လျှပ်စစ်မီးကလည်း ခဏခဏပျက် (အဲလေ..) ခဏခဏ လာနေတော့  လျှပ်စစ်မီး မလာတဲ့အချိန်တွေမှာ သက်တောင့်သက်သာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးခြင်းပါ



(၁) အရေးကြီးဆုံးကတော့ မီးအိမ်တွေ ၊ Power Bank တွေ Laptop တွေအားသွင်းထားဖို့ပါပဲနော်။ မီးပျက်ချိန် ပျင်းပျင်းနဲ့ ဖွဘုတ်လေးသုံးချင်ပါတယ်ဆိုမှ ဖုန်းအားကမရှိဆို စိတ်ညစ်ရတယ်။ ဖုန်းပါဝါပိတ်သွားလို့ကတော့ အားလုံးနဲ့အဆက်အသွယ်တွေပြတ် အူလည်လည်ဖြစ်ကျန်ရစ်မယ်။ ဖယောင်းတိုင်တေ၊ွ မီးခြစ်တွေပြန်ရှာထား ဆောင်ထားသင့်တယ်ဆိုသော်လည်း ညဘက်သုံးတဲ့အခါ သတိတော့ရှိစေချင်ပါတယ်။
(၂) အစားအသောက်အတွက်ဆို မီးလွတ်စာလေးတွေစဉ်းစားထား ဟီး။ ဆီချက်တွေအများကြီးချက်ထားပြီး အရွက်သုပ်လေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ်စားပေါ့။ နွေရာသီဆိုတော့ ဆီပြန်ဟင်းတွေလည်းစားမကောင်းတာနဲ့ အတော်ပါပဲ။ မြင်းခွာရွက်သုပ်လေးတွေ ခရမ်းချဉ်သီးသုပ်လေးတွေ စားလို့ကောင်းမှကောင်းပဲ။ ပြီးတော့ မီးမလိုတဲ့ တောင်ယာချဉ်ရည်ဟင်းတို့ဘာတို့ရှိသေးတယ်နော်။ ဒီလို မီနူးလေးတွေလည်း စဉ်းစားထားသင့်ပါတယ်။
(၃) ခဏတဖြုတ်မီးလာချိန်မှာ ရေအပြည့်တင် ၊ ပြီးတော့ ရေခဲဘူးတွေရအောင် များများခဲထားပါ။ ဒါမှ တစ်နေကုန်မီးပျက်လည်း ရေအေးအေးလေးသောက်နိုင်မှာ။ ပြီးတော့ ငါးပိကြော် ၊ ပုစွန်ခြောက်ကြော် လိုမျိုး အကြော်အလှော်လေးတွေ များများလုပ်ထားပေါ့။ ထမင်းလေးဝယ်ပြီး တွဲတွဲစားနိုင်တယ်လေ။ ရေခဲသေတ္တာလည်းအနားပေးရမှာဆိုတော့ အသား ငါးတွေ ၊ အထားမခံတဲ့အရာတွေ သိပ်မဝယ်ထားနဲ့ဦး။ အပြင်မှာထားလို့ရတဲ့ အသီးအနှံလောက်ပဲ ဝယ်ပါ။
(၄) ရုံးတက် ကျောင်းတက်ဖို့ ဝတ်စုံတွေကြိုတင်မီးပူတိုက်ထား။ ရုံးသွားခါနီးမှတိုက်မယ်ဆိုပြီး မီးပျက်နေတာနဲ့ ကြုံရင် ရှိုးပဲ့တယ်လေ။ ဒီတော့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ မီးလာချိန်အလုပ်တွေစုလုပ်ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့နော်။
(၅) အဲကွန်းတွေ ပန်ကာတွေ မလည်ပတ်နိုင်တော့ဘူးဆိုတော့ သင်ဖြူးဖျာလေး ၊ ယပ်တောင်လေးတွေ ပြန်ရှာထားပါ။ ပြီးတော့ ဖတ်ချင်တဲ့စာအုပ်တွေ ဘေးမှာပုံထား။ မီးကပျက် လိုင်းကမကောင်း ပူကပူဆိုတော့ စာအုပ်လေးတွေပဲ အေးဆေးဖတ်နေတာ အကောင်းဆုံး။ Digital Detox လုပ်ဖြစ်သွားတာဆိုတော့ တမျိုးကောင်းပါတယ်လေ :P။ ပြီးတော့ မိသားစုလိုက်ကစားနိုင်တဲ့ ကစားနည်းလေးတွေ ပြန်စုထားပါ။ ဖဲရိုက်မယ် ၊ ချက်စ်ထိုးမယ်လေ။
(၆) မီးပျက်လို့အိမ်မှာပူနေရင် ကော်ဖီဆိုင်လေးတွေ အအေးဆိုင်လေးတွေ အဲကွန်းရတဲ့ဆိုင်လေးတွေကိုသွားပါ။ နေအေးမှပြန်လာခဲ့ပေါ့။ ဒါက အက်ဒမင်လုပ်နေကျ အကွက်တွေ။ မီးပျက်တာက အလုပ်လုပ်ရတာအဆင်မပြေ နေရထိုင်ရတာ အဆင်မပြေပေမယ့် မိသားစုတွေပိုပြီးတော့ နီးနီးကပ်ကပ်ဖြစ်လာတာက ကောင်းကွက်လို့ဆိုရမလားပဲနော်။ ဘာလို့လဲဆို တီဗီမကြည့် ၊ ဖုန်းမသုံး ၊ ကိုယ့်အခန်းထဲကိုယ်မနေနိုင်ဘဲ အလင်းရောင်ရှိတဲ့နေရာ ၊အေးတဲ့နေရာလာစုနေကြတာဆိုတော့ မိသားစုတွေစကားတွေပြောဖြစ် အတူဂိမ်းလေးတွေဆော့ဖြစ်တာပေါ့လေ။
သတိထားရမှာက ညဘက်အဲကွန်းမရလို့ ပူလို့ဆိုပြီး ကားထဲမှာ အဲကွန်းဖွင့်ပြီးအိပ်တဲ့ကိစ္စပါ။ ဒီလိုအိပ်စက်ပြီး အဆင်မသင့်လို့ ထိခိုက်သွားသူတွေအများကြီးရှိတာမို့ နည်းနည်းလေးတော့သတိထားပါနော်။
 
Top