စတော်ဘယ်ရီပင်အောက်မှာ..
"စတော်ဘယ်ရီပင်အောက်က
သူနဲ့ ကျွန်မ" ဆိုလို့ မချောတစ်ယောက် စတော်ဘယ်ရီအောက်မှာ လေးဘက်တွားပြီး
ဘယ်သူနဲ့များ ချိန်းတွေ့ပါလိမ့်လို့ တွေးနေကြမယ်ထင်ပါတယ် ) စတော်ဘယ်ရီပင်
အောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့စကားဟာ မဖြစ်နိုင်တဲ့စကားလို့ လူတွေက
ပြောကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စတော်ဘယ်ရီပင်ဆိုတာ မြေပြင်ပေါ်မှာ
ကပ်ပြီးပေါက်တဲ့ အပင်မျိုးဖြစ်တာကြောင့် စတော်ဘယ်ရီပင်အောက်မှာ
တွေ့ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲနော်။ ဒါပေမဲ့ တကယ့်ကို စတော်ဘယ်ရီပင်
အောက်မှာ ချိန်းတွေ့လို့ရပါတယ်ဆိုရင် ယုံနိုင်ကြပါမလားရှင်။ တကယ်ပါ။
စတော်ဘယ်ရီပင်ကြီးရဲ့အောက်မှာ လူတွေ သွားလာလို့ရသလို၊ ချိန်းဆို
စကားပြောကြဖို့လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ကျွန်မက
ဒီလိုပြောနိုင်ပါသလဲဆိုရင် တစ်ရက်မှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်က
သူသွားခဲ့တဲ့ ဥယျာဉ်တစ်ခုက ဓာတ်ပုံတွေ ကျွန်မရဲ့ အီးမေလ်းကို ပို့လာပါတယ်။ အဲဒီ
ပုံတွေထဲမှာ ထူးထူးခြားခြား စိတ်ဝင်စားစေတဲ့ ဓာတ်ပုံက အောက်ကဓာတ်ပုံထဲက
ပုံပါ။ အဲဒီအပင်အောက်ခြေမှာ စတော်ဘယ်ရီပင်လို့ စာတန်းကပ်ထားပါတယ်။
ဒီအပင်ကြီးကို စတော်ဘယ်ရီပင်လို့ ခေါ်ပါတယ်။
( The Huntington Library and Botanical Gardens မှာ စတော်ဘယ်ရီပင်ကြီး)
ကျွန်မစိတ်ထဲမှာလည်း
ဓာတ်ပုံကိုကြည့်မိရင်း စတော်ဘယ်ရီပင်က ဒီလောက်ကြီးတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလားရယ်လို့ စဉ်းစားအံ့သြမိပြီး သူငယ်ချင်းကို မေးကြည့်တော့
အဲဒီအပင်ဟာ တကယ်ကို စတော်ဘယ်ရီပင်ဖြစ်ကြောင်းနဲ့၊ ပြတိုက်ရဲ့
ဥယျာဉ်တွင်းမှာ စိုက်ပျိုးပြသထားတဲ့ အပင်ဖြစ်ကြောင်း ဒါကြောင့်
"စတော်ဘယ်ရီပင် အောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့ စကားဟာ မဖြစ်နိုင်တဲ့စကား
မဟုတ်ကြောင်း ပြောလာပါတယ်။" ပုံက စာသားကို အနီးကပ် ကြည့်ကြည့်တော့လည်း
Strawberry Tree လို့ သေချာရေးထားတာ တွေ့ရပါတယ်။ ဒါနဲ့ဘဲ ကြီးမားလှတဲ့
ဒီအပင်ကြီးကို ကျွန်မက စိတ်ဝင်စားမိပြီး စတော်ဘယ်ရီပင်အကြောင်းကို လိုက်လံ
ရှာဖွေမိပါတော့တယ်။
ပင်ခြေအောက်မှာ ရေးထိုးထားတဲ့ ဆိုင်းပုဒ်ပေါ်က သစ်ပင်ရဲ့ အမည်
ကျွန်မအခုရေးသားမဲ့
စတော်ဘယ်ရီပင်ဆိုတာကတော့ အပင်ပုပုသေးသေး မြေမှာကပ်ပေါက်တဲ့
စတော်ဘယ်ရီပင်မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အရွက်စိမ်းစိမ်းတွေ
အမြဲတမ်းစိမ်းလန်းနေတဲ့ အပင်မျိုးဖြစ်ပါတယ်။
ချောမွတ်တဲ့ မီးခိုးရောင် သစ်ခေါက်မျိုးရှိပြီး အပင်ငယ်ကနေ ပေ ၆၀ခန့်အထိ
မြင့်တဲ့ အပင်ကြီးထိ ရှိတတ်ပါတယ်။ Strawberry Tree လို့ ခေါ်သလို Arbutus
unedo လို့လည်း ခေါ်ပါတယ်။ ဘယ်ရီသီးအမျိုးအစားထဲမှာ ပါဝင်တာကြောင့်
Bayberry လို့လည်း ခေါ်ဆိုကြပါတယ်။ ဆောင်းဦးရာသီနှောင်းပိုင်းမှာ
ခရင်မ်ကာလာ အပွင့်လေးများ တစ်ပင်လုံး ဖူးပွင့်ဝေဆာတတ်တဲ့ အပင်ဖြစ်ပါတယ်။
အပွင့်ရဲ့ ရနံ့ဟာ ချိုမြမြ ပျားရည်နံ့ဖျော့ဖျော့လေး ရှိတတ်ပါတယ်။
လှပစွာဖူးပွင့်နေတဲ့ စတော်ဘယ်ရီပွင့်ကလေးများ
အသီးကြားက အပွင့်များ
အဝါရောင်
ဖြစ်ခါစကနေ ပန်းရောင် အနီရောင် ထိုမှ အနီရင့်ရင့်ရောင်အထိ ရင့်မှည့်ဖို့ရာ
အချိန်များစွာ ကြာတာကြောင့် နောက်တစ်ရာသီ ပန်းများဖူးပွင့်ချိန်မှာ
ပထမရာသီရဲ့ အသီးများ ရင့်မှည့်ချိန်နဲ့ သွားတူညီနေတာကြောင့် အပင်မှာ
အပွင့်နဲ့အသီးကို တစ်ပြိုင်တည်း တွေ့ရတတ်ပါတယ်။ အသီးသီးချိန်မှာ
အသီးအရွယ်အစားဟာ ၁.၅ စင်တီမီတာကနေ ၂.၅ စင်တီမီတာအထိသာ ရှိပြီး မှည့်နေတဲ့
အသီးမျက်နှာပြင်ဟာ နီရဲပြီး အဖုအထစ်များ ရှိနေတာကြောင့် လိုင်ချီးသီးလိုလို
ကြက်မောက်သီးလိုလို ဆင်ဆင်တူပါတယ်။ အသီးရဲ့အရောင်ဟာ နီရဲတောက်ပတဲ့
အနီရောင်ဖြစ်ပေမဲ့ အဖြူရောင်ကနေ ခရမ်းရောင်ထိလည်း ရှိတတ်ပါတယ်။ အတွင်းသားဟာ
အသီးပေါ်က မျက်နှာပြင်ရဲ့ အရောင်အတိုင်း ရှိတတ်ပြီး ရံဖန်ရံခါတော့
အရောင်ဖျော့တတ်ပါတယ်။
ဖြူဝါရောင်လေးကနေ တဖြေးဖြေးနဲ့ ခုလို ပန်းရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်
အပင်ပေါ်က မှည့်ကာစ ဝါနီရောင် ရောယှက်နေတဲ့ စတော်ဘယ်ရီများ
၎င်းအပင်ရဲ့
မူရင်းဒေသက အာရှဒေသဖြစ်ပြီးတော့ တရုတ်ပြည်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း
၂၀၀၀ကျော်ခန့်ကတည်းက စိုက်ပျိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ယန်စီမြစ်ဝှမ်းတစ်လျှောက်မှာ အကြီးအကျယ် စိုက်ပျိုးခဲ့ကြပါတယ်။ မီတာ ၁၀၀ကနေ
၁၅၀၀ ထိ မြင့်မားတဲ့ တောင်စောင်းတစ်လျှောက်နဲ့ တောင်ကြားတွေမှာ
တောအုပ်သဖွယ် စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ မြို့တွင်းမှာတော့
လမ်းမကြီးတွေရဲ့ ဘေးတစ်ဖက် တစ်ချက်နဲ့ ဥယျာဉ်တွင်းများမှာ အဆင်တန်ဆာ
အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ အပွင့်ပွင်ချိန် အသီးသီးချိန် အောက်တိုဘာကနေ
နိုဝင်ဘာလလိုအချိန်များဆို လူတကာက ငေးမောရလောက်အောင် လှပစွာ
သီးပွင့်ဆာနေတတ်ပါတယ်။ သက်တမ်းရှည်ကြာတဲ့ အပင်မျိုး ဖြစ်တာကြောင့်
နှစ်ပေါင်းရာချီကြာအောင် ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။
ခြံထဲက စတော်ဘယ်ရီ
လမ်းဘေးတစ်နေရာက စတော်ဘယ်ရီပင်
မှည့်လာတဲ့ စတော်ဘယ်ရီ
အချို့
စိုက်ပျိုးရေးသမားများကတော့ အသီးကို ၄စင်တီမီတာထိ အရွယ်ရှိအောင်
စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။ အသီးရဲ့ အရွယ်နဲ့
နီရောင်ရှိပုံချင်းကတော့ ရိုးရိုးစတော်ဘယ်ရီသီးနဲ့ တူသော်လည်း အရသာမှာတော့
မတူဘဲ ချဉ်ချိုချိုနဲ့ အနည်းငယ် ဖန်တွတွ အရသာနဲ့ အသားကို စားရင်
ပျင်းတွဲတွဲရှိပြီး အလယ်မှာ ကြီးမားတဲ့ အစေ့တစ်ခုတည်းသာ ရှိပါတယ်။
အခွံခွာစားတာမျိုးမဟုတ်ဘဲ အလုံးလိုက် စားရတဲ့အသီးဖြစ်ပါတယ်။ ချဉ်ဖန်ဖန်
ရှိတာကြောင့် ဒီအတိုင်းစားတာထက် အသီးကို အခြောက် ပြုလုပ်ခြင်း၊
စည်သွပ်ဗူးများဖြင့် ရောင်းချခြင်း၊ ယိုပြုလုပ်ခြင်းနဲ့ တရုတ်ပြည်တွင်း
မှာတော့ အရက်များ ၊ ဝိုင်များစိမ်ခြင်း၊ ဖျော်ရည်များ ထုတ်လုပ်ခြင်းတို့
ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ဒါကတော့
ကျွန်မသိရသလောက် ရှာဖွေဖတ်ရှုမိတဲ့ စတော်ဘယ်ရီပင်အကြောင်းပါ။
စတော်ဘယ်ရီလို့ ကျွန်မတို့ ငယ်စဉ်ကတည်းက သိလာခဲ့တဲ့ မြေမှာကပ်ပေါက်တဲ့
နွယ်ပင်သက်သက်တာ ရှိတာမဟုတ်ဘဲ လူအရပ်ထက် မြင့်မားတဲ့
စတော်ဘယ်ရီပင်ကြီးတွေလည်း ရှိနိုင်ပါတယ်လို့.. ဒါကြောင့်လည်း
တစ်ယောက်ယောက်ကသာ သင့်ကို စတော်ဘယ်ရီပင်အောက်မှာ တွေ့ချင်ပါတယ်လို့များ
ပြောလာခဲ့ရင် မဖြစ်နိုင်တဲ့စကားတွေ ပြောတယ်ဆိုပြီး
မငြင်းပယ်လိုက်ပါနဲ့နော်။ စတော်ဘယ်ရီပင် အောက်မှာလည်း “သူနဲ့ကျွန်မ” ဆိုတဲ့
ရုပ်ရှင်ကား ရိုက်လို့ရတာဖြစ်သလို၊ ဝတ္ထုတွေထဲမှာလည်း
“စတော်ဘယ်ရီပင်အောက်မှာ တွေ့ရအောင်လို့ ” ထည့်သုံးမယ် ဆိုရင်လည်း
ရပါတယ်လို့ပြောရင် ယုံနိုင်ပြီ မဟုတ်ပါလားရှင်း)
