0


 ဘောလုံးစူပါစတား စီရိုနယ်လ်ဒိုက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာထက်တင်ခဲ့တဲ့ ပရိုဖိုင်ပုံတွေမှာ ရီးယဲလ်အသင်းဂျာစီဝတ်ဆင်ထားတဲ့ ပုံတစ်ပုံကိုမှ မတင်ခဲ့တာကြောင့် မန်ယူကို စီရိုနယ်လ်ဒို ပြန်ရောက်လာမယ်လို့ မျှော်လင့် နေတဲ့ မန်ယူပရိသတ်တွေကို ပိုပြီးစိတ်လှုပ်ရှားလာစေခဲ့ပါတယ်။ခုရက်ပိုင်း အတွင်း အခွန်လိမ်လည်မှုစွပ်စွဲခံ စီရိုနယ်လ်ဒိုရီးယဲလ်ကထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ တောက်လျှောက်ထွက်လာခဲ့ချိန် ကစားသမားကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ခြင်း မပြုခဲ့တဲ့အပြင် ရီးယဲလ်နဲ့ပတ်သက်တဲ့ အမှတ် သင်္ကေတတစ်ခုတစ်လေမှတောင် သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကို မတင်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်သတ္တခြောက်ပတ်ကတည်းက စီရိုနယ်လ်ဒိုဟာ ဆရာဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကို သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာလိုတယ်လို့ ပြောကြားခဲ့တာလို့ အင်ဒီပန်းဒင့် သတင်းဌာနက ဖော်ပြပါတယ်။ ဒီအချိန်ဟာ အခွန်ရှောင်ကိစ္စ လူသိရှင်ကြား ထွက်ပေါ် မလာသေးခင်ဖြစ်တာကြောင့် အခွန်ကိစ္စရပ်ဟာလည်း စီရိုနယ်လ်ဒိုရဲ့ဆန္ဒကို တိုက်ရိုက်အချိုးကျမှု မရှိခဲ့ဘူးလို့ ယူဆချင်စရာပါ။ တစ်ဖက်မှာလည်း ရီးယဲလ်မှာ စီရိုနယ်လ်ဒို မပျော်ရွှင်ရတဲ့ အဓိကအကြောင်းနှစ်ချက်ရှိနေပြီး ရီးယဲလ်ရဲ့ အဝတ်လဲခန်းအတွင်းက ကစားသမားအချင်းချင်းဆက်ဆံမှုပုံစံနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ပုံစံတို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စီရိုနယ်လ်ဒိုနဲ့ ဖာဂူဆန်ကြားခုထိ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံ ရေးရှိသေးတာ၊ အေးဂျင့် ဂျော့ဂ်ျမန်းဒက်ဇ်က မော်ရင်ဟိုနဲ့ စီရိုနယ်လ်ဒိုတို့ နှစ်ဦးစလုံးရဲ့ အေးဂျင့်ဖြစ်နေတာတွေအပြင် တိုက်စစ်ပိုင်း လိုအပ်ချက်မြင့်မား နေတဲ့ မန်ယူအနေနဲ့ စီရိုနယ်လ်ဒိုသာရောက်လာရင် ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ဖြစ်မှာတော့ အမှန်ပါပဲ။ ရီးယဲလ်ကတော့ စီရိုနယ်လ်ဒိုကို ဆက်ထိန်းဖို့အတွက် စပိန်အာဏာပိုင်တွေ ပေးစရာရှိတယ်လို့ စွပ်စွဲခံထား ရတဲ့ ပေါင် ၁၂ ဒသမ၉သန်းကို ကြားထဲကစိုက်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။
စီရိုနယ်လ်ဒိုဟာ လက်ရှိမှာ အသက်( ၃၂)နှစ်ကျော်လာပြီဖြစ်ပေမယ့် သူဟာ မူးယစ်စေတဲ့ ဘယ်အရာကိုမှ သုံးစွဲခြင်းမရှိတာကြောင့် အခြား ကစားသမားသမားတွေထက်ဆို ကြံ့ခိုင်မှုပိုင်းအများကြီး သာနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒီအတွက်လည်း သူကိုယ်တိုင်က ''ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ ခုထိ လူငယ်လေးတစ်ယောက်လိုပဲလို့ ခံစားနေရတုန်းပဲ။ ကျွန်တော် အသက်(၄ဝ)လောက်အထိ ကစားနိုင်ပါဦးမယ်''လို့ ဆိုခဲ့ပြီး ဖြစ်ပါတယ်။

မန်ယူပရိသတ်တွေဟာထိပ်တန်းခြေစွမ်းကိုပိုင်ဆိုင်ထားဆဲ စီရိုနယ်လ်ဒို ကို အသက်ကြီးကစားသမားလို့ မသတ်မှတ်ဘဲ ခြေစွမ်းအတတ်ဆုံးအချိန်မှာ မန်ယူကို လာရောက်ပူးပေါင်းမယ့် ကစားသမားအဖြစ် သတ်မှတ်နေကြတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ် မန်ယူပရိသတ် အများစု ရေးသားထားတဲ့ မှတ်ချက်တွေထဲမှာ ''သူသာ ကျွန်တော်တို့အသင်းကို ပြောင်းလာရင်တော့ ဂစ်တာတီးသီချင်းဆိုပြီး မန်ယူရဲ့ပွဲတွေကို ပျော်ပျော်ရွှင် ရွှင်ကြည့်ရတော့မယ်'' ''ဒီအပြောင်းအရွှေ့ဟာ ဖြစ်နိုင်တာပေါ့ဗျာ'' စသည် ဖြင့် တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် စီရိုနယ်လ်ဒိုရဲ့ အင်စတာဂရမ်စာမျက်နှာ ထက်တင်ခဲ့တဲ့ ပရိုဖိုင်ပုံတွေဟာ မန်ယူပရိသတ်တွေအတွက်တော့ တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်စေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။


မေလဲ့သင်း
crd: ကြေးမှုံ

Post a Comment

 
Top