနည်းငယ်က ခန့်မှန်းထားမှုကို အခြေခံထားခြင်းဖြစ်သဖြင့် ယခုအခါ အလွန်အမင်း ကျဆင်းသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ စစ်ဘက်သည် စစ်သွေးကြွများအား တိုက်ထုတ်ရန် ယခင်ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအကြိမ် သတ်မှတ်ချက်များသည် မပြီးမြောက်ခဲ့သဖြင့် မည်သည့်သတ်မှတ်ချက်မျှ ပြုလုပ်တော့မည်မဟုတ်ဟု ပါဒီလာက DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။       
Writer: 
Ref: AFP

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top