ကမ္ဘာအ၀န်းမှ အင်ဂျင်နီယာများက မောင်းသူမဲ့ စက်ရုပ်ကားများကို တီထွင်နေကြပါတယ်။ ပညာရှင်များဟာ စက်ရုပ်ကားများအတွက် ဆော့ဖ်ဝဲများ၊ အတားအဆီးကို ရှောင်လွှဲနိုင်မယ့် ကင်မရာများနဲ့ Lidar Sensor စနစ်များကို တီထွင်လာကြတာ ခရီးအတော်ပေါက်တဲ့ အနေအထားကို ရောက်ရှိနေကြပါပြီ။ ဒါပေမယ့် သူတို့ ဖြေရှင်းရမယ့် ပြဿနာ တစ်ခု ရှိနေသေးပါတယ်။ အဲဒါကတော့ ငှက် မစင် ဖြစ်ပါတယ်။
Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ရဲ့ စက်ရုပ်ကား တီထွင်တဲ့ Waymo ကုမ္ပဏီခွဲမှ အင်ဂျင်နီယာများက ငှက် မစင် ပြဿနာကို Bloomberg နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ငှက် မစင်ဟာ စက်ရုပ်ကားရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ Lidar Sensors များကို ဖုံးအုပ်သွားရင် မောင်းသူမဲ့ ကားဟာ ပြဿနာ ဖြစ်သွားနိုင်တဲ့ အကြောင်းကို ပညာရှင်များက ပြောကြားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ ငှက် မစင်များ လေကာမှန်ကို ဖုံးအုပ်ခဲ့တဲ့အတွက် လေယာဉ်ကွင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အဲဒီအတွက် Waymo မှ အင်ဂျင်နီယာများဟာ ငှက် မစင်ကို Lidar Sensor ကနေ ရှင်းလင်းပေးမယ့် စနစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ စနစ်က ကားလေကာမှန်မှ အညစ်အကြေးများကို ရေဖြန်း၍ Wiper နဲ့ သုတ်တဲ့ စနစ်နဲ့ ဆင်တူပါတယ်။ ငှက် မစင် ပြဿနာဟာ မထင်မှတ်ဘဲ အချိန်မရွေး ဖြစ်သွားနိုင်ပြီး ယာဉ်မတော်တဆမှု ဖြစ်သွားနိုင်တဲ့အတွက် လျှင်မြန်စွာ ရှင်းလင်းဖို့ လိုအပ်ပါတယ်လို့ ကုမ္ပဏီမှ အင်ဂျင်နီယာများက ပြောပါတယ်။
ref : digitaltrends
