အင်တာနက်ဟာ ကမ္ဘာ့ လူသားများအကြား ဆက်သွယ်မှုအတွက် အလွန် အရေးကြီးပါတယ်။ အထူးသဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့် အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားတဲ့ အရပ်ဒေသများမှ ဒုက္ခသည်များ အတွက် ပိုလို့တောင် လိုအပ်ပါသေးတယ်။ ဒီလို အခြေအနေများအတွက် Google ရဲ့ အင်တာနက် ထုတ်လွှင့်ပေးတဲ့ မိုးပျံဘောလုံးများက အလွန် အသုံးဝင်ပါတယ်။
 
လက်တင် အမေရိက နိုင်ငံတစ်ခု ဖြစ်တဲ့ ပီရူးမှာ ယခုနှစ်စပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်တာနက် ဆက်သွယ်မှု အခြေခံ အဆောက်အဦးများ ပြတ်တောက်ခဲ့ရပါတယ်။ အဲဒီအတွက် Google က လွန်ခဲ့တဲ့ နှစ်လက စပြီး အင်တာနက် ပြတ်တောက်နေတဲ့ ပီရူးမှ ဒေသများကို မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးခဲ့ပါတယ်။
ပီရူး အစိုးရဟာ ရေကြီးမှုကြောင့် ပြည်နယ် ၈၀၀ ကျော်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး လွန်ခဲ့တဲ့ လများအတွင်းမှာ နေရပ်ကို စွန့်ခွာ ထွက်ပြေးသူပေါင်း ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ Google က မိုးပျံ ဘောလုံးများဖြင့် ရေကြီးတဲ့ ဒေသများဖြစ်တဲ့ Lima, Chimbote , Piura တို့မှာ အင်တာနက် ထုတ်လွှင့်ပေးခဲ့ပြီး နိုင်ငံသား ထောင်ပေါင်းများစွာကို အဆက်အသွယ် ရစေခဲ့ပါတယ်။
“ မိုးပျံ ဘောလုံးများက မြေပြင်ရဲ့ အထက် ၂၀ ကီလိုမီတာ အကွာကနေ အင်တာနက် ထုတ်လွှင့်ပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ဆက်သွယ်ရေး ကုမ္ပဏီ Telefonica နဲ့ လွန်ခဲ့တဲ့ လ အနည်းငယ် ကတည်းက ပူးပေါင်း၍ ဒီနည်းပညာကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စတုရန်း ကီလိုမီတာ ၄၀ ၀၀၀ အတွင်းမှ လူများအတွက် ဒေတာ ပမာဏ 160GB ကို ပံ့ပိုးပေးခဲ့ပါတယ်။ အဲဒီ ဧရိယာ အကျယ်အ၀န်းဟာ ဆွစ်ဇာလန်လောက် ရှိပြီး ဒေတာ ပမာဏဟာ WhatsApp Messages ပေါင်း သန်း ၃၀ သို့မဟုတ် အီးမေး အစောင် ၂ သန်း ပေးပို့လို့ရပါတယ်။ “ လို့ Google က သူ့ဝက်ဆိုက်မှာ ရေးသားထားပါတယ်။
ref : theverge
 
Top