0

ပြီးခဲ့တဲ့အခွန်ပြဿနာတွေကြာင့် စပိန်အသင်းကြီးက သူ့ကိုပြည့်ပြည့်ဝဝမကာကွယ်ပေးနိုင်ဘူးလို့ ခံစားနေရတဲ့ ရိုနယ်ဒိုအနေနဲ့ ရီရဲကနေ ထွက်ခွာတော့မယ်လို့ သူ့ရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းဖော်တွေကို ဖွင့်ဟခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ ရီရဲလ်နည်းပြကြီး ဇီဒန်းမှလည်း ရိုနယ်ဒိုကို ရီရဲလ်ကနေ မထွက်ခွာဖို့ ဖြောင်းဖြခဲ့တယ်လို့ သတင်းထွက်သလို စပိန်အသင်းကြီးကလည်း သူ့ရဲ့အခွန်ငွေတွေကို ကိုယ်စားပေးချေဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေက သတင်းမျှသာဖြစ်ပြီး အချိန်မရွေး အပြောင်းအလဲဖြစ်သွားနိုင်ပါသေးတယ်။
ပေါ်တူဂီမှ အားကစားသတင်းတွေအရ ရိုနယ်လ်ဒိုဟာ ဘာပဲဖြစ်ဖြစ် ဒီလိုတရားရင်ဆိုင်ဖို့ရှိနေတဲ့အတွက် စပိန်ကို စွန့်ခွာဖို့ စိတ်ဆုံးဖြတ်ပြီးဖြစ်သလို သူ့ရဲ့ဆုံဖြတ်ချက်ကို ပြန်ပြင်မယ့်ပုံမပေါ်ဘူးလို့ ဆိုကြလေရဲ့။ Bola သတင်းစာအရ ရိုနယ်လ်ဒိုဟာ လာမယ့် လထဲမှာပဲ လာလီဂါကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလထဲမှာပဲ ရီရဲလ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားခဲ့တဲ့ ရိုနယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရာသီက ကလပ်အတွက် ၄၆ ပွဲကစားရာမှာ ၄၂ ဂိုးသွင်းယူနိုင်ခဲ့သလို သူ့အတွက်မိုင်တိုင်တစ်ခုအဖြစ်ရှိနေမယ့် စပိန်အသင်းအတွက် ဂိုး ၄၀၀ ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့အကောင်းဆုံးနဲ့ ရီရဲလ်အတွက် ပင်တိုင်အဓိကကစားသမားဖြစ်သူ ရိုနယ်လ်ဒိုထွက်ခွာနိုင်တဲ့ အလားအလာတွေက အခြားဥရောပနဲ့ ငွေကိုရေလိုဖြုန်းနိုင်တဲ့ အာရှကလပ်အချို့ကို  သတိပေးလိုင်သလိုပါပဲ။ ဒါပေမယ့် ဒီကလပ်တွေအနေနဲ့ ရိုနယ်လ်ဒိုကို ကြေးပေါပေါနဲ့တော့ ရနိုင်မယ့်ပုံမရှိပါဘူး။ သတင်းတွေအရ ရိုနယ်လ်ဒိုရဲ့ စာချုပ်လျှော်ကြေးအပါအဝင် ပြောင်းရွေ့ကြေးစုစုပေါင်းက ပေါင်း သန်း ၆၅၇ သန်း ဝန်းကျင်ရှိနေခဲ့ပြီး ပေါင် ၁ ဘီလီယံ လောက်အထိရှိနိုင်တယ်လို့လည်း တစ်ချို့က ဆိုကြပါတယ်။ ဒီကြေးက ငွေကိုသောက်သောက်လဲသုံးနိုင်ပါတယ် ဆိုတဲ့ တရုတ်အသင်းတွေတောင် လက်တွန့်သွားနိုင်တဲ့ ပမာဏပါပဲ။ တကယ်လို့များ ငွေကိုပဏာမမထားပဲ ရိုနယ်လ်ဒိုကို ဝယ်ယူချင်ကြမယ်ဆိုရင် ဘယ်လိုအသင်းတွေက ရိုနယ်လ်ဒိုရဲ့ နားခိုရာဖြစ်သွားနိုင်မလဲ။

၁။ မန်ယူ

မောရင်ဟိုအနေနဲ့ တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ ရိုနယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကို လုံးဝသံသယမရှိပဲ ခေါ်ယူချင်မိမှာပါ။ ရိုနယ်လ်ဒိုကိုယ်တိုင်ကလည်း မန်ယူအသင်းမှာ ၆ နှစ် ကြီးပြင်းခဲ့ရပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ၃ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့  အက်ဖ်အေဖလား ၁ ကြိမ် ရယူခဲ့ဖူးသူဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မန်ယူကို ပြန်ချင်နေတယ်လို့ သတင်းတွေမှာလည်း ဟိုတစ်စ သည်တစ်စကြားနေရတော့ တကယ်ဖြစ်လာမလား ဆိုတာ စောင့်ကြည့်သွားရမှာပါ။
မန်ယူအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်စစ်မျက်နှာကိုလည်း ဖြန့်ကျက်ရမှာဖြစ်လို့ ရိုနယ်လ်ဒိုဟာ အကောင်းဆုံးအင်အားဖြည့်တင်းမှုဖြစ်လာနိုင်သလို ဒီလိုဥရောပပြိုင်ပွဲထဲတဖန်ဝင်ရောက်လာနိုင်တာကလည်း အသင်းဟောင်းကိုပြန်ချင်နေတဲ့ ရိုနယ်လ်ဒိုအတွက် စွဲဆောင်မှုတစ်ခုဖြစ်နိုင်ပါတယ်။ လတ်တလောမှာတော့ နည်းပြမော်ရင်ဟိုက ရိုနယ်လ်ဒိုနဲ့ မိုရာတာတို့ နှစ်ဦးလုံးအတွက် ပေါင်း ၁၃၈ သန်းအပြင် ရီရဲလ်အသင်းလိုချင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုပါအလိုက်ပေးခေါ်ယူဖို့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။

၂။ ပီအက်စ်ဂျီ

ရိုနယ်လ်ဒိုအပြောင်းအရွေ့မှာ ငွေကအတော်လေးစကားပြောလာပေမယ့် ကမ္ဘာ့ကလပ်တွေထဲမှာ အချမ်းသာဆုံးကလပ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဂျီအတွက်တော့ ပြဿနာသိပ်ရှိမယ်မထင်ပါဘူး။ ကာတာအားကစားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက အသင်းကိုပြန်လည်ပိုင်ဆိုင်ခဲ့ကြတာကြောင့် လတ်တလောမှာ ဥရောပမှာ ဘယ်ကစားသမားကိုမဆို လက်ညိုးထိုးခေါ်ယူနိုင်လောက်အောင် ငွေအင်အားကပြောစရာမရှိအောင်း တောင့်တင်းနေမှာ အမှန်ပါ။ ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဝမ်းကို မိုနာကိုအသင်းဗိုလ်စွဲသွားတာကလည်း အသင်းပိုင်ရှင်တွေအတွက် မကြေချမ်းစရာဖြစ်နေမှာပါပဲ။ ဒါကြောင့် လာမယ့်ရာသီမှာ ချန်ပီယံနေရာကို အကောင်းဆုံးပြန်လည်ပြိုင်ဆိုင်ရယူနိုင်ဖို့ ဒီနွေမှာအကြီးစားအင်အားဖြည့်တင်းမှုတွေ လုပ်သွားဖို့လည်း ရှိနေပါတယ်။ ဇလာတန်၊ သီယာဂိုဆေးလ်ဗား၊ ဒေးဗစ်လုပ်စ်၊ ဒီမာရီယာတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်တတ်တဲ့ ပီအက်ဂျီအနေနဲ့ ရိုနယ်လ်ဒိုကိုလည်း ခေါ်ယူစာချူပ်နိုင်မလားဆိုရင် အသင်းဘဏ္ဍာရေးအခြေအနေအရ မဖြစ်နိုင်တာတော့ မရှိလို့ပဲ ဆိုရမှာပါ။

၃။ တရုတ်စူပါလိဂ်အသင်းများ

ငွေနဲ့ပတ်သက်လာရင်တော့ ဒီတရုတ်တွေလောက် ငွေသုံးကြမ်းတဲ့အသင်းတွေ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရာသီကပဲ ခေါ်ယူစာချုပ်ခဲ့တဲ့ ကားလို့စ်တီဗက်စ်ကိုတောင် တစ်ပတ် ပေါင် ၆၁၅၀၀၀ ပေးထားနိုင်ပြီး ဒါက ဘောလုံးမှာ ကမ္ဘာ့အမြင့်ဆုံးလစာပေးချေမှုဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကဲ အီဗရာမိုဗစ်ကို တီဗက်စ်တက် ပိုမိုမြင့်မားတဲ့လစာငွေနဲ့ ခေါ်ယူစာချူပ်ဖို့ ဆွဲဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် တရုတ်ကလပ်တွေအတွက် ရိုနယ်လ်ဒိုရဲ့တန်ကြေးက လက်တွန့်စရာလို့ ဆိုပေမယ့် ခေါ်ယူစာချုပ်ဖို့ မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဒါ့အပြင် ရိုနယ်လ်ဒိုမှာ မတူညီတဲ့  လိဂ် ၃ခုမှာ ကစားနိုင်တဲ့ကစားသမားဖြစ်လာမှာဖြစ်သလို ငွေကြေးအရလည်း ဘယ်သူမှမယှဉ်နိုင်တဲ့ အမြင့်မားဆုံးလစာပေးချေမှု ဖြစ်သွားနိုင်ဖို့ ဒီဆွဲဆောင်မှုကို ရိုနယ်လ်ဒိုငြင်းဆန်နိုင်မလားဆိုတာ အချိန်ကစကားပြေားသွားမှာပါ။

၎။ မေဂျာလိဂ်အသင်းများ

နှစ်စဉ်နဲ့အမျှ မေဂျာလိဂ်အဆင့်အတန်းက တိုးတက်လာနေပြီး စတီဗင် ဂျရတ်၊ ဖရန့်လမ်းပတ်၊ ကာကာ နဲ့ ဒေးဗစ်ဗီလာတို့လို နာမည်ကြီးကစားသမားတောင် မေဂျာလိဂ်မှာ သူတို့ရဲ့ကစားသမားဘဝ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ပရိသတ်အားပေးမှုလည်း တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာခဲ့ပြီး ရိုနယ်လ်ဒိုလို ကမ္ဘာ့အကောင်းဆုံးကစားသမားကို ထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လိဂ်အဆင့်အတန်းကို နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးရာရောက်သွားနိုင်ပါသေးတယ်။ လတ်တလောမှာ Forbes ရဲ့စစ်တမ်းအရ Seattle Sounders အသင်းက မေဂျာလိဂ်မှာ တန်ဖိုးအကြီးဆုံးကလပ်အနေနဲ့ ရပ်တည်နေပြီး LA Galaxy ဒါကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ငွေကြေးအရပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ငွေကြေးပုံအောပြီး ရိုနယ်လ်ဒိုကို မခေါ်ယူနိုင်ဘူးလို့ ပြောလို့မရသလို အမေရိကလူနေမှုဘဝပုံစံကလည်း ရိုနယ်လ်ဒိုကို ဆွဲဆာင်ကောင်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။

၅။ မန်စီးတီး

ဂွာဒီယိုလာနဲ့ ရိုနယ်လ်ဒိုဆိုတာ အရင်က ပြိုင်ဖက်အသင်းအသီးသီးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တယ်ဆိုပေမယ့် လာမယ့်နှစ်မှာ ဖလား ၃လုံးပစ်မှတ်ထားနေတဲ့ အသင်းပိုင်ရှင်တွေရဲ့ အာသီသအတွက် ဒီ ၃၂ နှစ်သားကို အံ့ဖွယ် မခေါ်ယူနိုင်ဘူးလို့ ဘယ်သူမှ ထစ်ထစ်ချတွက်ဆလို့မရတဲ့အခြေအနေပါ။ အသင်းပိုင်ရှင် အာရပ်စော်ဘွား ရှိတ်မန်ဆော် ဆိုတာကလည်း ကိုယ်ရချင်တာကို ယူတတ်တဲ့လူစားမျိုးဖြစ်တာကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ခေါ်ယူနိုင်တဲ့အခွင့်အရေးမှာ ငြိမ်နေမယ်လို့ မထင်ပါဘူး။ Nike ကုမ္ပဏီကလည်း ရိုနယ်ဒို နဲ့ မန်စီးတီး ကို အတူစပွန်ဆာပေးထားတဲ့ကုမ္ပဏီဖြစ်နေတာကြောင့် ဒီအချက်ကလည်း စာချုပ်ဆွေးနွေးရာမှာ အထောက်အကူမဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ မန်စီးတီးအနေနဲ့ သူတို့ရဲ့မြို့ခံပြိုင်ဖက် မန်ယူအသင်းက ရိုနယ်လ်ဒိုကို ခေါ်ယူသွားနိုင်တာမျိုး လိုလားမှာမဟုတ်တဲ့အတွက် စီ ရိုနယ်လ်ဒိုသာ ဒီနွေမှာအသင်းပြောင်းဖို့တကယ်ဆုံးဖြတ်ပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်လာချင်တယ်ဆိုရင် မန်ချက်စတာမှာ မီးဟုန်းဟုန်းတောက်နေမှာတော့ အမှန်ပါပဲ။

Post a Comment

 
Top