0


ပထမကမ္ဘာစစ်အတွင်းက မီးခိုးများဖုံးလွှမ်းနေတဲ့ ရွှံ့နွံဗွက်တောထဲမှ လေးလေးကန်ကန်ရုန်းထလာတဲ့ ပထမဦးဆုံးတင့်ကားတစ်စီးဟာ ဂျာမန်စစ်သားများရှိတဲ့ ကတုတ်ကျင်းများဆီသို့ ဦးတည်လာနေတာကို တွေ့မြင်လိုက်ရတဲ့အခါမှာ အလန့်တကြားဖြစ်နေကြတဲ့ ဂျာမန်စစ်သားများက မကောင်းဆိုးဝါး သတ္တဝါကြီးတစ်ကောင် ငရဲပြည်မှထလာလေသလားလို့ ထင်မြင်ယူဆခဲ့ကြပါတယ်။ ယခုကဲ့သို့ တင့်ကားကိုတီထွင်ရန် အကြံအစည်စိတ်ကူးရသူကတော့ ပထမကမ္ဘာစစ်ကြီးအတွင်းက ဗြိတိန် တပ်မတော်ရဲ့ ဗိုလ်မှူးကြီးများဖြစ်ကြတဲ့ Ernest Swinton နဲ့ William Hankey တို့နှစ်ဦးပဲဖြစ်ကြပါတယ်။ သူတို့ဟာ ချိန်းတပ်ဘီးပါတဲ့ ဓာတ်ဆီသုံး ဟော့ လယ်ထွန်စက်( Holt Tractor ) တစ်ခုက Chassis ခေါ်တဲ့ အောက်ခံဖရိမ်နဲ့ ချိန်းတပ်ဘီးကိုပြုပြင်ပြီး အပေါ်ကကိုယ်ထည်ကို သံပြားအထူဖြင့်တပ်ဆင်ကာ အမြောက်တစ်လက်နဲ့ စက်သေနတ်တစ်လက်ကို တပ်ဆင်လိုက်ပါတယ်။ 

အဆိုပါစစ်သုံးယာဉ်ကို ပထမဦးဆုံးအဖြစ် စတင်စမ်းသပ်ခဲ့ချိန်ကတော့ ပထမကမ္ဘာစစ်ရဲ့ ကတုတ်ကျင်းစစ်ဆင်ရေးများခေတ်စားနေချိန် ၁၉၁၄ ခုနှစ်အတွင်းမှာပဲဖြစ်ပြီး ပထမဦးဆုံးစမ်းသပ်ထုတ်လုပ်ခဲ့တဲ့ စမ်းသပ်ယာဉ်( Prototype ) ကိုတော့ ၁၉၁၅ ခုနှစ်မှာ Little Willie အမည်ဖြင့်ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ စမ်းသပ်ယာဉ်ရဲ့ လက်တွေ့မောင်းနှင်စမ်းသပ်မှုများအရ ရန်သူ့ရဲ့ အကာအကွယ်အစီအမံများဖြစ်တဲ့ ကတုတ်ကျင်းများကို ဖြတ်ကျော်နိုင်ခြင်းမရှိခြင်းကြောင့် ဒုတိယ စမ်းသပ်ယာဉ်တစ်စီး ကိုဆက်လက် စမ်းသပ်ထုတ်လုပ်ခဲ့ကြပြီး Big Willie အမည်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါ ဒုတိယ စမ်းသပ်ယာဉ်အနေနဲ့ စမ်းသက်မောင်းနှင်မှုများအရ ကတုတ်ကျင်းများကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ထုတ်လုပ်မှုလိုင်းပေါ်ရောက်လာခဲ့ပြီး ၁၉၁၆ ခုနှစ် မှာ စစ်မြေပြင်တွင်အသုံးပြုရန် ပထမဦးဆုံး စတင်ထုတ်လုပ်ခဲ့ကြပါတယ်။ 

အဆိုပါစစ်သုံးယာဉ်များကိုတော့ ဗြိတိန်က Mark I လို့လည်း အမည်သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ နောက်ထပ် ဒီလို စစ်သုံးယာဉ်များကို ထိုစဉ်က ကုန်းသင်္ဘောများ( Land ships ) လို့ ခေါ်ဝေါ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒီစစ်သုံးယာဉ်များကို ဗြိတိန်ကနေ ပြင်သစ်ကိုတင်ပို့တဲ့အခါမှာတော့ မိုးကာရွက်ဖျင်များဖြင့် အုပ်ကာ သယ်ဆောင်ကြပြီး အခြားသူများကိုမသိစေလိုတဲ့အတွက် ရေတိုင်ကီ(Tank ) များလို့သတင်းလွှင့်ခဲ့ကာ အချို့သောစပ်စုတတ်တဲ့ စစ်သားများကိုတော့ အလွန်ကြီးမားတဲ့ ရေလှောင်ကန်များအဖြစ် အသိပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး အဆိုပါချိန်းတပ်ဘီးပါတဲ့ စစ်ယာဉ်များကို တင့်ကားများ( Tanks ) လို့လူသိများလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ တင့်ကားများရဲ့ ပထမဦးဆုံး တိုက်ပွဲအတွေ့အကြုံကတော့ ပြင်သစ်နိုင်ငံရဲ့ Courcelette ဒေသအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေ ရရှိခဲ့တာဖြစ်ပါတယ်။ 

ပုံအညွှန်း ( ၁ ) ပထမဦးဆုံး စမ်းသပ်ယာဉ်ဖြစ်တဲ့ Little Willie



ပုံအညွှန်း ( ၂ ) ပထမဦးဆုံး စစ်မြေပြင်တွင်အသုံးပြုရန်ထုတ်လုပ်ခဲ့တဲ့ Big Willie ( Mark I )
 

#မိုးတိမ်
#Myanmar_Military_Observers

Post a Comment

 
Top