0
 
ကမ္ဘာ့ဟီရိုးအင်းဈေးကွက်ကိုချုပ်ကိုင်ခဲ့ဖူးတဲ့ ဘိန်းဘုရင်ကြီး ခွန်ဆာ

ကမ္ဘာ့မူးယစ်ရာဇာကြီးတွေထဲမှာ ကိုကင်းဘုရင်ကြီး ပက်ဘရို အက်စကိုဘာ (Pablo Escobar) ပြီးရင်တော့ မြန်မာနိုင်ငံက ခွန်ဆာ (Khun Sa) ကို အင်အားအကြီးဆုံးလို့သတ်မှတ်လို့ရပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟီရိုးအင်းဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ခွန်ဆာကြီးစိုးခဲ့တဲ့ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ်ရွှေတြိဂံဒေသက တင်ပို့ခဲ့တာဖြစ်သလို သူတို့တင်ပို့တဲ့ ဟီရိုးအင်းတွေဟာ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်မှုရှိတာမို့ ကမ္ဘာ့ပေါ်မှာအကောင်းဆုံးအမျိုးအစားအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ ခွန်ဆာရဲ့တင်ပို့ခဲ့တဲ့ ဟီရိုးအင်းတွေဟာနယူးယောက်မြို့အထိရောက်ခဲ့သလို အမေရိကန်အစိုးရတောင် ဆုငွေဒေါ်လာနှစ်သန်း ထုတ်ခဲ့ရဖူးတဲ့ ဘိန်းဘုရင်ကြီးပါ။ တရုတ်အမည်ကတော့ Chang Chi-Fu လို့ခေါ်ပါတယ်။

ခွန်ဆာဆိုတာ ဘယ်သူလဲ

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဝီလျံဘရောင်းက ခွန်ဆာကို “မကောင်းဆိုးဝါးကောင်…ကမ္ဘာကြီးရဲ့အဆိုးဝါးဆုံးရန်သူ” လို့ပြောခဲ့ဖူးသလို အဲ့ဒီအချိန်တုန်းက ဘန်ကောက်ပို့စ်နဲ့ မြန်မာ့အလင်းသတင်းစာတို့မှာ ဒီစကားကိုဖော်ပြခဲ့ပါတယ်။ ရှမ်းစစ်ဘုရင်ကြီး (သို့) ဘိန်းဘုရင်မူးယစ်ရာဇာကြီးလို့ လူသိများခဲ့တဲ့ ခွန်ဆာကို ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ခွန်ဆာဟာ ရှမ်း၊ တရုတ်ကပြားတစ်ယောက်ပါ။ အင်အား ၁၅၀၀၀ ခွဲလောက်ရှိတဲ့ကိုယ်ပိုင်စစ်တပ်ကို ပိုင်ဆိုင်ထားခဲ့သူတစ်ဦးဖြစ်ခဲ့သလို ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ်ထိစပ်နေတဲ့ ရွှေတြိဂံဒေသကိုမင်းမူခဲ့တဲ့ ဘိန်းဘုရင်ကြီးတစ်ပါးဆိုလည်းမမှားပါဘူး။
ခွန်ဆာရဲ့အဖေကတော့ တရုတ်လူမျိုး Khun Ai (Zhang Bingyao) ဖြစ်ပြီး အမေကတော့ Nang Hseng Zoom ပါ။ ငယ်စဉ်က တရုတ်ဖြူကူမင်တန်တပ်မှာ အမှုထမ်းခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ကူမင်တန်ကခွဲထွက်ပြီး နောက်လိုက်ရာဂဏန်းနဲ့ကိုယ်ပိုင်တပ်ကို ထူထောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့တပ်ကို ၁၉၆၃ ခုနှစ်မှာတော့မြန်မာအစိုးရသြဇာခံ လွယ်မော်ကာကွယ်ရေးတပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ မြန်မာအစိုးရရဲ့အထောက်အပံ့ကိုယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army) ကို တိုက်ခိုက်ခဲ့ပေမယ့် နောက်ပိုင်းအင်အားကောင်းလာတဲ့အခါမှာတော့ မြန်မာအစိုးရကိုအဆက်အသွယ်ဖြတ်ပြီး ရှမ်းနဲ့ ဝနယ်မြေများအတွင်းမှာ ဘိန်းထုတ်လုပ်မှုလုပ်ဆောင်ခဲ့ပါတယ်။



အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ်က လယ်သမားကြီးတစ်ဦးလည်းဖြစ်သလို စီအိုင်အေထောက်လှမ်းရေးလည်းဖြစ်တဲ့ အက်ဂါဘူးအယ်လ် (Edgar Buell) လိုတွေတောင် ခွန်ဆာကြီးစိုးတဲ့အချိန်တုန်းက ရှမ်းပြည်နယ်ကဘိန်းစိုက်ခင်းတွေဆီလာပြီး စိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးပေးခဲ့တာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် သူတို့ကဟီးရိုးအင်းထုတ်လုပ်မှုနဲ့တော့ ပက်သက်မှုမရှိပါဘူးတဲ့။ အဲ့ဒီအချိန်တုန်းက ခွန်ဆာရဲ့အဓိကပြိုင်ဖက်ကတော့တရုတ်အမျိုးသားဝါဒီ မူးယစ်ဆေးဝါးကုန်သည်ကြီး ဗိုလ်ချုပ်ကြီး လီဝင်ဝှမ်ဖြစ်ပါတယ်။ လီဝင်ဝှမ်ဟာဘယ်လောက်အထိပေါက်ရောက်သလဲဆိုရင် အမေရိကန်နိုင်ငံ၊ ဗားဂျီးနီးယားပြည်နယ်၊ လန်ဂလေမြို့ရှိ စီအိုင်အေဌာနချုပ်အထိ ခြေတံလက်တံတွေဖြန့်ထားနိုင်တဲ့ပုဂ္ဂိုလ်ပါ။
၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အမေရိကန်ကဒေါ်လာ ၈၁ သန်းလောက်ထောက်ပံ့ပေးဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်အတွင်းမှာ မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးထုတ်လုပ်မှုက မက်ထရစ်တန် ၆၀၀ ကနေ ၁၂၀၀ အထိ နှစ်ဆလောက်တိုးသွားပါတယ်။ ၁၉၉၂ ခုနှစ်မှာ ၂၃၀၀ တန်အထိထွက်လာပြီး ၁၉၉၄ ခုနှစ်မှာတော့ ၂၆၀၀ အထိထွက်လာခဲ့ပါတယ်။ ဒါကြောင့်မို့လည်း မြန်မာနိုင်ငံကို အာဖန်ဂန်နစ္စတန်ပြီးရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံရယ်လို့ အရင်တုန်းသတ်မှတ်ခဲ့တာလားမသိပါဘူး။

ပြိုင်ဖက်ကို စိန်ခေါ်ခဲ့တဲ့သူ

၁၉၆၉ ခုနှစ်မှာတော့ မြန်မာအစိုးရက ခွန်ဆာကို ဖမ်းဆီးနိုင်ခဲ့ပေမယ့်  သူ့ရဲ့လက်ထောက်ဗိုလ်မှူးတစ်ယောက်(ရဲဘော်ဟောင်းကြီး ချာလီဝင်း ဟုနောက်ပိုင်းသိရ) ကတောင်ကြီးမြို့စပ်စံထွန်းဆေးရုံမှာလာရောက်တာ ဝန်ထမ်းဆောင်နေတဲ့ ရုရှားဆရာဝန်နှစ်ယောက်ကိုဖမ်းဆီးပြီးအကျဉ်းသားချင်းအလဲအလှယ်လုပ်ခဲ့တာကြောင့် ၁၉၇၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ သူ့ရဲ့ဘိန်းဖြူလုပ်ငန်းတွေ ပြန်လည်အခြေကျသွားပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ဘန်ဟင်းတပ်ခ် မှာလုပ်ကိုင်ခဲ့တာပါ။


တဖြည်းဖြည်းနဲ့သြဇာအာဏာကြီးလာတဲ့ခွန်ဆာဟာ အသက် ၃၃ နှစ်အရွယ်မှာတော့ စီအိုင်အေကျောထောက် နောက်ခံနဲ့ ဘိန်းဖြူဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ ကူမင်တန်ဗိုလ်ချုပ်ကြီး လီဝင်ဝှမ်ကို စိန်ခေါ်ခဲ့ပါတယ်။ လီဝင်ဝှမ်ရဲ့စနက်နဲ့ အမေရိကန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဒီအီးအေ၊ စီအိုင်အေနဲ့ ထိုင်းအစိုးရတိုက်တွေဟာ ခွန်ဆာရဲ့စခန်းရှိတဲ့ဘန်ဟင်းတပ်ခ် ရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အသေအပျောက်မများခဲ့ပေမယ့် ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပါ။ ဒီနောက်ပိုင်းမှာတော့ ခွန်ဆာက လီဝင်ဝှမ်ကို ရိုးရှင်းတဲ့ကလဲ့စားချေမှုတစ်ခုလုပ်ခဲ့ပါတယ်။ ဒါကတော့ ချင်းမိုင်က ခံတပ်သဖွယ်တည်ဆောက်ထားပြီး အခန်း (၄၀)လောက်ပဲတဲ့ ဗိုလ်ချုပ်ကြီးလီရဲ့စံအိမ်ကြီးကို တီအမ်တီ (TNT) ဖောက်ခွဲရေးယမ်းနှစ်တန်လောက်သုံးပြီး ထရပ်ကားတစ်စီးနဲ့ ဖောက်ခွဲပစ်ခဲ့တာပါ။ ခွန်ဆာနဲ့ လောစစ်ဟန်ကြားမှာ မူးယစ်ဆေးဝါးနဲ့ပက်သက်တဲ့ ဇာတ်လမ်းတချို့ရှိခဲ့ပေမယ့် မဖော်ပြတော့ပါဘူး။
ဘိန်းလုပ်ငန်းအောင်မြင်ပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့တပ်ဖွဲ့ကို စည်းလုံးညီညွတ်သည့်ရှမ်းတပ်မတော်(Shan United Army) လို့ အမည်ပြောင်းခဲ့ပြီး ရှမ်းလူမျိုးများဖက်မှရပ်တည်ကာ မြန်မာအစိုးရကို တိုက်ခိုက်ခဲ့ပါတယ်။


၁၉၈၅ ခုနှစ်မှာတော့ စဝ်ကွန်းဆင် (ခေါ်) မိုးဟိန်းဦးဆောင်တဲ့ ရှမ်းတော်လှန်ရေးကောင်စီနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအပါအဝင် ရှမ်း၊ ကယားနယ်စပ်အထိ ထိန်းချုပ်နိုင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့MTA ခေါ် မုန်တိုင်းတပ်မတော် (Mong Tai Army) ကိုဖွဲ့စည်းပြီး ရွှေတြိဂံဒေသမှာ ဘိန်းဖြူအမြောက်အမြားထုတ်လုပ်ရာမှ ဘိန်းဘုရင်ကြီးခွန်ဆာရယ်လို့ တစ်ကမ္ဘာလုံးမှာ ထင်ရှားလာခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်စစ်ဟာ အင်အား ၁၅၀၀၀ နီးပါးလောက်ရှိတဲ့အပြင် ခေတ်အမီဆုံးလက်နက်တွေကိုပါတပ်ဆင်ပေးထားပါတယ်။  ကမ္ဘာ့ဟီရိုးအင်းဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ခွန်ဆာ ကြီးစိုးတဲ့ရွှေတြိဂံဒေသကထွက်တာဖြစ်ပြီး သန့်စင်မှု ၉၀ ရာခိုင်နှုန်းအထိရှိတဲ့အတွက် အရည်အသွေးအရမ်းကောင်းလို့ ပြောစမှတ်တွင်ပါတယ်။

American Gangster ရုပ်ရှင်ကားထဲက ခွန်ဆာ

ဘိန်းဘုရင်ကြီးခွန်ဆာဟာ ဘယ်လောက်အထိကျော်ကြားခဲ့သလဲဆိုရင် ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “American Gangster” သူ့အကြောင်းတစ်စိတ်တစ်ပိုင်းကိုဖော်ပြခဲ့ရတဲ့အထိပါ။ “American Gangster” ရုပ်ရှင်ကားဆိုတာက အမေရိကန်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့ မာဖီးယားဆန်ဆန် ဂိုဏ်းခေါင်းဆောင်တစ်ယေက်အကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားပါ။ နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Denzel Washiton နဲ့ Russell Crowe တို့ပါဝင်ပြီး သူတို့ရဲ့အပြိုင်သရုပ်ချက်တွေကြောင့် လူတိုင်းနှစ်ခြိုက်ခဲ့ကြသလို အမြတ်အစွန်းအများအပြားရခဲ့တဲ့ကားတစ်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အမေရိကန်မှာမူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ လူဆိုးခေါင်းဆောင် Frank Lucas ကခွန်ဆာဆီမှာ ဘိန်းဖြူအရောင်းအဝယ်ကိစ္စတိုက်ရိုက်လာရောက် ဆွေးနွေးတဲ့အကြောင်းကို ရိုက်ကူးဖော်ပြထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ခွန်ဆာလို့မသုံးဘဲ Chinese General လို့သာသုံးနှုန်းထားပါတယ်။ Wikipeida မှာကြည့်ရင်တော့ ခွန်ဆာနေရာမှာ Ric Young က သရုပ်ဆောင်ထားတယ်ဆိုပြီးတွေ့ရမှာပါ။

လက်နက်ချပြီး ငြိမ်းချမ်းစွာနေထိုင်ခဲ့တဲ့သူ


ခွန်ဆာက အသက်ကြီးလာတဲ့အချိန် ၁၉၉၆ ခုနှစ်မှာတော့ မြန်မာအစိုးရဆီမှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့ ပြင်ဆင်ပါတယ်။အဲ့ဒီတုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကတာဝန်ရှိတဲ့သူတစ်ယောက်ပါ။ နှစ်ဦးနှစ်ဖက်ဆွေးနွေးဖို့ကိစ္စကို အစပိုင်းမှာတုန်းကတော့ ထိုင်းနိုင်ငံချင်းမိုင်မှာတွေ့ဖို့ချိန်းကြပေမယ့် ချင်းမိုင်ဆိုတာက နည်းနည်းရှုပ်တဲ့ဒေသဖြစ်တာမို့လို့ ကိုယ့်ရဲ့နိုင်ငံထဲကတာချီလိတ်မြို့မှာပဲ တွေ့ဖို့ဆွေးနွေးခဲ့ကြပါတယ်။ ခွန်ဆာရဲ့စခန်းက နှစ်နိုင်ငံနယ်စပ်မှာဆိုတော့ အစိုးရစစ်တပ်တွေတိုက်မယ်ဆိုရင် ခြေလျင်တပ်တွေနဲ့ပဲတိုက်လို့ ရတာကြောင့် အပြတ်မရှင်းနိုင်ခဲ့တာလားမသိပါ။ အမြောက်နဲ့ပစ်ရင် တစ်ဖက်ထိုင်းနိုင်ငံထဲ ကျည်တွေကျသွားနိုင်သလို လေယာဉ်နဲ့ဗုံးကြဲမယ်ဆိုရင်လည်း အတူတူပါပဲ။ ခွန်ဆာဆိုတာက အမေရိကန်အစိုးရက ဒေါ်လာနှစ်သန်းဆုငွေထုတ်ထားတဲ့ မူးယစ်ရာဇာကြီးဆိုတော့ အလင်းဝင်တာနဲ့တပြိုင်နက် အမေရိကန်က မြန်မာအစိုးရကို တရားခံကိုလွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။



ဒါပေမယ့် အစိုးရချင်းသဘောတူညီမှုစာချုပ်ချုပ်ဆိုထားတာမျိုးမရှိတာကြောင့် လွှဲပြောင်းပေးခြင်းမရှိပါဘူး။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲပြီးနောက်ပိုင်းမှာတော့ ခွန်ဆာက ရန်ကုန်မြို့မှာပဲ အခြေချသွားပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်ရင်း နောက်ဆုံးရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှုတွေဘယ်လောက်အထိရှိခဲ့မယ်ဆိုတာကတော့ ဘယ်သူမှတိတိကျကျမှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ ကွယ်လွန်တဲ့အချိန်မှာတော့ အသက် ၇၃ နှစ်အရွယ်ရှိပြီး မြောက်ဥက္ကလာရေဝေးသုသာန်မှာ မြေမြှုပ်ခဲ့တယ်လို့သိရပါတယ်။



မှတ်ချက်။   ။ ခွန်ဆာအကြောင်းအသေးစိတ်သိချင်ရင်တော့ Ron Felber ရေးတဲ့ The Hunt For Khun Saစာအုပ်ကိုဖတ်ကြည့်ပါ။ စာရေးဆရာ အောင်အေး (ရန်ကုန်တက္ကသိုလ်) က ဘိန်းဘုရင်ခွန်ဆာကိုခြေရာခံခြင်းဆိုတဲ့ အမည်နဲ့ဘာသာပြန်ထားပါတယ်။
Ref: https://en.wikipedia.org/wiki/Khun_Sa
အောင်အေး (ရန်ကုန်တက္ကသိုလ်) – ဘိန်းဘုရင်ခွန်ဆာကိုခြေရာခံခြင်း
မြတ်ခိုင် –  ဦးခင်ညွှန့်နှင့်အင်တာဗျူး

Post a Comment

 
Top