0

 မူးယစ်ရာဇာ (Pablo Escobar)


တစ်ခါတလေမှာ လူတွေက ကောင်းရောင်းကောင်းဝယ် လုပ်စားပေမယ့် ဆန်တွင်းကနက်တဲ့အခါ လူတန်းစေ့မနေနိုင်ဘဲ တရားဥပဒေမလွတ်ကင်းတဲ့သူတွေက ရွှေထီးဆောင်းနေတဲ့အခါ ကိုယ်လည်း ဒုစရိုက်အလုပ်ကို မလုပ်မိလေချင်းလို့ တွေးမိတတ်ပါတယ်။ မကောင်းမှုလုပ်တဲ့သူတွေဟာ လူမသေရင်တောင် အပုတ်နံ့လှိုင်သင်းပြီး နာမည်သေတတ်ကြပါတယ်။ သမ္မာအာဇီဝကျကျလုပ်ကိုင်တဲ့သူတွေကတော့ ဆားဖြူးပဲစားရပါစေ ထမင်းလုတ်တိုင်းမှာ သာယာမှုအပြည့်နဲ့ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ရပါတယ်။ ကိုယ်ပိုင်သီရိဂေဟာတစ်ခု တည်ဆောက်ပြီး ချစ်ခင်တွယ်တာတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကမ္ဘာကျော်မူးယစ်ရာဇာကြီးတစ်ယောက်အကြောင်းကို ဖော်ပြချင်ပါတယ်။ သူ့နာမည်ကတော့ ပါဘလို အက်စ်ကိုဘား (Pablo Escobar) ပါ။
ပါဘလို အက်စ်ကိုဘားကို ကိုလံဘီယာနိုင်ငံ (Colombia) ရီယိုနီဂရိုမြို့ (Rionegro)  ၁၉၄၉ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ အဘယ်ဒီ ဂျီးဆက် ဒါရီ အက်စ်ကိုဘား (Abel de Jesús Dari Escobar) ဆိုတဲ့ လယ်သမားတစ်ယောက်။ မိခင်ကလည်း ဟာမီလ်ဒါ ဂါဗီရာ (Hermilda Gaviria) ဆိုတဲ့ မူလတန်းပြဆရာမတစ်ယောက်။ ရိုးသားလှတဲ့ မိဘနှစ်ပါးမှာ တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို မောင်နှမ၇ယောက်မှာ သိုးမည်းဖြစ်လာမယ့် အက်စ်ကိုဘားကတော့ တတိယမြောက်သားလှရတနာ။ ရီယိုနီဂရိုမြို့မှာမွေးတယ်ဆိုပေမယ့် မီဒယ်လင်မြို့ (Medellín) မှာ ကြီးပြင်းတယ်။ ဒုစရိုက်အလုပ်ကိုပဲ အားသန်လှတဲ့ ပါဘလို အက်စ်ကိုဘားဟာ မီဒယ်လင်တက္ကသိုလ် (Universidad Autónoma Latinoamericana of Medellin) မှာတက်ခဲ့ပေမယ့် ပညာရေးစိတ်မဝင်စားတဲ့အတွက် ဘွဲ့မရခဲ့ပါဘူး။
pablo-escobar-nrc
ကျောင်းထွက်ပြီးတော့ စီးကရက်မှောင်ခိုသွင်းတယ်၊ ပြန်ပေးဆွဲတယ်၊ ကားခိုးတယ်၊ မူးယစ်ဆေးဝါးဖြန့်တယ်၊ ထီလက်မှတ်အတု ရောင်းတယ်၊ သင်္ချင်္ိုင်းကျောက်တိုင်တွေကို ခိုးပြီး မှောင်ခိုသွင်းတယ်။ ၂၂နှစ်မှာတင် ပါဘလို အက်စ်ကိုဘားက ကိုလံဘီယာပီဆို (Peso) ၁သန်းလောက် ချမ်းသာနေပြီ၊ ၂၆နှစ်အရွယ်မှာ ပီဆိုသန်း၁ဝဝလောက်နဲ့ သန်းကြွယ်သူဌေးဖြစ်နေပြီ။ ၁၉၇၅ခုနှစ်မှာ အမေရိကန်နိုင်ငံကို ကိုကင်းတင်သွင်းဖို့ ကိုလံဘီယာနဲ့ ပနားမား (Panama) ကို ကြိမ်ဖန်များစွာ ပျံသန်းခဲ့တယ်။ အမေရိကန်နိုင်ငံကို မူးယစ်ဆေးဝါးအလုံးအရင်းနဲ့ တင်သွင်းဖို့ လေယာဉ်၁၅စီးနဲ့ ရဟတ်ယာဉ်၆စီးကို ဝယ်ခဲ့တယ်။ ၁၉၇၆ခုနှစ်မှာ မာရီယာ ဗစ်တိုးရီးယား ဟီနေရို (Maria Victoria Henao) ကို လက်ထပ်ခဲ့တယ်။ အဲဒီတုန်းက မာရီယာ ဗစ်တိုးရီးယား ဟီနေရိုဟာ ၁၅နှစ်ပဲရှိသေးတာပါ။ ၁၉၇၆ခုနှစ်မှာ ပါဘလို အက်စ်ကိုဘားနဲ့အဖွဲ့ အီကွေဒေါနိုင်ငံ (Ecuador) ကနေ မီဒယ်လင်မြို့ကိုအပြန်မှာ ကိုကင်း၃၉ပေါင်နဲ့ အဖမ်းခံရတယ်။ တရားသူကြီးတွေကို လာဘ်ထိုးဖို့ ကြံစည်ခဲ့ပေမယ့် မအောင်မြင်ဘဲ မူးယစ်ဆေးဝါးအမှုအပြင် အရာရှိနှစ်ယောက်ကိုသတ်ခဲ့တဲ့လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရတယ်။ ဒါပေမယ့် လအနည်းငယ်ကြာတော့ ပြန်လွတ်လာခဲ့တယ်။ ထောင်ထဲကထွက်တာနဲ့ ပါဘလို အက်စ်ကိုဘားဟာ သူနဲ့မတည့်တဲ့ တရားသူကြီး ၂ဝဝကျော်၊ ရဲအရာရှိ ၁ဝဝဝကျော်နဲ့ ဂျာနယ်လစ်သမားတွေ၊ အစိုးရဝန်ထမ်းတွေအပြင် ပြိုင်ဘက်မူးယစ်ရာဇာတွေ စုစုပေါင်းလူ ၄ဝဝဝကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
Escobar-Jail
လူသားတွေကို မူးယစ်ဆေးဝါးသားကောင်အဖြစ် နှိပ်စက်ခဲ့ပေမယ့်လည်း  မီဒယ်လင်မြို့မှာတော့ ဝေဿန္တရာမင်းကြီး ဖြစ်ခဲ့တယ်။ ဘုရားရှိခိုးကျောင်းတွေ၊ ပန်းခြံတွေ၊ ဘောလုံးကွင်းတွေ၊ တိရိစ္ဆာန်ဥယျာဉ်တွေ၊ ဆေးရုံတွေ ဆောက်လုပ်ပေးခဲ့တဲ့အပြင် ဆင်းရဲသားပြည်သူတွေအတွက် စားသောက်စရာတွေ ဝေငှပေးခဲ့လို့ တစ်မြို့လုံးက Robin Hood အဖြစ် တင်စားခဲ့ကြတယ်။
9-he-was-nicknamed-robin-hood-
မြို့ခံပြည်သူတွေက ချစ်ခင်ကြလို့ ကိုလံဘီယာအစိုးရက ဖမ်းဆီးဖို့ကြိုးစားလိုက်တိုင်း အချိန်မီရှောင်ထွက်နိုင်တာ ဖြစ်ပါတယ်။ ဇနီးသည် မာရီယာ ဗစ်တိုးရီးယား ဟီနေရိုနဲ့ လက်ထပ်ခဲ့ရာမှာ ဂျူအန် ပါဘလို အက်စ်ကိုဘား (Juan Pablo Escobar) ဆိုတဲ့သားတစ်ယောက်နဲ့ မန်နူလာ အက်စ်ကိုဘား (Manuela Escobar) ဆိုတဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။ သူစိမ်းတွေအပေါ်မှာ လူမိုက်ကြီးဖြစ်ပေမယ့် ပါဘလို အက်စ်ကိုဘားဟာ သားသမီးတွေအပေါ်မှာတော့ သူမတူအောင် ချစ်ခဲ့တယ်။
8-once-he-started-a-fire-with-2-million-because-his-daughter-was-cold
၁၉၈ဝခုနှစ်တွေမှာ အမေရိကန်နိုင်ငံရဲ့မူးယစ်ဆေးဝါး ၈ဝရာခိုင်နှုန်းကို ပါဘလို အက်စ်ကိုဘား တင်သွင်းခဲ့ပြီး ဒုစရိုက်လောကမှာ ပြိုင်ဘက်ကင်းလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို တစ်နေ့တည်းမှာ ကိုကင်း၁၅တန်နှုန်း ခိုးသွင်းခဲ့တယ်။ အဲဒီခေတ်တုန်းက ပါဘလို အက်စ်ကိုဘားရဲ့တစ်ပတ်ဝင်ငွေက အမေရိကန်ဒေါ်လာ သန်း၄၂ဝအထိရှိခဲ့ပြီး တစ်နှစ်ဝင်ငွေက ဘီလီယံ၃ဝအထိရှိခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ ကမ္ဘာ့သတ္တမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံရပါတယ်။ ပါဘလို အက်စ်ကိုဘား ဘယ်လောက်ဝင်ငွေကောင်းလိုက်သလဲဆိုရင် ပိုက်ဆံတွေကိုစည်းဖို့ တစ်လမှာ သားရေကွင်းဖိုး အမေရိကန်ဒေါ်လာ ၂၅ဝဝကုန်ပါသတဲ့။ အာဏာပိုင်အဖွဲ့အစည်းက လိုက်လံဖမ်းဆီးတုန်း မီဒယ်လင်တောင်ကြားမှာ မိသားစုလိုက်ပြေးလွှားတဲ့အခါ သမီးငယ် မန်နူလာ အက်စ်ကိုဘားဟာ ကိုယ်အပူချိန်တအားကျဆင်းနေတဲ့အတွက် အမေရိကန်ဒေါ်လာ၂သန်းကို မီးရှို့ပြီး နွေးထွေးစေပါတယ်။ သူပိုင်တဲ့ငွေတွေကို မြေအောက်မြှုပ်ထားတဲ့အခါ ဆွေးမြေ့တာ၊ ချစားတာ၊ ကြွက်စားတာတွေကြောင့် တစ်နှစ်မှာဆို ၂.၁ဘီလီယံဒေါ်လာ (သန်း ၂၁ဝဝ) လောက် ပျက်စီးခဲ့ပေမယ့် သူ့အတွက် မပြောပလောက်ပါဘူး။
Escobar-Money
သူ့ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းဟာ ဘယ်လောက်ထိကြီးမားခဲ့သလဲဆိုရင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ကားတွေ မော်တောဘုတ်တွေအပြင် မူးယစ်ဆေးဝါးသယ်ဆောင်ဖို့ ရေငုတ်သင်္ဘော၂စီးတောင် ဝယ်ယူခဲ့ရပါတယ်။ ဒုစရိုက်လောကထဲသာမက နိုင်ငံရေးလောကမှာ ပါဝင်ခဲ့ပြီး ၁၉၈၂နှစ်မှာ ကိုလီဘီယာကုန်သည်ကြီးများကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ ကိုလံဘီယာသမ္မတလောင်း လူးဝစ် ကာလို့စ် ဂလန် (Luis Carlos Galan) စီးလာမယ့် Avianca Fllight 203 လေယာဉ်ကို ဗုံးခွဲလုပ်ကြံတဲ့အခါ သမ္မတလောင်းဟာ ကံကောင်းထောက်မစွာ လွတ်သွားပြီး အပြစ်မဲ့ပြည်သူ ၁ဝ၇ယောက် သေကြေခဲ့ပါတယ်။
Pablo Escobar speaking to the public
ပါဘလို အက်စ်ကိုဘားဟာ အမေရိကန်အစိုးရနဲ့ ကိုလံဘီယာအစိုးရတို့ရဲ့အဓိကတရားခံဖြစ်လာခဲ့ပါတယ်။ ၁၉၉၁ခုနှစ်မှာ ပါဘလို အက်စ်ကိုဘားဟာ သူ့ကိုအမေရိကန်အစိုးရဆီ လွှဲပြောင်းမပေးဖို့ ကိုလံဘီယာအစိုးရနဲ့ ညှိနှိုင်းခဲ့ပြီး ထောင်ထဲကို ဝင်ခဲ့ပါတယ်။ La Catedral ဇိမ်ခံထောင်ကြီးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ပြီး သူနဲ့သူ့အဖွဲ့တွေသာ နေထိုင်ခဲ့ပါတယ်။ La Catedral ဇိမ်ခံထောင်ကြီးထဲမှာ Gym စက်တွေ၊ ဘောလုံးကွင်း၊ ရေပူစမ်း၊ အကင်ဆိုင်တွေ၊ ကာစီနိုရုံတွေ၊ နိုက်ကလပ်တွေနဲ့ ကြယ်ငါးပွင့်ဟိုတယ်အလား တည်ဆောက်ထားပါတယ်။ ထောင်နဲ့မလှမ်းမကမ်းမှာ မိသားစုနေအိမ်ဆောက်လုပ်ထားပြီး ထောင်ထဲကို သမီးငယ်အလည်လာတဲ့အခါ ဆော့ဖို့ ကစားကွင်းတွေပါ ဆောက်လုပ်ထားပါတယ်။ ထောင်ဝန်ထမ်းတွေကိုလည်း သူစိတ်ကြိုက်ခန့်ထားပါသေးတယ်။ ထောင်ဧရိယာနဲ့၃မိုင်အတွင်း ကိုလံဘီယာရဲတွေတောင် ဖြတ်သန်းသွားလာခွင့်မရှိဘဲ ပါဘလို အက်စ်ကိုဘားဟာ ထောင်ထဲမှာတင် မူးယစ်ဆေးဝါးအရောင်းအဝယ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကိုလံဘီယာရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့လို့ ၁၉၉၂ ဇူလိုင် ၂၂ရက်နေ့မှာ ပါဘလို အက်စ်ကိုဘားဟာ La Catedral ဇိမ်ခံထောင်ကြီးကနေ ထွက်ပြေးခဲ့ပါတယ်။
Pablo Escobar Prison
ထောင်ဖောက်ပြေးပြီးတဲ့နောက်မှာ အမေရိကန်နဲ့ကိုလံဘီယာအစိုးရတို့ပူးပေါင်းပြီး Search Bloc အဖွဲ့ကိုဖွဲ့စည်းကာ ပါဘလို အက်စ်ကိုဘားကို ခြေရာခံခဲ့ပါတယ်။ Search Bloc အဖွဲ့ဟာ ရေဒီယိုဖုန်းကိုခြေရာခံပြီး အက်စက်ကိုဘားကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
Dead-Pablo-Escobar
၁၉၉၃ ဒီဇင်ဘာ၂ရက်နေ့မှာ ကမ္ဘာ့ကျော်မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုဘားဟာ ၄၄နှစ်အရွယ်မှာ Search Bloc အဖွဲ့ရဲ့သေနတ်ဒဏ်ရာတွေနဲ့ မီဒယ်လင်မြို့မှာ သေဆုံးခဲ့ပါတယ်။ ကမ္ဘာကျော်မူးယစ်ရာဇာကြီးဖြစ်ပေမယ့်လည်း ဒေသခံပြည်သူတွေက ချစ်ခင်ကြလို့ ပါဘလို အက်စ်ကိုဘားရဲ့နာရေးမှာ လူပေါင်း ၂၅ဝဝဝကျော် တက်ရောက်ခဲ့ပါတယ်။
the-body-of-Pablo-Escobar
ဝင်ငွေကောင်းတဲ့ ဒုစရိုက်အလုပ်ကိုပဲ လုပ်မလား၊ သမ္မာအာဇီဝအလုပ်ကိုပဲ လုပ်မလားလို့ မေးလာရင် အဖြေမှန်က ဘာဖြစ်မလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။ ဒုစရိုက်သမားဆိုတာက အသက်ရှည်ရင် ကံမကောင်းပါဘူး၊ ကံကောင်းရင်လည်း အသက်မရှည်တတ်ပါဘူး။ အသက်လည်း ရှည် ကံလည်း ကောင်းမယ်ဆိုရင်လည်း သံသရာအတွက် မကောင်းလှပါဘူးလို့ ဆိုချင်ပါတယ်။

Post a Comment

 
Top