တစ်နေ့မှာ ၂၄နာရီပိုင်ဆိုင်ပုံချင်း တူပေမယ့် တချို့ကတော့ ချမ်းသာကြတယ်၊ အောင်မြင်ကြတယ်၊ တချို့ကတော့ ဆင်းရဲကြတယ်၊ ကျရှုံးနေတယ်။ ဒါတွေက ဘာကွာလို့လဲ။ ကိုယ်အခုအောင်မြင်နေပြီလား၊ မအောင်မြင်သေးရင် မအောင်မြင်ရတဲ့ အဓိကလိုအပ်ချက်၊ အားနည်းချက်တွေက ဘာလဲ။ ဆွေးနွေးကြရအောင်လား။  ကဲ . . . အောင်မြင်သူတွေနဲ့ ကျရှုံးသူတွေကြားမှာ ဘာတွေကွာခြားကြတာလဲ ပြောကြည့်မယ်နော်။

၁။ အောင်မြင်သူတွေက ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးကြရတယ်ဆိုတာ ယုံကြည်တယ်။

အောင်မြင်သူတွေက ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးကြရတယ်ဆိုတာ ယုံကြည်နေပေမယ့် ကျရှုံးသူတွေက ကံတရားကိုပဲ အပြစ်ပုံချကြပါတယ်။ ဒီနေ့ခေတ် အောင်မြင်နေသူတွေဟာ သူတို့ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနေကြပါတယ်။ ကံကိုယုံပြီး ဆူးပုံမနင်းကြပါဘူး။ အောင်မြင်သူတွေက ကိုယ့်အနာဂတ်ကို ကိုယ်ပိုင်တယ်၊ ကိုယ့်ကံတရားကို မိမိဖာသာဖန်တီးနေတဲ့အချိန်မှာ ကျရှုံးသူတွေဟာ ကိုယ့်အားနည်းချက်ကို မပြင်ဆင်ဘဲ အခြေအနေ၊ အကြောင်းအရာနဲ့ ကံတရားကိုပဲ ယိုးမယ်ဖွဲ့အပြစ်တင် ဆင်ခြေပေးလေ့ရှိပါတယ်။

၂။ အောင်မြင်သူတွေက ငွေကို ရင်းနှီးမြှုပ်နှံတယ်။

လောကမှာ လူ (၃) မျိုးရှိပါတယ်။ ဝင်ငွေကို ရရစားစား သောက်စားသုံးဖြုန်းပစ်တဲ့သူ (လူညံ့)၊ ဝင်ငွေကို စုဆောင်းတဲ့သူ (ပုံမှန်လူသား) နှင့် ဝင်ငွေကို ရင်းနှီးမြှုပ်နှံသူ (လူတော်) ပဲဖြစ်ကြပါတယ်။ လူညံ့တွေက ရှိတဲ့ပိုက်ဆံကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား” လုပ်နေတဲ့အချိန်မှာ အောင်မြင်ဖို့ တာစူနေတဲ့ သူဌေးလောင်းတွေက ကိုယ့်ပိုက်ဆံကို နောက်လုပ်ငန်းအသစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အားထုတ်နေကြပါတယ်။ ဒီအချက်ကလည်း အောင်မြင်ခြင်းမှာ အဓိကကျတဲ့အချက်ပါ။

၃။ အောင်မြင်သူတွေက အခွင့်အလမ်းကို အာရုံစိုက်နေကြတယ်။

အောင်မြင်သူတွေက အခွင့်အလမ်းကို အာရုံစိုက်တွေးတောနေကြတဲ့အချိန်မှာ ကျရှုံးသူတွေကတော့ အတားအဆီးကိုပဲ အပျက် သဘောဆောင် ပူပန်တွေးတောနေကြပါတယ်။ အောင်မြင်သူတွေက အဖြစ်သဘောဆောင်ပြီး လုပ်ငန်းအသစ်ကို စွန့်ဦးတီထွင်စိတ်နဲ့ ဖန်တီးနေကြချိန်မှာ ကျရှုံးသူတွေကတော့ “ငါ ဒါကို လုပ်လိုက်ရင် ဘယ်လိုတွေ ဖြစ်လာမယ်၊ ငါနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူးကွာ” စတဲ့ အပျက်သဘောတွေးပြီး ဘာမှမလုပ်တော့ပါဘူး။

၎။ အောင်မြင်သူတွေက ရည်မှန်းချက်ကြီးတယ်။

အောင်မြင်တဲ့သူတွေက ရည်မှန်းချက်ကြီးကြီး ထားကြပါတယ်။ ငါ့ဘ၀မှာ ဘယ်လိုအခြေအနေမျိုးရောက်အောင် ကြိုးစားမယ်၊ ငါအောင်မြင်မှ ဖြစ်မယ်” စတဲ့ ဆုံးဖြတ်ချက်ချနေချိန်မှာ ကျရှုံးတဲ့သူတွေကတော့ “လက်ရှိဘဝလေးကလည်း မဆိုးပါဘူး၊ ငါ အဆင်ပြေနေပါပြီ၊ ဘာလို့ အရမ်းကြီး ကြိုးစားပြီး လောဘကြီးရမှာလဲ၊ သေရင် အကုန်ထားခဲ့ရမှာ” စတဲ့ အပျင်းစိတ်ကို ဆင်ခြေပေးပြီး တိုးတက်လိုစိတ်နည်းပါးပါတယ်။

၅။ အောင်မြင်သူတွေက အလုပ်နဲ့သက်သေပြတယ်။

အောင်မြင်သူတွေက အလုပ်နဲ့သက်သေပြနေတဲ့အချိန်မှာ ကျရှုံးသူတွေက စိတ်ကူးယဉ်တာနဲ့ အချိန်ကုန်နေပါတယ်။ ငါ ကားတစ်စီးလောက် ဝယ်နိုင်ရင် ကောင်းမှာပဲ၊ တိုက်တစ်လုံးလောက် ပိုင်ဆိုင်ရင် အဆင်ပြေပြီပဲလို့ မိမိတို့နိစ္စဓူဝတာဝန်တွေကိုတောင် မလုပ်ဘဲ အတွေးနယ်ချဲ့နေပါတယ်။ အောင်မြင်သူတွေကတော့ “ တကယ်လုပ်ရင်၊ အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားကာ လူအများမမက်ဖူးတဲ့ အိပ်မက်ကိုမက်ရင်း လူအများမလုပ်နိုင်တာတွေကို တကယ်လုပ်ပြလေ့ရှိပါတယ်။

၆။ အောင်မြင်သူတွေရဲ့ အပေါင်းအသင်းက အောင်မြင်တဲ့သူတွေပဲ ဖြစ်တယ်။

အောင်မြင်သူတွေက အောင်မြင်သူအချင်းချင်း ဆက်နွယ်နေကြတယ်။ “ရွှေပင်နား ရွှေကျေး” ၊“တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” စကားပုံလိုမျိုးပါ။ ကိုယ့်မှာရှိတဲ့ ဆင်းရဲတဲ့၊ မအောင်မြင်တဲ့ သူငယ်ချင်းတွေကို ဖယ်ထုတ်ခိုင်းတာ မဟုတ်ပါဘူး။ အောင်မြင်သူတွေကို ပိုမိုလေ့လာခိုင်းတာပါ။ ဥပမာ၊ ကိုယ့်သူငယ်ချင်းအများစုက လစာနည်းတယ်ဆိုပါစို့၊ ဒါဆိုရင် “သူတို့တောင် လစာနည်းသေးတာပဲ ငါနည်းတာ အဆန်းလား” ဟုတွေးပြီးတော့ လက်ရှိဘဝကို တင်းတိမ်ရောင့်ရဲတတ်ကြပါတယ်။ သူငယ်ချင်းတွေအများစုက အောင်မြင်နေတယ်ဆိုပါစို့။ ”သူတို့တောင် အောင်မြင်အောင်စွမ်းဆောင်နိုင်သေးတာပဲ ငါက ဘာလို့မလုပ်နိုင်ရမှာလဲ” ဟု တွေးပြီးတော့ ကြိုးစားအားထုတ်ကြပါတယ်။ ပြီးတော့ ကျရှုံးသူတွေဟာ ငွေကြေးကို တန်ဖိုးထားနေချိန်မှာ အောင်မြင်သူတွေကတော့ အချိန်ကို တန်ဖိုးထားပြီး အချိန်နှင့်အမျှ ကြိုးစားကြပါတယ်။

၇။ အောင်မြင်သူတွေက သင်ယူလိုစိတ် ပြင်းပြတယ်။

အောင်မြင်သူတွေက သင်ယူလိုစိတ် ပြင်းပြနေပေမယ့် ကျရှုံးသူတွေကတော့ “ငါ တတ်လှပြီ၊ သိလှပြီ” လို့ထင်ပြီး အဟုတ်ထင်နေကြပါတယ်။ အောင်မြင်သူတွေက ပညာရပ်တစ်ခုခုကို အမြဲမပြတ်လေ့လာနေပါတယ်။ အောင်မြင်သူတွေက “ သင်ယူတာရပ်တန့်လိုက်တာနဲ့ ငါ့ ဘဝပျက်ပြီ” လို့ ကိုယ့်ကိုယ်ကို ဖိအားပေးပြီးတော့ အမြဲတမ်းသင်ယူနေကြပါတယ်။
ကဲ . . စာဖတ်ပရိသတ်ကြီးရေ ဒီအချက်တွေကွားခြားလို့သာ ဆင်းရဲချမ်းသာကွဲပြားနေတာပါ။ ကိုယ့်မှာ ကျရှုံးစေမယ့်အချက်တွေရှိရင် အချိန်မီဖယ်ထုတ်ပြီးတော့ အောင်ပွဲဆင်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။



Source: akhayar
 
Top