iPhone ကြောင့် မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီး
အသက် ၄၅ နှစ်အရွယ် Lisa Bridgett ဆိုသူ အမျိုးသမီးဟာ သူမရဲ့ မိုဘိုင်းဖုန်းကြောင့် မန်ချက်စတာ ဗုံးပေါက်ကွဲမှုအတွင်း အသက်ရှင်ကျန်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် သံမူလီခေါင်းက သူမရဲ့ခေါင်းကို အရှိန်နဲ့ ဦးတည်လာနေချိန်မှာ Lisa က ဖုန်းပြောနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ သံမူလီခေါင်းဟာ iPhone 6s Plus ရဲ့အောက်ခြေပိုင်းနဲ့ ဖုန်းကိုင်ထားတဲ့ သူမရဲ့လက်ချောင်းတွေကိုထိပြီး လမ်းကြောင်းပြောင်းသွား ခဲ့တာဖြစ်ပါတယ်။
Lisa ရဲ့အမျိုးသားဖြစ်သူ Steve ကတော့ သူ့ရဲ့ဇနီးဟာ အရမ်းကိုကံကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
သူမကို အင်္ဂါနေ့က ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပေမယ့် ခြေချင်းဝတ်ကျိုးတဲ့ဒဏ်ရာနဲ့ ပေါင်ကဒဏ်ရာတွေအတွက် ထပ်မံခွဲစိတ်ရဦးမယ်လို့ ဆိုပါတယ်။
“Lisa က အရမ်းကိုကံကောင်းခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ သူက ဖုန်းပြောနေပါတယ်။ အဲ့ဒါကပဲ သူ့အသက်ကို ကယ်ခဲ့တာပါ။ သူမရဲ့အခြေအနေက တိုးတက်ကောင်းမွန်လာပေမယ့် သူ့ရဲ့လက်ချောင်းကတော့ ပကတိအတိုင်း မဖြစ်နိုင်တော့ပါဘူး” လို့ Steve က Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။
မန်ချက်စတာဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လူ ၂၂ ဦးသေဆုံးပြီး ၁၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Post a Comment