0

အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ညာဘက်ခြေထောက်မှာ တက်တူးထိုးခဲ့ပါတယ်။ လက်ဝါးကပ်တိုင်နဲ့ လက်အုပ်ချီပုံ အပြင် “Jesus is my life” ဆိုတဲ့စာသားကို ထိုးခဲ့ခြင်းဖြစ်ပါတယ်။
တက်တူးဆရာတွေက တက်တူးထိုးပြီးနောက်ပိုင်း လိုက်နာရမယ့် စည်းကမ်းတချို့ကို ပြောပြကြမှာ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ တက်တူးအသစ်ကို သန့်ရှင်းအောင်ထားပြီး ဖုံးအုပ်ထားဖို့ဖြစ်ပါတယ်။
တက်တူးဂန်းက အရေပြားကို ထိုးဖောက်တဲ့အခါတိုင်း အပ်က အနာဖြစ်စေပြီး ပိုးမွှားတွေကို ခန္ဓာကိုယ်ဆီ ဖိတ်ခေါ်ပါတယ်။ တက်တူးကကြီးလေလေ အနာပိုးဝင်ဖို့ အလားအလာများလေလေ ဖြစ်ပါတယ်။
တက်တူးအနာကျက်အောင် စောင့်ချိန်မှာ နံပါတ်တစ် ရှောင်ရှားရမှာက ရေစိမ်ခြင်းဖြစ်ပါတယ်။ ရေမြန်မြန်ချိုး၊ စိမ်မချိုးနဲ့၊ ရေလုံးဝမကူးနဲ့လို့ ဆိုလိုပါတယ်။ အရေပြားက သူ့ကိုယ်သူပြန်ကုစားနေချိန်မှာ ညစ်ပတ်တဲ့ရေနဲ့ ကြာကြာမထိဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ အဲဒါကြောင့်လည်း အသက် ၃၁ နှစ်အရွယ်အမျိုးသားရဲ့အခြေအနေက အဆိုးဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆေးပညာဂျာနယ် BMJ Case Reports မှာဖော်ပြတဲ့သတင်းတပုဒ်အတွင်း အဲဒီလိုဖြစ်ခဲ့တာက တက္ကဆက်က လက်တင် အမျိုးသားတစ်ဦးလို့ ဖော်ပြပါတယ်။ တက်တူးထိုးပြီး ငါးရက်အကြာမှာ အဲဒီလူဟာ မက္ကစီကိုပင်လယ်ကွေ့မှာ ရေကူးခဲ့ ပါတယ်။ အဲဒီနောက် ၃ ရက်ကြာတဲ့အခါ သူဟာ ခြေထောက်နဲ့ ခြေချောင်းတွေ အလွန်နာကျင်လို့ ဒါးလက်စ်က ပါ့ခ်လန်း ဆေးရုံကို တက်ခဲ့ရပါတယ်။ သူဟာ ဖျားတာ၊ ချမ်းတုန်တာ၊ သူ့တက်တူးနဲ့ ခြေထောက်က တခြားနေရာတွေမှာ နီရဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
“လူနာအများစု ဆေးရုံရောက်လာတာက နေမကောင်းလို့ပါ။ ဒါပေမယ့် သူက ကျွန်တော်တို့ကြုံခဲ့ရတဲ့ အခြေအနေ တော်တော်မကောင်းတဲ့ လူနာတွေထဲ ပါနေတယ်” လို့ စစ်တမ်းကိုရေးသားတဲ့ တက္ကဆက်ပြည်နယ်ဆေး တက္ကသိုလ်က ဒေါက်တာ နီကိုးလပ်စ် ဟန်ဒရန်က ပြောပါတယ်။
အခြေအနေပိုဆိုးတာက သူဟာ တစ်နေ့ကို ၁၂ အောင်စပါ ဘီယာ ၆ လုံးသောက်တာကြောင့် နာတာရှည်အသည်းရောဂါ ခံစားနေရပါတယ်။ သူ့ကို အသက်ရှုရကောင်းအောင် အသက်ရှုကူညီပေးတဲ့စက်ဆီ ချက်ခြင်းပို့ပြီး ပဋိဇီဝဆေးတွေ ပေးခဲ့ပါတယ်။
သူ့မှာ ကမ်းခြေတွေမှာ တွေ့ရလေ့ရှိတဲ့ Vibrio vulnificus ဘက်တီးရီးယားပိုးဝင်နေတာ တွေ့ရပါတယ်။ ဒီဘက်တီးရီးယား ကြောင့် အမေရိကန်မှာ နှစ်တိုင်း ဖျားနာမှု ၈၀၀၀၀ နဲ့သေဆုံးမှု ၁၀၀ ဖြစ်နေတယ်လို့ CDC က ခန့်မှန်းပါတယ်။ ဖျားနာ သေဆုံးစေတဲ့ အဓိကအချက်တွေက အသည်းရောဂါ၊ ကင်ဆာ၊ ဆီးချို၊ အိပ်ခ်ျအိုင်ဗီနဲ့ သာလာဆီးမီးယားသွေးရောဂါတို့ ဖြစ်ပါတယ်။
အစောပိုင်းက သူ့ရဲ့အခြေအနေကြောင့် အခြေအနေဆိုးပြီလို့ထင်ခဲ့တဲ့ ဟန်ဒရင်နဲ့ ဆရာဝန်တွေက အခြေအနေကောင်း လာပြီလို့ ယူဆခဲ့ပါတယ်။ ဆေးရုံရောက်ပြီး ၁၈ ရက်အကြာမှာ လူနာကို အသက်ရှုစက်ကနေ ဖယ်ရှားပြီး ပြန်လည်တည်ငြိမ် လာပြီလို့ ထင်ခဲ့ကြပါတယ်။
ဒါပေမယ့် နောက်တစ်လကြာတဲ့အခါ သူ့အခြေအနေဟာ တဖြည်းဖြည်း ဆိုးလာပါတယ်။ ဆေးရုံကို ပထမဆုံးရောက်ပြီး ၂ လအကြာမှာတော့ သူဟာ အနာရင်းသတိလစ်မှုနဲ့ အသက်ဆုံးပါးခဲ့ပါတယ်။
“ကျန်းမာရေးကောင်းတဲ့လူနာတွေမှာ ဒီပိုး ၀င်လေ့မရှိပါဘူး”လို့ ဟန်ဒရင်ကပြောပါတယ်။ “ပိုးကူးစက်ပြီဆိုရင်လည်း လူအများစုက ဘာမှမဖြစ်ဘူး။ ဆေးရုံတက်စရာမလိုပါဘူး။ ဒါပေမယ့် အသည်းရောဂါရှိတဲ့သူတွေကတော့ ပိုးဝင်တဲ့ဒဏ်ကို ပိုခံရပါတယ်”
အခုလိုပြောတာက လူတွေ တက်တူးမထိုးသင့်ဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း ဟန်ဒရင်ကဆိုပါတယ်။
“တက်တူးထိုးမယ်ဆိုရင် စိတ်ချရတဲ့နေရာမှာ ထိုးပါ။ အသိအမှတ်ပြုလက်မှတ်ရတဲ့ဆီမှာ ထိုးပါ။ အနာကိုလည်း တခြားအနာမှန်သမျှလိုပဲ အသေအချာဂရုစိုက်ပါ”လို့ သူကဆိုပါတယ်။
Author – စုပြည့်စုံ
ref: CNN, June 3rd

Post a Comment

 
Top