မိုးလေဝသပညာရှင် ဆရာကြီး ဦးထွန်းလွင်ကတော့ မေလ ၁၂ ရက် နောက်ပိုင်းကစပြီး  မြန်မာနိုင်ငံ ဒေသအနှံ့မိုးရွာနိုင်ပြီး နေ့အပူချိန် များ လျော့ကျနိုင်တယ်လို့ ပြောထားပါတယ်ခင်ဗျာ။
အပြည့်အစုံပြောရရင်တော့ မေလ ၁၂ရက်ကနေ ၁၈ရက်အတွင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေကို အနောက်လေစီးကြောင်းနှင့် အတူ လေဖိအားနည်းရပ်ဝန်းတစ်ခုဝင်ရောက်လာမှာမို့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်မယ်တဲ့ ခင်ဗျာ။ ဒါတင်မဟုတ်ဘဲ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုလည်း အနောက်တောင်လေတွေ ဝင်ရောက်နိုင်လို့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း နေရာအနှံ့အပြားမိုးရွာနိုင်တယ်လို့ ဆရာကြီးက ဆက်ပြောထားပါသေးတယ်။
ဒီသတင်းလေးကြားတော့ ကျွန်တော်တို့လို အပူဒဏ်ကြောက်၊ မိုးမျှော်ငရုတ်သီးလေးတွေကတော့ ပျော်တာပေါ့ဗျာ၊ ဒီအပူဒဏ်ကြီးခံနေရတာ သေတော့မယ်လေ၊ ခဏပဲ အပူချိန်လျော့လည်း ခဏသက်သာ နည်းလားပေါ့။
အဲ.. ဒါပေမယ့် အခုလို လတ်တလောအချိန်မှာတော့ နေ့အပူချိန်မြင့်နေတာတွေရော၊ လေထုမတည်ငြိမ်ဖြစ်စဉ်တွေကြောင့်ရော မိုးကြိုးပစ်တာတွေ၊ လေပြင်းကျတာတွေကို အထူးသတိထားဖို့ လိုပါတယ်လို့ ဆရာကြီး ဦးထွန်းလွင်က ဆက်သတိပေးထားပါတယ်ခင်ဗျ။
ဆက်တိုက်ပဲ မေလ ၆ ရက်နေ့က ပေါက်မြို့နယ်မှာ တဲဆောက်နေသူ ၅ ဦး မိုးကြိုးပစ်ခံရပြီး ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကို စိတ်မကောင်းဖြစ်စွာ ကြားသိရပါသေးတယ်။ သူ့ဘာသာသူ ဘုန်းကြီးကျောင်းထဲမှာ လုပ်အားပေးနေတုန်း ရုတ်တရက် မိုးရွာလာပြီး မိုးကြိုးပစ်ချခံရတာပါ။ သဘာဝဘေးအန္တရာယ်ဟာ သိပ်ကြောက်စရာကောင်းပါလားပေါ့။
ဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ မိုးရွာတော့မယ်ဆိုလို့ ပျော်တာလည်း ပျော်တာပေါ့၊ မတော်လို့ မိုးတွေ ခြိမ်း၊ မိုးကြိုးတွေ ဘာတွေ ပစ်တယ်ဆိုရင် ဘယ်လို ကာကွယ်ရမလဲလို့ အခရာက ဒီအချက်လေးတွေ မျှဝေချင်ပါတယ် ခင်ဗျ။

၁။ မိုးလေဝသ သတင်းတွေကို နားစွင့်ထားပါ။ဒါကတော့ ခုလို မိုးရွာမယ်၊ မိုးကြိုးပစ်တာတွေ ရှိမယ်ဆိုတာမျိုးကို ကြိုသိနေစေဖို့ပါ။ ဥပမာ ကိုယ်က Outdoor Activites တွေ လုပ်စရာရှိရင် ဥပမာ ကွင်းပြင်ထဲ Tent ထိုးပြီး စခန်းချ (camping ) လုပ်မှာမျိုး၊ ဘောလုံးကို ကွင်းထဲ သွားကန်ဖို့ ချိန်းထားတာမျိုး ရှိရင် ရာသီဥတုပေါ်လိုက်ပြီး ချိန်လို့ ရတာပေါ့။

၂။ ကွင်းပြင်နှင့် မြင့်မားတဲ့ အရာတွေကို ရှောင်နေပါ။ယေဘူယျအားဖြင့် အရာဝတ္ထုတစ်ခုဟာ ရှည်လေ၊ ပိုမြင့်မားလေ မိုးကြိုးထိမှန်ခံရနှုန်းပိုမြင့်လေပါပဲ။ ရေစိုစွတ်နေတဲ့ ဧရိယာတွေလည်း လုံခြုံစိတ်ချရဖို့ မရှိဘဲ ခင်ဗျားအတွက် မိုးကြိုးထိမှန်ခံရနှုန်းပိုမြင့်နိုင်ပါတယ်။ ကိုယ့်နေရာမှာ လေပြင်းတိုက်၊ မိုးကြိုးလည်း တဂျိမ်းဂျိမ်းပစ်နေပြီဆိုရင် ခြောက်သွေ့တဲ့ နေရာမှာနေပြီး သင့်ဒူးခေါင်းကြားထဲမှာ သင့်ခေါင်းကို ထားပြီး နားနှစ်ဖက်ကို လက်နဲ့ ဖုံးအုပ်ထားပါ။ ပုံပါအတိုင်း ခြေဖနောင့်နှစ်ဖက်ကို ထိထားပေးပါ။ဒါမှသာ မတော်တဆ မိုးကြိုးထိမှန်ခံရရင် လျှပ်စီး စီးဆင်းမှုက သင့်နှလုံးဆီကို ရောက်ရှိသွားမှာကို ကာကွယ်နိုင်မှာပါ။ ကြမ်းပြင်ပေါ်မှာ အပြားလိုက်လှဲအိပ်ချတာမျိုး မလုပ်ရပါဘူး။
Lightning-Strike
၃။ လျှပ်ကူးစေတတ်တဲ့ ပစ္စည်းတွေကနေ ဝေးဝေးနေပါ။ခြံစည်းရိုးသံတိုင်တွေတွေလိုဟာမျိုးပေါ့၊ သွားရင်းလာရင်း မိုးရွာနေတုန်း သတ္ထုပစ္စည်းတွေ သယ်လာရင် ဖြစ်နိုင်ရင် ခဏချပြီး ဝေးဝေးနေပါ။ နားကပ်တို့၊ ခန္ဓာကိုယ်မှာ သတ္ထုကွင်းတပ်တာမျိုးလောက်ကတော့ ပြဿနာမရှိနိုင်ပါဘူး။

၎။ အဆင်ပြေရင် ကားထဲ ဝင်ခိုနေပါ။ကားတွေဟာ ဘော်ဒီအစိတ်အပိုင်းအားလုံးနီးပါး သတ္ထုနဲ့ ပြုလုပ်ထားပေမယ့် မိုးကြိုးမုန်တိုင်းကျချိန်မှာတော့ သူတို့ဟာ အလုံခြုံဆုံးနေရာတွေပါပဲ။ အကယ်၍ ကားကို မတော်တဆမိုးကြိုးထိမယ်ဆိုရင်တောင် ခင်ဗျားကို လာထိရောက်မှာမဟုတ်ဘဲ လျှပ်စီးဟာ မြေကြီးထဲကိုပဲ စီးဆင်းသွားမှာပါ။ သတိထားရမှာက သင့်လက်တွေကို ပေါင်ပေါ်မှာပဲ ထင်ထားပြီး အထဲက ပစ္စည်းတွေနဲ့ ( ဥပမာ Steering Wheel ဒါမှမဟုတ် တံခါးလက်ကိုင်) တတ်နိုင်သမျှ မထိအောင်နေပါ။

၅။ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြား အီလက်ထရောနစ် ပစ္စည်းတွေမသုံးရင် ပိုကောင်းပါတယ်။

၆။ ပြတင်းတံခါးတွေ၊ တံခါးတွေနဲ့ ဝရန်တာတွေကနေ ဝေးဝေးနေတာ ကောင်းပါတယ်။

၇။ ကွင်းပြင်ထဲ တစ်ပင်တည်းထီးထီးကြီး ရှိနေတဲ့ သစ်ပင်အောက် မိုးခိုတာမျိုး ရှောင်ပါ။

၈။ မိုးရွာ၊ မိုးကြိုးပစ်နေတုန်း ရေကန်ထဲ ၊ ရေကူးကန်ထဲ ရောက်နေရင် မြန်မြန်တက်ပါ။

၉။ အိမ်မှာဆိုလည်း ရေပိုက်လိုင်း ၊ရေပိုက်ခေါင်း၊ ဘေစင်တွေကနေ ဝေးဝေးနေပါ။
 
Top