0



................................
ဘီလူးချောင်းကြီးသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့မှ ကယားပြည်နယ်ဘက်ကို အရှိန်ကောင်းကောင်းနှင့် ခရီးနှင်ခဲ့ရာ ၊ လွိုင်ကော်မြို့ကို ကွေ့ပတ် ဖြတ်သန်းပြီးနောက် မြို့၏အောက်ဖက် ၆ မိုင်ခန့်မှစ တင်၍ ၊ ရေတံခွန် အုပ်စုအားဖြင့် ၃ ခု ဖြစ်ပေါ်လျက် သံလွင်မြစ်၏ လက်တက်ဖြစ်သော နမ့်ပန်မြစ် အတွင်းစီးဝင် ခြေရာဖျောက်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ ကမ္ဘာကြီးထဲမှာ ရှိနေသည့် ရေ မြေ တော တောင် သက်ရှိသက်မဲ့ တို့၏ ဖြစ်တည် စတင်မှူကို သဘာဝတရားလို့ သဘောမထားနိုင်ဘဲ လူသားတွေကတော့ ဒဏ္ဍာရီဇာတ်လမ်းတွေ အိပ်ယာဝင်ပုံပြင်တွေ ပါးစပ်ရာဇဝင်အဖြစ် အမျိုးမျိုးဖန်တည်းရေးသား ပြောဆိုတတ်ကြပါသည်။

 
  ဥသြတွန်တာ ကြက်တွန်တာ ငှက်အော်တာ အစစ ဘာကြောင့်ဆိုသည့် ကလေးချော့ ကလေးခြောက် ဇာတ်လမ်းတွေ ကလည်း တပုံတပင်။ ထိုထိုသော စိတ်ကူးကွန့် ပါးစပ်ရာဇဝင် တို့သည် ကာလကြာရှည်သောအခါ တကယ်လိုလို အဟုတ်လိုလို နားကားလေးမွေး ရာကနေ နဂါးလေးမွေး သည်ဟု ကာလရွေ့လျှော ဖြစ်တည်ကုန်ကြပါလေတော့သည်။
  ယခုလည်း ဘီလူးချောင်းစတင် ဖြစ်တည်မှူနှင့် သက်ဆိုင်သည့် သံတူကြောင်းကွဲ အဓိပ္ပါယ်အမျိုးမျိုး လွဲနေသော ဒဏ္ဍာရီ ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဘူးပါသည်၊ 

ဤသို့ပါ...........
    ဟိုး....ရှေး ရှေးတုန်းက လို့စတင်ရမည့် လွန်လေပြီးသော နှစ်ပေါင်းများ စွာက ရှမ်းပြည်နယ် ဘက်မှာ ဘုရင်တစ်ပါး အုပ်ချုပ် မင်းလုပ်နေစဉ် ကာလ၌ ၊ လူယောင်ဖန်ဆင်း ထားသော အင်မတန်ချောမောလှပသည့် ဘီလူးမ တစ်ယောက်ကို တောကစားထွက်ရင်း အကြောင်းတိုက်ဆိုင်စွာ ဘုရင်ကြီးခမျာ တွေ့ရှိ ချစ်ကြိုက် ခဲ့ပြီးနောက် တော်ကောက် မိဘုရားမြှောက် လိုက်ပါသည်။
  ကံအကြောင်းမလှလို့ ဘီလူးမဘဝ ရောက်နေပေမယ့် အင်မတန် နူးညံ့ ယဉ်ကျေး သိမ်မွေ့ သက်သတ်လွတ်စားသော ဘီလူးမဖြစ်၍ အလှတွင်အယဉ်ဆင့် ဂုဏ်တင့် ကျက်သရေ အပေါင်းခညောင်း သောမိဖုရားအသွင် ဆောင်နေပါသည်။
   ထိုထိုသော နှစ်သက် စုံမက် စွဲဆောင်မှူကောင်း သောဘီလူးမ အား ဘီလူးမှန်းမသိဘဲဘုရင်ကြီးခမျာ အရူးအမူး အစွဲကြီးစွဲ ချစ်ခင်မြတ်နိုးတန်ဘိုးထား ခဲ့ရှာ၏။ဤသို့ဖြင့် ပေါင်းသင်းလာပြီး နှစ်တော်တော် ကြာသည့်အချိန် တစ်နေ့မှာ လူမဟုတ် ဘီလူးမ ဆိုသည့် မူလသရုပ်ကို အမတ်ရုပ် တချို့၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရစဉ် မှာတော့........
  ဘုရင်ကြီးခမျာ အကြောက်ကြီးကြောက် အလန့်ကြီးလန့် ဖြစ်ခဲ့ရပါတော့သည်။လူအဖြစ် အင်မတန် ချောမော လှပစွာ ဖန်ဆင်းထားသည့် မယားဝတ္တရားကျေပွန် လင့်အပေါ်ချစ်ခင်ရှာသော မိဖုရား အပေါ်စိုးရွံ့ခဲ့ရ၏။အိပ်ယာဝင်ချိန်များ အစွယ်ကြီးနှင့်ထိုး ဂုတ်ချိုး ဂျွတ်ဂျွတ်ဝါးစား လိုက်လေမလား တိုင်းပြည်နိုင်ငံတော်ကိုဘဲ ဘီလူးတပ်ကြီးနဲ့ ချီတက်သိမ်းပိုက်လိုက်လေမလား....
စသည့် စသည့် မမြင်နိုင်သော အန္တရာယ်များကို ကြိုတင်တွေးတော စိုးရိမ်သောကပွားကာ ဘုရင်ကြီးမှာ စားမဝင် အိပ်မပျော် နေမထိထိုင်မသာ ငေးမှိုင်နေရ ရှာပါတော့သည်။
ကိုယ်တိုင်လည်းလက်တွေ့ မမြင် ယုံလည်းမယုံချင် သို့သော်လည်း......အားကိုးအားထားပြုရသည့် မူးမတ်တွေက
ဘီလူးမမို့ ဘဝခြင်းမတူ တစ်ချိန်မှာ အန္တရာယ်ပေးလာနိုင်၏ ထို့ကြောင့် သတ်ပစ်မှ သင့်တော်မည်ဟုမိဖုရားကို မနာလို ဝန်တိုသူ အမတ်များ တခြားမိဖုရားများက အကြံပေးရုံ မက ဇွတ်ကော အတင်းကော တိုက်တွန်းလေ၏။ဘုရင်ကြီးခမျာ အခက်တွေ့ရရှာပါပြီ ၊ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ယုယုယယ ဘာပြဿနာမှမပေါ်ကိုယ်တော့ အပေါ်ငြိုငြင်ငြူစူ စိတ်လေးတောင်မထားခဲ့သည့်မိဖုရား ...
ခုတော့...ဘီလူးမဆိုသည့် အသိစိတ်ကြောင့် ချစ်လျက်နှင့် ဝေးရတော့မည်၊ ဘုရင်ကြီး၏ထုတ်ဖော် ပြောပြချက်အရ မိဖုရားမှာ သူ့ဘဝအမှန်ကို သိသွားပြီ ပေါ်သွားပြီဖြစ်၍ ယူကျုံးမရ....
ဘီလူးမဘဝကို ဘယ်တော့မှ မပြောင်းလဲ လက်ရှိ လူသားဘဝဖြင့်သာ နေထိုင်လျင် မည်သူ့ကိုမှရန်မမူ စိတ်မကွပ် အန္တရာယ်မပြု ဘဲနေထိုင်သွားမည်ဖြစ်ကြောင်း အသက်နှင့် အာမခံ ငိုယိုတောင်းပန်ရှာလေ၏။
မိဖုရားက အမျိုးမျိုးသော ဝန်ခံကတိတွေနှင့် ငိုယိုတောင်းပန်နေရှာသလိုတဘက်က မိဖုရားများနှင့် အမတ်တသိုက်ကသတ်ပစ်ဖို့သာ ဇွတ်တောင်းဆိုလေ၏။ဘုရင်ကြီး စိတ်မကောင်း ရွှေမျက်နှာတော်ညှိုးနွမ်းတော်မူ လေပြီ၏ ၊လွှင့်ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲတယှပ်ယှပ် .....
ဘုရင်ကြီး ဘယ်လိုဆုံးဖြတ်ရမှာလည်း မစဉ်းစားတတ် နောက်ဆုံးတော့ အများဆန္ဒအရ ဆုံးဖြတ်ချက်တစ်ခုကို ရင်နာနာနှင့် ချလိုက်ရပါတော့သည်။
`` တောင်စွယ် နေကွယ်မှာ သတ်စေ ´´
အာဏာပါးကွပ်သား လူသတ်သမား တို့၏ ကြိုးဖြင့်အထပ်ထပ် တုတ်နှောင်ခြင်းကို ခံရ၍ လူသတ်ကုန်း
ဆီ မိဖုရား ရောက်ရှိခဲ့ပါသည်။ချစ်ရသည့် ဘုရင်အပေါ် ထားလိုက်သည့်ကတိစကား ချစ်သက်သေ ပြဘို့၊ ဘီလူးမ အသွင်ကို သူမဖန်ဆင်း .....
ဘီလူးတို့၏ အစွမ်းသတ္တိဖြင့် လွတ်မြောက်အောင်စွမ်း ဆောင်နိုင်သော်လည်း ချစ်ရသူ၏ အပယ်ခံ အနေဖြင့် ဘယ်လိုဘဝမျိုးမှာမှ မနေလိုသေစေလိုက သေတော့မည်ဟု မိဖုရား ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။
သို့သော်...သူ၏ ပြင်းပြသော နောက်ဆုံးဆန္ဒအဖြစ် သူ့ချစ်လင်ကို ဖူးတွေ့လို၍ စကားတစ်ခွန်းပြောလို သောကြောင့် တွေ့ခွင့်တောင်းဆို၏။ဘုရင်ကြီး တွေ့ချင်ပါသော်လည်း မူးမတ်များ၏ စိုးရိမ်သောက ဘီလူးမတန်ခိုးဖြင့် တစ်ခုခု လုပ်လိုက်လျင် အန္တရာယ်ရှိနိုင် သည်ဟူသော စစ်ရေးအမြင်ဖြင့် တားဆီးခြင်း ခံခဲ့ရပါသည်။
နောက်ဆုံးတော့ ဒီတစ်သက် သံယောဇဉ်အမျှင်မတန်းချင်သော ဘုရင် အတွေ့ခံချင်သောစိတ်ကို ဖြေသိမ့်လိုက်ရပါတော့သည်။ထိုအခါ သူ့ရဲ့ နောက်ဆုံးဆန္ဒကို မလိုက်လျောနိုင်သော ဘုရင်အပေါ် မိဖုရားမှာ နာကျည်းခံပြင်း ချစ်အမျက်တို့ တင်းခဲ့ရပါသည်။
`` ငါ့အပေါ် အကြင်နာတရား ကင်းလွန်းတဲ့ဘုရင်နဲ့ ဒီနယ်သားတွေ ဖြစ်ချင်ရာ ဖြစ်စေတော့ငါ ကျိန်စာ တစ်ခုတော့ ထားခဲ့ရမှာဘဲ ဝဋ်ကြွေးမကင်းတဲ့သူတွေ အထူးသဖြင့် ငါ့အပေါ် အကြင်နာတရားကင်းတဲ့ ယောင်္ကျားတွေ ဒီကျိန်စာ ပိုခံစားရမယ်´´ထိုကဲ့သို့ ဘီလူးမခမျာ သေခါနီးဆဲဆဲ စိတ်ထဲက နာကျည်းချက် အမျက်တစ်ချက် ကွပ်ခဲ့ရာမှကျိမ်စာတစ်ခုကို ကျိမ်ဆိုခဲ့ပါတော့သည်။
သူ့ကျိန်စာကလည်း အဆန်းသား သူသေဆုံးခဲ့ပါက သူခန္ဓာကိုယ်ကြီးသည် ဘီလူးမအသွင်ပြောင်း၍ ကြီးမားသော ကျောက်ရုပ်ကြီးတစ်ခုအဖြစ် ဖြစ်တည်ရပါစေတဲ့......
နောက်ထို ကျောက်ရုပ်ကြီးထဲမှ ရှင်းရှင်းပြောရပါလျှင် သူ့တန်ဆာ အပေါက်ထဲမှ ရေအလျင်တို့စီးထွက်စေပြီး ချောင်းတစ်ခုအဖြစ် စီးဆင်း ထိုချောင်းရေတို့ကို ဒီနယ်ကလူတွေ ထာဝရသောက်သုံးနေရပါစေ .......
အခွင့်သင့်လျင် သင့်သလို ဒီချောင်းရေလျင်အတွင်း သက်ဆင်းလာတဲ့ယောင်္ကျားသားတွေကို့ နှစ်မြုတ် ဝါးမြို အသက်ကိုချွေယူ ရပါလို ....တဲ့ ။
ယခုခေတ် အပြောမျိုးနှင့်ဆို ကျိန်စာကတော့ ခပ်မိုက်မိုက်ပါဘဲ စိတ်ကူးကောင်းလိုက်သည့် ဘီလူးမ ပေဘဲ......�.
ထို ရေအလျဉ် တို့ထွက်ရှိနေသော ဘီလူးမကျောက်ရုပ်တုကြီး ရှိရာဆီသို့ မည်သူမှ သွားရဲလာရဲ မရှိတော့ဘဲ နှစ်ကာလ ကြာလာသည်နှင့်အမျှ မြေကြီးအောက်သို့ နစ်မြုတ် ပျောက်ကွယ်ခဲ့ရပါတော့သည်။
သို့သော် သူ့ရေထွက်ကတော့ စီးဆင်းမြဲသာ ထိုကဲ့ သို့ဘီလူးမ ဇာတ်ကြောင်း ရာဇဝင်သည် မြေကြီးအတွင်း မြှတ်နှံ၍ လုပ်ကြံဇာတ်လေလား တကယ့်ဖြစ်ရပ်လေလား ဖန်တည်းရှင် ပါးစပ်ရာဇဝင် ဆရာများ၏ လက်စဖျောက်ခြင်းကို ခံလိုက်ရပါတော့သည်။
ဘီလူးချောင်းဖြစ်တည်မှူ ဒဏ္ဍာရီသမိုင်းကြောင်း ပါးစပ်ရာဇဝင်များစွာ ထဲက အခုတင်ပြခဲ့တာကတော့ သံတူကြောင်းကွဲ ဇာတ်လမ်းတစ်ပုဒ်ဘဲဖြစ်ပါသည်
မြန်မာပြည် နေရာအနံ့အပြား တွင်သာမက တစ်ကမ္ဘာလုံးမှာလည်း ဤလိုဇာတ်လမ်းမျိုးတွေ တပုံတပင် ရှိနေကြမှာ အမှန်ပင်ဖြစ်ပါသည်။ ဟုတ်၏ မဟုတ်၏ ဘယ်သူမှ အတိအကျ မသိရပေမယ့် သမိုင်းကြောင်းတစ်လျောက် ကြည့်လိုက်လျင် ဖြစ်စဉ်တော်တော်များများသည် တိုက်ဆိုင်လွန်းလှစွာ ထိုဒဏ္ဍာရီအထဲကအတိုင်းလို ဖြစ်နေတတ်ပါသည်။
ကျွန်တော့အထင်တော့ အများဆုံးဖြစ်လေ့ ဖြစ်ထရှိသည့် ဖြစ်စဉ်တွေ အပေါ် အကြောင်းခံပြီး လူတွေက ကောလဟာလ ထွင်လုံးတွေနှင့် ပုံပြင်တွေကို ဖန်ဆင်း တန်ဆာဆင်ခဲ့ကြတာ ဖြစ်ပါလိမ့်မည်။
ဒီ ဘီလူးချောင်းကိုလည်း လေ့လာကြည့်ပါ မြင့်မားတဲ့ တောင်ပေါ်အရပ်ကနေ တဟုန်ထိုး ဆင်းလာရတာ ရေစီးသန်ချင်တဲ့နေရာ ရေစီးသန်မယ် ရေတံခွန်တွေ ရှိသည့်နေရာမှာ ကြောက်စရာကောင်းလောက်အောင် ရေသံတွေပေး၍ စီးဆင်းမယ်......
ထို အင်္ဂါရပ်တွေက ဘီလူးကြီး တစ်ကောင်ရဲ့ ကြောက်စရာကောင်းလှသည့် အသွင်သဏ္ဍာန်မျိုးဘဲ ဖြစ်ပါသည်။
နောက်ပြီး ဘီလူးမရဲ့ ကျိမ်စာကိုဘဲ ကြည့်ပါ ယောင်္ကျား တွေကို အဓိကထား အသက်ချွေ မည်ဆိုတာ ၊ ဒါ က တစ်ကယ်တော့ ဒီလောက် အရှိန်ပြင်းပြင်း စီးဆင်းနေတဲ့ ရေထဲ ဘယ်မိန်းမသားက သတ္တိကောင်းပြီး ရေဆင်းကူးဝံ့ပါ့မလဲ....
အဲ...မောင်မင်းကြီးသား အတောင်နှစ်ဆယ်ဝတ် ယောင်္ကျား တွေကတော့ သိတဲ့အတိုင်း သတ္တိကအပြည့်၊အလောင်းအစား လုပ်ပြီး ကူးပြရမလား၊ အသောက်အစားလုပ်ပြီး မူးကြောင်ရူးကြောင် နဲ့ကူးကြရမလား ၊စူးစမ်းလို၍ ကူးချင်ကြသလား ၊တခြားစိတ်ခံစားချက် အမျိုးမျိုးနှင့် ရေထဲဆင်း ကူးကြသည်မှာ ယောင်္ကျားတွေ အများဘဲမဟုတ်ပါလား။

ဖြစ်ခြင်းဖြစ် နစ်ခြင်းနစ် ကိုယ်တော်ချော သကောင့်သား ယောင်္ကျားဘသား များတွေဘဲဖြစ်ပါသည်။
ထိုအချက်တို့သည် ထိုဒဏ္ဍာရီကို ဖြစ်ပေါ်စေသည့် အကြောင်းရပ်တွေ ပင်ဖြစ်လိမ့်မည်။

#@min
(လောကဓံလှိုင်းသမိုင်းစာမျက်နှာမှ ဆီလျော်အောင်ကောက်နုတ်ဖော်ပြသည်။)

Post a Comment

 
Top