0

လူဆိုတာ သတ္တဝါတွေထဲမှာ ကံအကောင်းဆုံး နှင့်
အမြင့်မြတ်ဆုံးလို့ ပြောလို့ရတယ်
လူ့ပြည်ကအပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိမိဖို့ဆိုတာ
မယုံနိုင်စရာပဲ လူဖြစ်လာဖို့ဆိုတာ အဲ့တာထက် ပိုခက်တယ်လို့
ဆိုကြတယ်။
ရတောင့်ရခဲ လူသားဘဝမှာ လူဖြစ်ခွင့်ရတာနဲ့တင် ကိုယ့်ကံကြမ္မာက
အရမ်းကောင်းနေတယ်လို့ ပြောလို့ရပါတယ်
လူနဲ့တိရစ္ဆာန်ဘာကွဲသလဲ.....?
လူနဲ့တိရစ္ဆာန်ကွာတာက" အသိတရား" ပါ
အသိတရားသာ မရှိခဲ့ရင် လူအရေခြုံထားလည်း လူအမည်ခံပဲ
ဖြစ်နေမှာပါ။

လူပီသဖို့ ဘာလိုအပ်သလဲ......?

၁)ကိုယ်ချင်းစာပါ
တိရစ္ဆာန်​ဆိုတာ ကြီးနိုင်ငယ်ညှင်း အိပ်စားကာမ ပဲရှိတာပါ
လူပီသချင်ရင်တော့ ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား
ငယ်သူကို သနား ဆိုတဲ့ လူသားတိုင်းကျင့်ကြံသင့်တဲ့ "ကိုယ်ချင်းစာ"
တရားရှိသင့်တယ်။
၂)မေတ္တာထားပါ
လူပီသသူတိုင်းမှာ ကြင်နာသနားခြင်းဆိုတဲ့နှလုံးသားကို
သဘာဝတရားကြီးက ထည့်ပေးလိုက်ပါတယ်
ကိုယ့်ထက်နိမ့်ပါးသူကို ဖိနင်းဖို့မဟုတ်ဘူးလေ ဆွဲတင်ပေးပါ
ကိုယ်မတက်နိုင်တဲ့လှေကားအပေါ် တက်နေသူကို
တွန်းချဖို့မဟုတ်ဘူးလေ ထမ်းတင်ပေးပါ
အပေါ်/အမြင့် ရောက်နေသူက အောက်ကလူကိုငုံ့ကြည့်ပီး
လှောင်ပြောင်နေရမှာ မဟုတ်ဘူးလေ လက်ကမ်းပေးပါ။
၃)သစ္စာစောင့်သိပါ
ခွေးတစ်ကောင်ကို ထမင်းတစ်ရက်ကျွေးရင် အဲ့ခွေးက
ထမင်းကျွေးတဲ့ သခင်ကို သုံးနှစ်ကြာရင်တောင် မမေ့တတ်ပါဘူး
အသိတရားရှိတဲ့လူဆိုရင် ကိုယ့်ကိုထမင်းကျွေးဖူးတဲ့လက်ကို
ဘယ်တော့မှ ထိခိုက်အောင်မလုပ်သင့်ဘူး
တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုရင် ကိုယ့်စားဝတ်နေရေးကို
တစ်ဖက်တစ်လမ်းက ဖြေရှင်းကူညီဖြည့်ဆည်းပေးသူတိုင်းအပေါ်
သစ္စာရှိပါ။
၎)တာဝန်သိတတ်ပါ
လူဆိုတာ အမှားမကင်းပါဘူး ကိုယ်မှားခဲ့တဲ့အမှားတွေအပေါ်
တာဝန်ယူတတ်ခြင်းက လူပီသသူတွေရဲ့လုပ်ရပ်ပါ
လူတစ်ယောက်က ဘယ်လောက်တော်တော် သူ့မှာတာဝန်ယူတတ်တဲ့
စိတ်မရှိရင် လူအမည်ခံပဲ ဖြစ်နေမှာပါ
ဘယ်ကိစ္စမဆို မလုပ်ခင်စဉ်းစားပါ အကယ်၍ စပီးပီဆိုရင်တော့
အကောင်း/အဆိုးကို တာဝန်ယူပါ။
၅)ကိုးကွယ်ဆည်းကပ်သင့်သူကို ကိုးကွယ်ပါ
လူရယ်လို့ဖြစ်လာရင် ဘာသာတရားအဆုံးအမ ၊ ယဉ်ကျေးမှူ ဓလေ့ထုံးစံ
ပတ်ဝန်းကျင် ဆိုတာရှိပါတယ်။ မေတ္တာတရားကို အခြေခံထားတဲ့
ဘာသာ ၊ သာသနာ တစ်ခုခုကို မိရိုးဖလာအရသော်လည်းကောင်း ၊
ကိုယ့်အတွေးအခေါ်အယူအဆအရ ကြည်ညိုသက်ဝင်ယုံကြည်၍
သော်လည်းကောင်း ကိုးကွယ်လိုက်နာပါ။
၆)မိဘ၊ဆရာ ကျေးဇူးကိုသိတတ်ပီး ကျေးဇူးဆပ်ပါ
မိဘဆိုတာ ကိုယ့်ကို လူ့ဘဝသို့ လက်ကမ်းကြိုဆိုပေးတဲ့
ကိုယ့်အသက်ကို သူတို့အသက်နဲ့ရင်း၍ ကာကွယ်စောင့်ရှောက်
ကျွေးမွေးပေးခဲ့တဲ့အတွက်ကြောင့် လူပီသဖို့ဆိုရင်
မိဘကဘာဖြစ်နေ ဖြစ်နေ ကျေးဇူးသိတတ်ပီး ကျေးဇူးဆပ်ပါ။
ဆရာဆိုတာက မြင်ဆရာ ၊ ကြားဆရာ ၊ သင်ဆရာ တွေအားလုံးက
ကိုယ့်ကို အတတ်ပညာ အသိပညာများ သင်ကြားပေးပီး
လူ့ဘဝမှာ ရပ်တည်ရှင်သန်လို့ရအောင် စွမ်းအင်တွေ ပေးခဲ့သောကြောင့်
ကျေးဇူးသိတတ်ပီး ကျေးဇူးဆပ်ပါ။
၇)အတ္တတွေလျော့ပါ
လူဖြစ်လာပီဆိုတာနဲ့ အတ္တဆိုတဲ့ "ငါ"စွဲတွေ ကပ်ပါလာတော့ပါပဲ
လူမပီသသူဖြစ်အောင် အဓိကမြှောက်ပင့်ပေးနေသူက အခြားသူတွေ
မဟုတ်ပါဘူး ကိုယ့်အတ္တတွေပါပဲ။
ငါ့သားမယား ၊ ငါ့ဥစ္စာ ၊ ငါ့ပညာ ၊ ငါ့ ဆွေမျိုးစတဲ့ "ငါ"တွေက
အမှားများစွာ ကျူးလွန်ဖို့ ဖိအားပေးတော့တာပါပဲ။
အတ္တကြောင့် ကိုယ်ချင်းစာစိတ်ပျောက်ကြရသလို အတ္တကြောင့်ပဲ
မေတ္တာတရားခေါင်းပါးလာပီး အမြင်ကျဉ်းလာကာ
အသိတရားပါ ပျောက်လာတတ်တယ်။
အတ္တကြောင့် မတော်လောဘကြီးစိုးလာတတ်သလို
အတ္တကြောင့်ပဲ ဘဝမှာ ပြင်မရတဲ့ အမှားတွေဆက်တိုက်ကျူးလွန်
နေတော့ပါပဲ။ ကိုယ့်ရဲ့ စိတ်ရင်းကောင်းလေးတွေကို
ကိုယ့်အတ္တကြောင့်တော့ အရည်မပျော်စေပါနဲ့နော်။
လူသားတိုင်း လူသားပီသစွာဖြင့် လူသားကောင်းကျိုး ၊ လောကကောင်းကျိုးကို
ထမ်းရွက်နိုင်ကြပါစေလို့ လေးစားစွာဖြင့် အကြံပြုရပါစေခင်ဗျာ။
လေးစားစွာဖြင့်
ဇင်းနစ်​ မကွေး[at4:40PM......21.5.2017]

Post a Comment

 
Top