0

အမှုစစ်ဆေးနေသည့် တရားခွင်အတွင်း တရားသူကြီး အား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

မေလ ၃၀ ရက်က မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေစဉ် စွပ်စွဲအမှုဖွင့်ခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော် ဝင်းက ၎င်းကို အာမခံရုပ်သိမ်း သည့်အပေါ် မကျေမနပ်ဖြစ်ကာ မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ကာ အော်ဟစ်ဆဲဆိုခဲ့ သည်။ ထိုသို့ ဖိနပ်ဖြင့်ပေါက်ပြီး ဆဲဆိုခဲ့သည့် ဦးဇော်ဝင်းကို အရေးယူပေးရန် ဖိနပ်ဖြင့် ပစ်ပေါက်ခံရသည့် ကာယကံရှင် မတ္တရာ မြို့နယ်တရားသူကြီးက မြို့နယ် ရဲစခန်းသို့ တိုင်ကြားပြီး မတ္တရာ မြို့နယ်ရဲစခန်းတွင် ပုဒ်မ ၃၅၃၊ ၂၉၄၊ ၂၂၈ တို့ဖြင့် အမှုဖွင့်ထား သည်ဟု မန္တလေးတိုင်းဒေသကြီး  တရားလွှတ်တော်၊ တရားရေးဦး စီးဌာန ညွှန်ကြားရေးမှူး၊ သတင်း နှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်စိုးက ပြောသည်။
‘‘အဲဒီနေ့က ချက်ချင်းပဲ မြို့ နယ်တရားသူကြီးက ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်’’ဟု ဦးမြင့်စိုး က ပြောသည်။ ဝတ္တရားနှောင့်ယှက်မှု၊ ဆဲဆိုမှု၊ တရားစီရင်ရာတွင် အနှောင့်အယှက်ပြုမှု စသည့်ပုဒ်မများဖြင့် မတ္တရာမြို့နယ် တရားသူကြီး ဒေါ် ဝင်းဝင်းထိန်ကိုယ်တိုင် တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် တရားခွင်အတွင်း ဖြစ်ပွားခဲ့သည့် ဖိနပ်ပစ်ပေါက် ခြင်းနှင့် ဆဲဆိုခြင်းများဖြစ်ပွားခဲ့ ရာ မန္တလေးတိုင်းဒေသကြီးတရား လွှတ်တော်မှ အဖွဲ့ဝင်သုံးဦးပါ စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး မည် သို့ဖြစ်ပွားခဲ့သည်ကို သိရှိနိုင်ရန် လေ့လာစုံစမ်းလျက်ရှိသည်ဟု ဦးမြင့်စိုးက ပြောသည်။
အမှုသည် အာမခံရရှိရန် တရားရုံးသို့ ဆေးစာအတုဖြင့် အာမခံလျှောက်ထားရယူခဲ့သည် ဟု စွပ်စွဲခံရပြီး ပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၇၁ တို့ဖြင့် အမှုရင်ဆိုင်နေရ သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ၎င်းကို အာမခံရုပ်သိမ်းခဲ့သည့် မတ္တရာမြို့နယ် တရားသူကြီးအမျိုးသမီးကို တရားခွင်အတွင်း ဖိနပ်ဖြင့် ပစ်ပေါက်ပြီး အော်ဟစ်ဆဲဆိုမှု မေလ ၃၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့ပြီး ရက်ပိုင်းအတွင်းကြည့်ရှု သူ နှစ်သန်းကျော်   ရှိခဲ့သည်။ ဗီဒီယိုဖိုင်တွင် တွေ့ရှိချက်အရ တရားခွင်အတွင်း ရဲအချို့ရှိနေခဲ့ ပြီး ဖိနပ်နှင့်ပစ်အပြီး အော်ဟစ် ဆဲဆိုနေစဉ် ရဲအချို့က ဦးဇော်ဝင်း ကို ဝင်ရောက်ထိန်းသိမ်းခဲ့သည်။ အပစ်ခံရသည့် တရားသူကြီးလည်း တရားခွင်နောက်ဘက်ရှိ အခန်း ထဲသို့ အလျင်အမြန် ဝင်ရောက် သွားခဲ့သည်။ ဦးဇော်ဝင်းကို ရဲများက တရားခွင်ထဲမှ ခေါ်ထုတ် သွားချိန်တွင် ရုံးအပြင်တွင် စောင့်နေသော လူအုပ်က အော်ဟစ်ကြွေးကြော်မှုများ ပြု လုပ်ခဲ့သည်။
ဖိနပ်ဖြင့်   ပေါက်သည့် ရှေ့နေနှင့် အပေါက်ခံရသည့် တရားသူကြီးတို့ကို ဇွန်လ ၂ ရက် ရုံးချိန်းတွင် ဖိနပ်ပေါက်သည့် ဖြစ်စဉ်အပြီး ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ဦးဇော်ဝင်းကို လက် ထိတ်ခတ်ထားသော်လည်း ဖိနပ် စီးထားကြောင်း တရားခွင်သို့ သွား ရောက်ခဲ့သူများက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းသည် ၎င်း၏အမှုသည် အာမခံရရှိရန် ဆေးစာအတုပြု လုပ်သည်ဆိုကာ ပြင်ဦးလွင်မြို့ တပ်မတော်စစ်ဆေးရုံမှ ဗိုလ်ကြီး တစ်ဦးက တရားလိုပြုလုပ်ကာ ၂၀၁၃ ဇန်နဝါရီတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆို ပါအမှုကို ပြင်ဦးလွင်မြို့နယ်မှ မတ္တရာမြို့နယ်သို့ ရုံးပြောင်းလျှောက်ထားခဲ့ပြီး ၂၀၁၃ မေလ အတွင်းတွင် မန္တလေးတိုင်းဒေသ ကြီးတရားလွှတ်တော်က ဦးဇော် ဝင်းကို အာမခံပေးခဲ့သည်။
အမှုကို ဆက်လက်စစ်ဆေး နေပြီး အာမခံစည်းကမ်းချက်များ ဖောက်ဖျက်သည်ဆိုကာ  မြို့ နယ်တရားသူကြီးက ၂၀၁၆ တွင် တစ်ကြိမ် ခံဝန်ဖြင့် ဝရမ်းထုတ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် ဝမ်းလျှောသည်ဆိုကာ ခွင့်တိုင်ကြားသည့်အပေါ် တရား သူကြီးက လက်မခံဘဲ ခံဝန်မဲ့ဖြင့် ဝရမ်းထုတ်ကာ အာမခံပြန်လည် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးတရားလွှတ် တော်မှ သတင်းရရှိသည်။
‘‘အဓိက ကတော့ အာမခံ စည်းကမ်းတွေ ဖောက်ဖျက်တာ မျိုးပေါ့။ ရုံးချိန်းမမှန်ဘူး။ အ ကြောင်းအမျိုးမျိုးပြပြီး ခွင့်တင်တဲ့ အခါမှာလည်း အထောက်အထားအပြည့်အစုံနဲ့ မဟုတ်ဘူး။ မေလ ၂၃ ရက်ရုံးချိန်းမှာတော့ ဝမ်းလျှောတယ်ဆိုပြီး ခွင့်တိုင်တယ်။ အဲဒီ အပေါ်မှာ တရားသူကြီးက လက် မခံဘဲ ခံဝန်မဲ့ဝရမ်းထုတ်လိုက်တာ ပါ’’ဟု ဦးမြင့်စိုးက ပြောသည်။
သို့သော် တရားလွှတ်တော် ရှေ့နေ    ဦးဇော်ဝင်း၏တပည့်  ရှေ့နေ ဦးကျော်ကျော် ဦးက မေလ၂၃ ရက်က ဦးဇော်ဝင်းသည် ကျန်းမာရေးမကောင်းဘဲ ဝမ်းလျှောနေသဖြင့် ရုံးချိန်းသို့ မလာရောက်နိုင် ကြောင်း တရားသူကြီးထံ ခွင့်တိုင်ကြားစာပေးပို့ခဲ့ပြီး တရားသူကြီးကလည်း  တိုင်စာကို  လက်ခံခဲ့ သည်ဟု ပြောသည်။
‘‘ခွင့်တိုင်ပြီး ပြန်ချိန်ကားနား ရောက်မှ တရားသူကြီးက ခွင့်တိုင်တာကို လက်မခံဘူး။ အာမခံရပ် ပြီး ဖမ်းဝရမ်းထုတ်တယ်လို့ လာ ပြောတယ်’’ဟု ရှေ့နေ ဦးကျော် ကျော်ဦးက ပြောသည်။
ဦးဇော်ဝင်း၏အမှုသည် ပြီးခဲ့ သည့် ၂၀၁၁ အတွင်းက စတင်ခဲ့ ခြင်းဖြစ်ပြီး ထိုအချိန်က ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကန်ထရိုက်လုပ်ငန်းနှင့်သက်ဆိုင် သည့် အမှုတစ်ခုတွင် ဦးဇော်ဝင်း က တရားစွဲဆိုခံရသူ၏ရှေ့နေအ ဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ အဆိုပါအမှုတွင် အချုပ်ကျခံနေရ သည့် သူ၏အမှုသည်အာမခံရရှိ ရန် ဆေးစာဖြင့် ပြင်ဦးလွင်မြို့ နယ်တရားရုံးသို့ အာမခံလျှောက် ထားခဲ့ရာ တရားရုံးက အာမခံပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင်  ဆေးစာအတုပြုလုပ်ကာ တရားရုံးတော်သို့ တင်သွင်းသည် ဟူသော   စွပ်စွဲချက်ဖြင့်  တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကိုပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၇၁ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည် ဟု ဦးကျော်ကျော်ဦးက ရှင်းပြခဲ့ သည်။
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း၏အမှုကို လာမည့် ဇွန် လ ၉ ရက်တွင် အပြီးသတ်အ မိန့်ချမည်ဖြစ်သည်။ တရားလွှတ် တော်ရှေ့နေ ဦးဇော်ဝင်းသည် တောင်သူလယ်သမားအရေး၊ မြေယာသိမ်းဆည်းခံရမှုအရေးတို့ တွင်လည်း လိုက်ပါဆောင်ရွက် နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် မေ လဆန်းက မြေနုကျွန်းကိစ္စအငြင်း ပွားရာမှတစ်ဆင့် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးကို တောင်သူများက ဆန္ဒပြရာတွင် လည်း ဦးဆောင်ပါဝင်ခဲ့သည်။

7day

Post a Comment

 
Top