ဟောလီးဝုဒ်ဇာတ်ကားတွေ ကြည့်ရှုတဲ့အခါမှာ ဒီဇာတ်ကားဟာ ဘယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားပါဆိုတာကို အရင်ဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးများရဲ့ နာမည်တွေနဲ့ ရင်းနှီးနေမယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ဒီနေ့မှာ ပရိသတ်တွေသိကြတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေရဲ့ လိုဂိုများအကြောင်းကို ဖော်ပြပေးသွားဖို့ စီစဉ်လိုက်ရပါတယ်ခင်ဗျာ။
DreamWorks Pictures
နာမည်ကြီး ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ DreamWorks Pictures ရဲ့ မူရင်းလိုဂိုဟာ လပေါ်မှာ လူတစ်ယောက် ငါးထိုင်မြှားနေတဲ့ပုံ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဂိုကို တာဝန်ယူဆွဲပေးရမယ့် ပန်းချီဆရာ လူတစ်ယောက်အစား ကလေးတစ်ယောက်ပုံကို ဆွဲပေးခဲ့ပြီး ဒီကလေးငယ်ရဲ့ပုံဟာလည်း သူရဲ့သားလေးကို ရည်ညွှန်းကာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ လိုဂိုထဲက ကလေးလေး William ဟာ အရွှယ်ရောက်လာခဲ့ပြီး အနုပညာရှင်တစ်ယောက်တောင် ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။
Metro-Goldwyn-Mayer
ကြောင်နဲ့ကြွက် ( Tom & Jerry ) ဇာတ်ကားတွေ အကြည့်များတဲ့သူဆို Metro-Goldwyn-Mayer ( MGM ) ရုပ်ရှင်ထုတ်လုပ်ရေးကို ကောင်းကောင်းသိနေမှာပါ။ ဇာတ်ကားမလာခင် ခြင်္သေ့ကြီးတစ်ကောင် ဟိန်းဟောက်နေတဲ့ပုံကို Metro-Goldwyn-Mayer က သူတို့ရဲ့လိုဂိုအဖြစ် သုံးစွဲထားခဲ့တာ အကြောင်းရှိပါတယ်။ ဒီ MGM လိုဂိုအတွက် Howard Dietz ဆိုသူက စိတ်ကူးရခဲ့တာဖြစ်ပြီး သူရဲ့မိခင်တက္ကသိုလ် Columbia
University မှာ The Lions ဆိုတဲ့ အားကစားအသင်းကို ဝင်ရောက်ခဲ့ဖူးတာကြောင့် MGM လိုဂိုမှာလည်း ခြင်္သေ့ပုံကိုသုံးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့ခေတ်အထိ MGM လိုဂိုမှာ Slats, Jackie, Tanner, George နဲ့ Leo ဆိုတဲ့ ခြင်္သေ့ငါးကောင်ကို အသုံးပြုခဲ့ပါတယ်။
Paramount Pictures
ဟောလီးဝုဒ်ရဲ့ထိပ်တန်းရုပ်ရှင်ကားများကို ထုတ်လုပ်ဖြန့်ချိပေးနေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးများထဲမှာ Paramount Pictures လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Paramount Pictures ရဲ့ လိုဂိုကတော့ ရိုးရှင်းပေမယ့် အဓိပ္ပာယ်လေးတွေတော့ ရှိလို့နေပါတယ်။ Paramount Pictures လိုဂိုမှာ အဓိကပါဝင်နေတဲ့ တောင်တန်းကြီးကတော့ လိုဂိုကို တာဝန်ယူရေးဆွဲတဲ့ ပန်းချီဆရာ William Hodkinson ရဲ့ မွေးရပ်မြေ Utah က Ben Lomond တောင်ကြီးပဲဖြစ်ပါတယ်။ တောင်ကြီးပေါ်က ကြယ် ၂၄လုံးကတော့ ရုပ်ရှင်ထုတ်လုပ်ရေး စတင်ခဲ့တဲ့နှစ်မှာ သူတို့နဲ့စာချုပ်ချုပ်ဆိုဖြစ်တဲ့ သရုပ်ဆောင်များရဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ တောင်ပေါ်က ကြယ်များဟာ ၂၂လုံးသာ ပါဝင်ပါတော့တယ်။
Walt Disney
ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး ကာတွန်းကားများကို ထုတ်လုပ်ဖြန့်ချိနေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ Walt Disney ပဲဖြစ်ပါတယ်။ Walt Disney ရဲ့ လိုဂိုတွေမှာတော့ နန်းတော်တွေကိုသာ အသုံးပြုထားတာကိုလည်း ပရိသတ်တွေ သတိထားမှာပါ။ Walt Disney ရဲ့ လိုဂိုဟာ စတင်အသုံးပြုခဲ့တဲ့နှစ်ကနေ ၂၀၀၆ခုနှစ်အထိ ဂျာမနီနိုင်ငံမှာရှိတဲ့ Neuschwanstein နန်းတော်ပုံကို သုံးစွဲခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်နောက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Disneyland မှာရှိတဲ့ စင်ဒရဲလားနန်းတော်ပုံကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.