ဖိုးကျားဆင်စခန်း (ပဲခူးတိုင်းဒေသကြီး)
ဖိုးကျား ဆင်စခန်းမှာ အရိုင်းဘဝမှ အယဉ်ဘဝသို့ ရောက်ရှိပြီး လူသားတွေနဲ့ အတူနေထိုင်နိုင်တဲ့ ယဉ်ပါးသော တိရစ္ဆာန်ဖြစ်နေ ကြတဲ့ ဆင်များရဲ့သရုပ်ပြကွက်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်များ ဆင်စီးရင်း ပျော်ရွှင်မှုကို ခံစားရရှိပါလိမ့် မယ်။ ဖိုးကျားဆင် စခန်း၏ တည်နေရာကတော့ တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသရှိသိမ်းမြစ်လက်တက်တိုကလေးမြစ်ကမ်းပါး မှာ တည်ရှိနေပြီး ကြီးမားဖြောင့်တန်းသော သစ်ပင်ကြီးများရှိရာ သစ်စခန်းကြီး ဧရိယာအတွင်းမှာ ဖြစ်ပါတယ်။ သစ်စခန်းမှာ
ဆင်တွေ အလုပ်လုပ်နေကြတဲ့ ဘဝနေထိုင်မှု ပုံစံကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
မြိုင်ဟေဝန်ဆင်စခန်း (ရန်ကုန်တိုင်းဒေသကြီး)
မြိုင်ဟေဝန်ဆင်စခန်းမှာ ဆင်အကောင်ရေ ပိုများတာကြောင့် ခရီးသွား ဧည့်သည်များအတွက် ဆင်စီးရတာပို၍အဆင်ပြေစေ ပြီး ဆင်လိမ္မာတွေရဲ့သရုပ်ပြကွက်နှင့် အတူ နေထိုင်မှု ဘဝပုံစံတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ခရီးသွားဧည့်သည်များအနေဖြင့် တောရိုင်းသတ္တဝါများဖြစ်ကြတဲ့ဝက်ဝံတွေ၊ တောကြောင်တွေ၊ သမင်တွေ၊ ရစ်ငှက်တွေ၊ဒေါင်းတွေ၊ ဖွတ်၊ ပဒတ်တွေ သဘာဝ အလျောက် ကျက်စားနေကြတာကိုလည်း လေ့လာနိုင်ပါလိမ့်မယ်။ မြိုင်ဟေဝန် ဆင်စခန်းဟာ ၁၀ ဧကကျယ်ဝန်းပြီး ရန်ကုန်မြို့ရဲ့ အနောက်မြောက်ဘက် ၇၂ မိုင်ခန့်အကွာ၊ တိုက်ကြီးမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။
ငွေဆောင်ဆင်စခန်း (ဧရာဝတီတိုင်းဒေသကြီး)
ဘင်္ဂလား ပင်လယ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်သော အလွန်သာယာလှပတဲ့ ငွေဆောင်ကမ်းခြေမှ မိနစ် ၃၀ ခန့် ကားမောင်း လာပါက ငွေဆောင်ဆင်စခန်းသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ငွေဆောင်ဆင်စခန်းဟာ ရခိုင်ရိုးမတောင် တန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ ဆင်စခန်းအဖြစ်သို့ မပြောင်းလဲခင် ၂၀ဝ၀ ခုနှစ်တုန်းက အဲဒီနေရာဟာ သစ်တော ကြိုးဝိုင်းကြီး ဖြစ်ပါတယ်။ နံနက်ပိုင်းမှာ ဆင်တွေကို စခန်းမှာ ထိန်းသိမ်းထားပြီးနောက် နေ့လယ်ပိုင်းရောက်တဲ့အခါ တောထဲကို စားကျက်လွှတ်ပြီး အစာရှာဖွေ စားသောက်စေပါတယ်။  ညဘက်ရောက်တဲ့အခါ ဆင်ဦးစီးတွေနဲ့ သက်ဆိုင်ရာဆင်
ထိန်းတွေက မိမိတို့ ဆင်များကို လိုက်လံ ရှာဖွေကောက်ယူပြီးနောက် ဆင်စခန်းသို့ ပြန်လာကြပါတယ်။ ဒါ့ကြောင့် စိတ်ပါဝင်စားတဲ့ ခရီးသွားများ အနေဖြင့် ဆင်တွေရဲ့ ဘဝနေထိုင်မှု ပုံစံကို နံနက်မှ ညအထိ လေ့လာမြင်တွေ့နိုင်ပါတယ်။
ဝင်္ဂဘော် ဆင်စခန်း
ဝင်္ဂဘော်ဆင်စခန်းဟာ ရန်ကုန်မြို့မှ ၃၉ မိုင်အကွာ ရန်ကုန်-မန္တလေးအဝေးပြေး ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ရန်ကုန် မြို့မှ မိနစ် ၉၀ ကြာ ကားမောင်းရင် ဆင်စခန်းကို ရောက်ပါပြီ။ ပျော်ရွှင်စရာ နေ့ချင်းပြန်ခရီးဖြစ်ပါတယ်။ ဆင်စခန်းကိုဝင်ကြေး မှာ ကျပ် ၁ဝ၀ဝ ဖြစ်ပြီး နိုင်ငံခြားသားများ အတွက်ကတော့ ကျပ် ၂၀ဝ၀ဝ ပေးဆောင်ရပါ့မယ်။ ဆင်စီးခနဲ့ ဆင်အစာကျွေးတာ
တွေကတော့ သီးသန့်ပေးဆောင်ရမှာပါ။ ဆင်စခန်းမှာ မိဘမဲ့ ဆင်ကလေးနှစ်ကောင်အပါအဝင် ယခုလက်ရှိ စုစုပေါင်း ဆင် ၁၂ ကောင်ရှိကြပါတယ်။ နံနက် ခုနစ်နာရီခွဲမှ ညနေ ခြောက်နာရီအထိ ဆင်စခန်းကို ဖွင့်ပေးထားမှာဖြစ်ကာ လာရောက် လည်ပတ်သူတွေ အနေဖြင့် ဆင်ရေချိုးခြင်း၊ စားကျက် မြေလွှတ်၍ အစာစားခြင်း၊ ဆင်ငယ်လေးများ ဆော့ကစားခြင်းအပါ အဝင် ဆင်တွေ၏ တစ်နေ့တာလှုပ်ရှားသွားလာပုံတွေကိုသဘာဝကျကျတွေ့မြင်နိုင်ပါ့မယ်။အကယ်၍ခရီးသွားများဆန္ဒရှိပါက
ဆင်စခန်းဝန်းပတ်ပတ်လည်ထဲမှာ နာရီဝက်ကြာ ဆင်စီးပြီး လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ သစ်ကုမ္ပဏီတွေအတွက် ပတ် ဝန်းကျင်ရှိ တောထဲမှထွက်ရှိတဲ့သစ်လုံးများကို ဆင်တွေက အားဖြင့်ဆွဲကာ အလုပ်လုပ်နေတာကိုလည်း တွေ့ရပါ့မယ်။
ဆင်လိမ္မာလေး တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ လက်ပွန်းတတီး ကိုင်တွယ်ချော့မြူလို့ရတဲ့ အခွင့်အရေးဖြစ်တာကြောင့် ပျော်ရွှင် ဖွယ်ရာ နေ့ချင်းပြန် ခရီးစဉ်လေးဘဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ မြန်မာနိုင်ငံမှာ ဆင်စခန်းရှစ်ခုထက်မနည်း ရှိနေပါပြီ။ ၄င်းတို့မှာ-
ဝင်္ဂဘော်ဆင်စခန်း (၃၉ မိုင်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး)
မှော်ယော်ကြီးဆင်စခန်း (တောင်ငူခရိုင်၊ ဖြူးမြို့)
နတ်မော်ဆင်စခန်း (ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့)
ပေါ်လန်ဂျိုင့်ဆင်စခန်း (ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်)
ဝေါ်မဆင်စခန်း (ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်)
ဝါဖြူတောင်ဆင်စခန်း (စစ်ကိုင်းတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်)
နတ်မောက်ဆင်စခန်း (စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်)
ငပလီဆင်စခန်း (ရခိုင်ပြည်နယ်)
ဖြာစွယ်ဆင်စခန်း (စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တို့ဖြစ်ကြပါတယ်။
ဆင်စခန်းများသို့ ဝင်ကြေးမှာ မြန်မာနိုင်ငံသားများ အတွက် ကျပ် ၁ဝ၀ဝ ဖြစ်ပြီး နိုင်ငံခြားသားများ အတွက်ကတော့ ကျပ် ၂၀ဝ၀ဝ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Credit- The Farmer Media



- တင်ထက်ထက်ဇော်

 
Top