0

မြိတ်မြို့ တောရကျောင်းရပ် အဝေးပြေးယာဉ်ရပ်နားစခန်းတွင်းက မင်းမျက်ဝန်း စားသောက်ဆိုင်မှာ ဇွန်လ ၄ ရက်နေ့ ညနေက အမည်မသိသေနတ်သမားတဦးက မိုးပေါ်ကို သေနတ် ၅ ချက်ပစ်ဖောက်ကာ ထွက်ပြေးသွားတယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။
မင်းမျက်ဝန်း စားသောက်ဆိုင်ပိုင် ဒေါ်သန်းသန်းလွင်က “စားသောက်ဆိုင်မှာ အမည်မသိ သေနတ်သမားက မူးယစ်ရမ်းကားနေတဲ့အတွက် ဆိုင်ရှင်က ဘီယာဆက်လက်မရောင်းလိုတော့ ကြောင်း ပြောဆိုရာ မကျေမနပ်ဖြစ်ပြီး ဆိုင်ပြင်ကို ထွက်ကာ သေနတ် ၂ ချက်ပစ်ဖောက်လိုက်ပြီး ကိုက် ၃၀ လောက်အရောက်မှာ နောက်ထပ် ၃ ချက် ထပ်မံပစ်ဖောက်ခဲ့တယ်”လို့ ပြောပါတယ်။
သေနတ်ပစ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်ရှိလာပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ်က “သတင်းကြားတာနဲ့ ကျနော်ချက်ချင်း ရောက်လာတယ်။ အဝေးပြေးဝင်းဂိတ်ကိုရောက်တာနဲ့ မသင်္ကာတဲ့ လူတဦးကိုတွေ့လို့ ဓာတ်ပုံလှမ်းရိုက်လိုက်တာ နောက်တော့သေနတ်ပစ်သမားက အဲဒီ မသင်္ကာတဲ့လူဖြစ်နေတော့ ချက်ချင်းပဲ ကားကိုကွေ့ပြီး လိုက်ပါတယ်။ ကန်ဖျား ပိတောက်ပင်လမ်းဆုံ နားမှာမျက်ခြေပြတ် သွားခဲ့တယ်”လို့ ပြောပါတယ်။
သေနတ်ပစ်ဖောက်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်သမားကို ရှာဖွေနေသလို မျက်မြင်တွေကိုလည်း ခေါ်ယူမေးမြန်းနေပါတယ်။
သိမ်းဆည်းရမိတဲ့ ကျည်ခွံတွေဟာ ၉ မီလီမီတာ ကျည်အမျိုးအစားဖြစ်ပြီး မြိတ်မြို့မရဲစခန်းက သေနတ်သမားကို ဖမ်းဆီးရမိရေး အဓိက ဆောင်ရွက်နေပါတယ်။
မြိတ်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်က “အခင်းဖြစ်တဲ့အချိန်ကနေပြီးတော့ တညလုံး ပိုက်စိပ်တိုက် ထွက်ပေါက်တွေပိတ်ပြီးတော့ လိုက်ရှာနေတယ်။ အခုအချိန်အထိလည်း လိုက်ရှာနေတုန်း။ ဒါပေမယ့် မတွေ့သေးဘူး။”လို့ ပြောပါတယ်။

Post a Comment

 
Top