0

ဆီးဂိမ်းနှင့် အာရှခြေစစ်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နှင့် မြန်မာ့လက်ရွေးစင် ကစားသမားများ တွေ့ဆုံစဉ်ကျွန်တော်တို့မှာ နိုင်ငံတော် ဘတ်ဂျက် တစ်ပြားမှ မရှိဘူးလို့ ဥက္ကဌ ဦးဇော်ဇော်ကပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ယူ (၁၈) နှင့် ယူ (၁၅)အသင်းတို့ ဇွန်လ (၃)ရက်နေ့ နေ့လည် ၁နာရီက ရန်ကုန်မြို့ နိုဗိုတယ် ဟော်တယ်တွင်တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာပါ။

“ဒီနေ့ လက်ရွေးစင် အသင်း (၈)သင်းလောက် ကစားသမား (၂၄၀) လောက် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတခု၊ ဝန်ထမ်းအင်အား (၅၀၀)လောက်ရှိတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့မှာ နိုင်ငံတော် ဘတ်ဂျက် တစ်ပြားမှမရှိပါဘူး။ 

 တခါတလေကျရင် စိတ်မကောင်းဘူး လက်ရွေးစင်အသင်းတွေရှုံးတာနဲ့ တပြိုင်နက် နိုင်ငံတော်ပိုက်ဆံတွေ ကုန်ပြန်ပါပြီ။ ဒီအဖွဲ့အစည်းက ပိုက်ဆံတွေကိုဖြုန်းနေပြန်ပြီဆိုတော့ တစ်ဖက်မှာလဲ လက်ရွေးစင် ရှုံးလို့ စိတ်ညစ်ရတယ်။ တစ်ဖက်မှာလဲ နိုင်ငံတော်ပိုက်ဆံတွေကို မသုံးမိပဲ သုံးတယ်လို့ပြောတယ်။ 

ငါတို့ဟာ ဒီ ကျဉ်းထဲကြပ်ထဲက တိုင်းပြည်ချစ်တဲ့စိတ်နဲ့ ဒီဘောလုံးလောကကို ဆွဲတင်မယ်ဆိုပြီး ဘောလုံး နာယကတွေ၊ အသင်းပိုင်ရှင်တွေ အမှုဆောင်တွေကော လုပ်ခဲ့ကြရတယ်။ မင်းတို့ ပုဂ္ဂိုလ်ရေး ကြိုးစားအားထုတ်မှု၊ တစ်ဦးခြင်းရဲ့ ခံယူချက်အားနည်းတဲ့အတွက်ကြောင့် လက်ရွေးစင် အသင်းမှာ ထိခိုက်မှု အများကြီးရှိတယ်။ ဘာကိုလိုချင်လို့ ဒီလိုလုပ်နေတာလဲ။ အဓိက နိုင်ငံဂုဏ်တက်စေချင်လို့။ သူတို့လိုမပြည့်စုံဘူး။ ငါတို့ပိုပြီးကြိုးစားရမယ်။ နိုင်ငံ့ချစ်စိတ်နဲ့ သူတို့ကိုချရမယ်။ ဒါပဲရှိတယ်သားတို့။ 

မင်းတို့ ဒီအတွက်ကိုပြင်ဆင်ထားတာ နှစ်ချီနေပါပြီ။ စီမံခန့်ခွဲမှုအဖွဲ့တွေအနေနဲ့လည်း ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်။ တခါတလေကျရင် ၇နှစ် ၈နှစ်လုပ်လာတွေဟာ တစ်ရက်ထဲ နဲ့ပျက်စီး ဆုံးရှုံးတတ်ပါတယ်။ ဒါထက်ပိုပြီး အာရုံစူးစိုက်ဖို့လိုပါတယ်။ တာဝန်ရှိသူဟာ တစ်ဦးတစ်ယောက်ထဲမဟုတ်ပါဘူး။ အဖွဲ့အစည်း တခုလုံး တာဝန်ရှိပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာ မှာ အောင်မြင်ရအောင် တာဝန်ယူပေးကြပါလို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Post a Comment

 
Top