0

 ရက်ပေါင်းများစွာ ကြာအောင် ချီးမွမ်းခံရခြင်းမရှိဘဲနဲ့ နေထိုင်ဖူးပါသလား?
ချီးမွမ်းခြင်းနဲ့ ဝေးကွာနေရချိန် စိတ်ထဲမှာ အားငယ်မှုတွေ၊ ညှိုးနွမ်းမှုတွေ၊ ပျင်းရိခြင်းတွေ၊ စိတ်ဓါတ်ကျဆင်းမှု တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။
ကျွန်မကတော့ ချီးမွမ်းခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အာဟာရ တစ်မျိုးလို့ နားလည် လက်ခံထား ပါတယ်။
တစ်ချို့ကတော့ ဆန့်ကျင်ဘက်အမြင်ရှိတယ်။ ချီးမွမ်းဖို့ အင်မတန်တွန့်ဆုတ်တတ်ကြတယ်။`သိပ်ချီးမွမ်းမနေနဲ့ ရောင့်တက်သွားဦးမယ်’ ဆိုတာမျိုး။
`သွားချီးကျူးမနေနဲ့ နဂိုကတည်းက ဘ၀င်မြင့်နေတာ၊ ပိုဆိုးသွားမယ်’ ဆိုတာတွေနဲ့ သူများကို ချီးမွမ်းပြီး အသိအမှတ်အပြုပေးဖို့ တွန့်ဆုတ်တတ်ကြတဲ့။
အဲလို သူတွေကို ပြန်လေ့လာကြည့်တဲ့အခါမှာ သူတို့ကိုယ်တိုင်ကိုယ်က ချီးမွမ်းခံရခြင်းကို လိုအပ်သလောက် မရရှိခဲ့ကြလို့လို့မြင်မိတယ်။
ငယ်စဉ်ကလေးဘ၀မှာ ကတည်းက မိဘတွေက သားသမီးတွေကို လူမှန်းမသိသေးခင်တုန်းကတော့  ချိုမိုင်မိုင်ကတာကစပြီး ချီးမွမ်းကြတယ်။ တကယ့် တကယ် သိတတ်လာချိန်မှာတော့ ကိုယ့်သားသမီးတွေရဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေကို တွေ့ရင်လည်း ချီးမွန်းဖို့ မေ့လျော့နေတော့တယ်။ ဥပမာ အလယ်တုန်းကျောင်းသားတစ်ယောက် အချိန်မှန်မှန် စာကျက်နေတာ တွေ့ရင်တောင်မှ ချီးမွမ်းစရာမလိုဘူးလို့ ယူဆလာကြတယ်။
သားသမီးက မလိမ်၊ မညာ အမှန်အတိုင်း ပြောတာမျိုးကိုလည်း မိဘတွေက အရေးတယူ ချီးမွမ်း ပြောဆိုတာမျိုးတွေ မလုပ်ကြတော့ဘူး။
တစ်ခါတစ်ရံဆို သားသမီးက ကိုယ့်ကို သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ကူးလေးတစ်ခု ပြောပြခဲ့တယ် ဆိုရင် မိဘတွေ တုန့်ပြန်လေ့ရှိတာက ဘာတွေလျှောက်စဉ်းစားနေတာလဲ…တို့။ စိတ်ကူးမယဉ်စမ်းပါနဲ့တို့…အရူး မထနဲ့..တို့ အဲ့လို တုန့်ပြန်တာမျိုးကို အများဆုံးတွေ့မြင်ရတယ်။
ကိုယ့်မှာ မရှိတဲ့ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုကို ကိုယ့်သားသမီးဆီမှာ ရှိတယ်ဆိုရင် ဒီ့အတွက် သားသမီးကို ကိုယ်က ချီးမွမ်းပေးရမှာ၊ ကိုယ့်မှာမရှိတဲ့ စိတ်ကူးကောင်းတစ်ခု ကိုယ့်တပည့်မှာ ရှိလို့ ပြောလာခဲ့ရင် ဒါကို အသိအမှတ်ပြုပြီး ချီးမွမ်းပေးရမှာပေါ့…အဲ့လို နားလည်ယူဆတဲ့ သူက ကျွန်မတို့ ပတ်ဝန်းကျင်မှာ အင်မတန် နည်းပါးကြပါတယ်။
ဒါပေမဲ့လည်း စနစ်တကျနဲ့ ချီးမွမ်းတတ်တဲ့ သူတွေကတော့ လောကကြီးမှာ ရှိနေတတ်တာပါပဲ။
ကျွန်မ ငယ်စဉ်တုန်းကတည်း ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်တိုင်း မိဘတွေဆီက ချီးမွမ်းမှုတွေကို ရယူချင်ခဲ့တယ်။ ဖေဖေနဲ့ မေမေက မသိမမြင်ဘဲ နေနေတဲ့အချိန်မှာ အဒေါ်တွေနဲ့ ကျောင်းက ဆရာ ဆရာမ တွေရဲ့ ချီးမွမ်းမှုတွေကို ရရှိလိုက်တော့ ကိုယ့်ရဲ့ ကြိုးစားမှုအတွက် အားရ ကျေနပ်ခဲ့ရဖူးတယ်။
အဲ့လိုပါပဲ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုလေး တစ်ခုခုကို ကိုယ့်ကို အသိအမှတ်ပြုစေချင်တဲ့ သူတွေက အသိအမှတ်ပြု ချီးမွမ်းလိုက်တာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားသလို တိုးတက်သွားတဲ့ သူတွေလည်း ရှိပါတယ်။
ကိုယ့်ရဲ့ ချီးမွမ်းစကားလေးတစ်ခွန်းကြောင့် အတွေးအခေါ်နဲ့ လုပ်ရပ်တွေပါ ပြောင်းလဲကောင်းမွန်သွားတဲ့ သူတွေလည်း ရှိတယ်။
ဒါဆို ချီးမွမ်းခြင်းကို ကျွန်မတို့တွေ ဘာကြောင့် တောင့်တကြပါသလဲ။
ကျွန်မ အမြင်မှာတော့ လုံခြုံစိတ်ချရမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားစေလို့ပါလို့ပဲ မြင်မိတယ်။ လူတွေက ငါ့ကို အသိအမှတ်ပြုသားပဲ၊ တော်သေးတာပေါ့။ ဒါကို သူတို့ သိပြီး အသိအမှတ်ပြုလိုက်လို ဆိုတဲ့ ခံစားချက်က ကိုယ့်ကိုယ်ကို လုံခြုံစေပါတယ်။
အဲဒီလုံခြုံစိတ်က လူတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကြီးမြင့်စေတာပါ။ အဲဒါကြောင့် ကိုယ်ချစ်တဲ့ သူတွေရဲ့ အားသာချက်တွေကို ဂရုတစိုက်ကြည့်ရှုပြီး စနစ်တကျ ချီးမွမ်းပေးပါ။ ကိုယ်က ချီးမွမ်းခြင်း မခံခဲ့ရဘူး ဆိုရင် တောင်မှ ကိုယ့်ဘေးနားက လူတွေကိုတော့ ဂရုတစိုက်နဲ့ ချီးမွမ်းပေးဖို့ မမေ့ပါနဲ့နော်။

Post a Comment

 
Top