0

လမ်းပြောင်းပြန်မောင်းနှင်လာတဲ့ တက္ကစီကို ယာဉ်ထိန်းရဲက တားဆီးရာ တက္ကစီပေါ်ပါလူနှစ်ဦးက ကားပေါ်မှဆင်းပြီး ယာဉ်ထိန်းရဲကို ဝိုင်းဝန်းထိုးနှက်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ တက္ကစီဟာ ညောင်တုန်းလမ်းမှ အင်းစိန်၊အောင်ဇေယျတံတားအပေါ်သွားရာ တစ်ဖက်ယာဉ်ကြောမှ လမ်းပြောင်းပြန် မောင်းနှင်လာတယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဟာ မနေ့က ညနေခြောက်နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့က ယာဉ်ကြောပိတ်ဆို့မှုတွေနည်းအောင်၊ ယာဉ်အန္တရာယ်ကင်းရှင်းအောင် လမ်းမပေါ်မှာ တာဝန်ထမ်းဆောင်နေတာပါ။ စည်းကမ်းတကျလိုက်နာတဲ့သူတွေရှိသလို အခုလိုမျိုးမလိုက်နာသူတွေကို စည်းကမ်းထိန်းသိမ်းပေးတဲ့အပေါ်မှာ အမြင်စောင်းပြီးတော့မှ သူ့ဘက်ကဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်။ ဒီလိုမျိုးတုန့်ပြန်တယ်။ မဖြစ်သင့်တဲ့ကိစ္စဖြစ်သွားတော့ စိတ်မကောင်းတော့ ဖြစ်မိတယ်” လို့ အမှတ် (၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စောဟန်သက်မောင်ကပြောပါတယ်။
အဆိုပါအမှုကျုးလွန်တဲ့ တက္ကစီပေါ်မှ ယာဉ်မောင်းနဲ့ယာဉ်ပေါ်ပါလာသူနှစ်ဦးဟာ အမှုကျုးလွန်တဲ့အချိန်မှာ အရက်သေစာသောက်စားထားပြီး မူးနေကြတယ်လို့ သူကဆက်ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ သူတို့ကို အောင်ဇေယျတံတားအဆင်း အင်းစိန်မြို့နယ်၊ ဓနသိဒ္ဒိလမ်းမှာ နေ့ချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ကျုးလွန်ခံရသူ ယာဉ်ထိန်းရဲအရာရှိမှာ ပြင်ပဒဏ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါ တယ်။
ကျုးလွန်ခံရသူ ယာဉ်ထိန်းရဲတပ်အရာရှိမှ တရားလိုပြုလုပ်ကာ ကျုးလွန်သူနှစ်ဦးကို လှိုင်သာယာမြို့မရဲစခန်းမှာ တာဝန်ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
Credit- Kumudra

Post a Comment

 
Top