0
သင့်ချစ်သူရည်းစားက ခြံခုန်ပြီး လမ်းခွဲပြတ်စဲသွားတဲ့အခါ၊ သင့်အချစ်ဆုံးသူငယ်ချင်းက သင့်အကြောင်း အတင်းပြောတဲ့ အခါ ဘယ်လိုတုံ့ပြန်လေ့ရှိပါသလဲ။ ခြံခုန်သွားတဲ့ ရည်းစားကို ဆုံးရှုံးနစ်နာအောင် လိုက်ယုတ်မာစရာ မလိုအပ်သလို၊ အတင်းပြောတတ်တဲ့ သူငယ်ချင်းကိုလည်း မကောင်းသတင်းတွေ လွှင့်စရာ မလိုပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ လက်စားချေမှုတွေဟာ သင်ထင်မှတ်ထားသလိုမျိုး သင့်ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ သင့်ကို ပိုခံစားရ ခက်စေပြီး ပိုအကျည်းတန်သွားစေတဲ့အတွက် ပါးပါးနပ်နပ်နဲ့ ဆရာကျကျ လက်တုံ့ပြန်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အရင်ကထက် ပိုပျော်အောင်နေပါ။

လူတစ်ယောက်ကို လက်စားချေနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုဟာ သူ့ကြောင့် ခံစားမနေတော့ဘဲ ကိုယ့်ဘ၀ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်းရှာပြီး မိမိကိုယ်ကို ပျော်ရွှင်အောင် နေလိုက်တာပါပဲ။ လူတွေဟာ မိမိရဲ့ပြိုင်ဘက်၊ မိမိအမြင်မကြည်တဲ့သူတစ်ယောက် ပြုံးပျော်ရွှင်နေတာကို မကြည့်နိုင်ကြ ပါဘူး။ ဒါကြောင့် ရည်းစားဟောင်းနဲ့ တွေ့တဲ့အခါဖြစ်ဖြစ်၊ ကိုယ့်ကို မနာလိုတိုရှည် ဖြစ်နေတဲ့ သူငယ်ချင်းရဲ့ရှေ့မှာ ဖြစ်ဖြစ် ပျော်ရွှင်လှပနေတဲ့ဘ၀ကို ရရှိခံစားနေတယ်လို့ ထင်မှတ်ရအောင် ပြုံးပျော်နေပါ။ သူတို့ မပါဘဲ သင့်ဘ၀ကြီး ပျော်ရွှင်နေ တာကို တွေ့ရခြင်းက သူတို့ကို ရူးခါသွားစေပါလိမ့်မယ်။
သင့်ခံစားချက်ကို ဖွင့်ပြောပါ။

တကယ်လို့ ပြောပြလို့ နားလည်မယ့်သူ၊ နှလုံးသားရှိမယ့်သူမျိုးဆိုရင်တော့ သူတို့ကို ကျိန်ဆဲပြီး ဒေါသထွက်နေတာထက် စာရင် မျက်နှာချင်းဆိုင်ထိုင်ခိုင်းပြီး သူလုပ်လိုက်တဲ့ ဘယ်အရာက သင့်ကိုစိတ်အနှောင့်အယှက် ဖြစ်စေတယ်၊ ဒေါသထွက် စေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါ။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဘယ်သူမဆို သူ့အပြစ်ကို သူသိသွားပြီး သူလုပ်လိုက်မိတဲ့ အမှားကို မြင်ယောင်ကာ နာကျင်၊ စိတ်မကောင်းဖြစ်စေခြင်းကလည်း သင်ရယူနိုင်တဲ့ အကောင်းဆုံးသော လက်စားချေနည်း တစ်ခုပါပဲ။ သင့်အပေါ် အမှားလုပ်လိုက်မိလို့ သူ့ဘာသာ နာကျင်ခံစားစေမယ့် အပြင် နောင်အခါတွေမှာလည်း အလားတူ အမှားမျိုး တစ်ခြားသူတွေအပေါ် မလုပ်မိအောင် တားဆီးပြီးသား ဖြစ်စေပါ တယ်။

အလန်းဆုံး ပြင်ဆင်နေထိုင်ပါ။

သင့်ရန်သူကို ခံစားစေချင်တယ်ဆိုရင် သူ့အရှေ့မှာ အလန်းစား၊ အမိုက်စား ဖြစ်နေအောင် နေထိုင်ပါ။ အမိုက်စား ဆံပင်စတိုင်လ်၊ ခပ်ချောချောရည်းစား၊ ဆွဲဆောင်မှုရှိရှိ အ၀တ်အစား စတာတွေဖြစ်အောင် ပြောင်းလဲပစ်ပါ။ ကိုယ့်ကိုယ်ကို သာ စိတ်ချမ်းသာအောင် ပြင်ဆင်နေထိုင်ပါ။ သူတို့ရဲ့ ရင်တွင်းက ပူလောင်ပြီး မနာလိုခံခက်ဖြစ်မှုကတော့ သဘာဝက ပြန်ရမယ့် အကျိုးဆက်ဖြစ်ပါတယ်။
အောင်မြင်အောင် ကြိုးစားပါ။
အခြားသူတွေ စိတ်ဝင်စားတာ သင့်ရုပ်ရည်သွင်ပြင်တင် မဟုတ်ပါဘူး။ သင်ဘယ်လောက် အောင်မြင်နေလည်းဆိုတာကို လည်း ကြည့်ကြပါသေးတယ်။ အထူးသဖြင့် သင့်ရန်သူဟာ သင့်သွင်ပြင်ဟန်ပန်ထက် သင့်အောင်မြင်မှုကို ကြည့်ပါလိမ့် မယ်။ ဒါကြောင့် မိမိမှာ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ အသက်မွေးဝမ်းကျောင်း၊ လစာမြင့်မြင့် အလုပ်တစ်ခု ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။ မိမိဘ၀ အောင်မြင်လို့ ကိုယ်တိုင်ပျော်ရွှင်ရရုံတင် မဟုတ်ဘဲ သင့်ရန်သူတွေကိုပါ နေမထိထိုင်မသာ ဖြစ်နေ အောင် လုပ်နိုင်လို့ ဒါဟာလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

လျစ်လျူရှုပါ။

မိမိကို မလိုမုန်းထားဖြစ်နေသူတွေကို အကောင်းဆုံး လက်တုံ့ပြန်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ ဒါကြောင့် ရန်လည်း ဖက်ဖြစ်မနေပါနဲ့။ ဂရုလည်းစိုက်မနေပါနဲ့။ သူတို့နဲ့ တတ်နိုင်သလောက် မပတ်သက်အောင်နေလိုက်ပါ။ သင့်ဘ၀ထဲမှာ သူတို့အတွက် နေရာမရှိဘူးဆိုတာ သိစေခြင်းက သူတို့အသည်းကို ခွဲနိုင်ခြင်းပါပဲ။

လူမှုကွန်ယက်တွေမှာ လူလုံးထွက်ပြပါ။
ဒါကတော့ လူတိုင်းလုပ်နေကျ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ များလွန်းလို့ အကြွားသန်တယ်လို့ အထင်ခံရနိုင်တာ ကြောင့် ချင့်ချိန်ပြီး လုပ်ပါ။
ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ။
သင့်ပုံစံမဟုတ်တဲ့ တစ်ခြားလူတစ်ယောက်ရဲ့ ပြုမူပြောဆိုနေထိုင်ပုံနဲ့ ဟန်ဆောင်နေထိုင်တာမျိုးက ရှောင်ကျဉ်ပါ။ ကိုယ့်ပုံစံအတိုင်း ပျော်ရွှင်စွာ နေထိုင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်ဆို ပွင့်လင်းရတာကိုပဲ နှစ်ခြိုက်စွာ လက်ခံ ကျင့်သုံးပါ။ သူများတွေ အုံ့ပုန်း၊ မြုံစိစိပုံစံလုပ်တာ သဘောကျလို့ လိုက်မလုပ်သင့်ပါဘူး။ သင့်အရှိအတိုင်းနဲ့ ပေါင်းသင်း ဆက်ဆံပြီး သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နေတယ်ဆိုတာကလည်း သင့်ရန်သူကို ကလိကလိဖြစ်ေစမှာ အမှန်ပါပဲ။ ဟန်ဆောင်ပန်ဆောင် နေထိုင်စရာ မလိုအပ်ဘဲ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေနေခြင်းဟာ သူတို့ အတွက် ၀မ်းနည်းစရာ ဖြစ်စေပါလိမ့်မယ်။
တစ်စုံတစ်ယောက်ကို လက်စားချေဖို့ သူ့ကို စိတ်နာသွားအောင် သွားလုပ်စရာ မလိုပါဘူး။ မိမိရဲ့ နေထိုင်ပုံ၊ Lifestyle ကို ပြောင်းလဲလိုက်ရုံနဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

Post a Comment

 
Top