စွမ်းရည်မြင့်မား ချောကလက်စွမ်းပကား

ချောကလက်ဆိုတာ စားသုံးသူရဲ့ ပါးစပ်ဖျားထဲမှာ ချိုသင်းမွှေးကြိုင်ပြီး အချစ်အရသာပြည့်ဝနေတဲ့အတွက် Valentine’s Day တွေလို Romantic ဆန်တဲ့နေ့တွေမှာ လူတွေက ချစ်သူကြား၊ မိသားစုဝင်ကြားနဲ့ သူငယ်ချင်းတွေကြားမှာ ချစ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တောင်းဆုတွေ လွှဲပြောင်းပေးတတ်ပါတယ်။ ချောကလက်ဟာ နှလုံးရောဂါကို ကာကွယ်နိုင်ရုံမက စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်။ အမြင်အာရုံကို ထူးခြားကောင်းမွန်စေသလို ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာပြေလျော့စေပါတယ်။ ကိန်းဘရစ်တက္ကသိုလ် (University of Cambridge) က သုတေသနပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ Esthechoc ချောကလက်ဟာဆိုရင် အသားအရေကို လှပတင့်တယ်စေပြီး အရွယ်တင်နုပျိုစေပါသေးတယ်။



သုတေသနလေ့လာတွေ့ရှိမှု

မကြာသေးမီက တွေ့ရှိထားတဲ့ သုတေသနတစ်ရပ်မှာ ချောကလက်ကို ပုံမှန်စားသုံးတဲ့သူတွေဟာ တခြားလူတွေနဲ့နှိုင်းယှဉ်တဲ့အခါ အသိဥာဏ်ဖွံ့ဖြိုးမှုအားကောင်းကြတယ်လို့ သိရှိရပါတယ်။ Maine-Syracuse Longitudinal Study အဖွဲ့က ၉၈နှစ်နဲ့ ၂၃နှစ်ကြားရှိ လူ ၉၆၈ယောက်ကို နေ့စဉ်အစားအသောက်နဲ့ ပက်သက်ပြီး နှလုံးရောဂါအန္တရာယ်နဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုအပိုင်းကို သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မှတ်ဥာဏ်ကောင်းမွန်မှုနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကောင်းမွန်ကြတယ်လို့ သိရပါတယ်။

ဘာကြောင့် ဥာဏ်ရည်မြင့်တာလဲ

အကြောင်းကတော့ ချောကလက်ထဲမှာ ပါဝင်တဲ့ Cocoa Flavanols ဓာတ်ပေါင်းဟာ အသိဥာဏ်ဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်အချိုးကျနေတဲ့အတွက် ဖြစ်ပါတယ်။ Cocoa Flavanols ဓာတ်ပေါင်းဟာ အမဲရောင်ချောကလက်တွေသာ အများဆုံးပါဝင်ပြီး အဖြူရောင်ချောကလက်နဲ့နွားနို့တွေမှာ ပါဝင်မှုအားနည်းတယ်လို့ ဆိုပါတယ်။ ချောကလက်စားသုံးတဲ့သူတွေဟာ အသက်အရွယ်နဲ့နှိုင်းယှဉ်ရင် အသိပညာပိုင်း သာမန်ထက် ရင့်ကျက်နေတယ်လို့ ဆိုထားပါသေးတယ်။
ကဲ . . သုတေသနတွေ့ရှိချက်တွေက ချောကလက်ချစ်သူတွေအတွက် အားရစရာကြီးပဲနော်။ ဥာဏ်ကြီးရှင်တွေဖြစ်ကြဖို့ နီးစပ်ရာစတိုးဆိုင်မှာ ချောကလက်ပြေးဝယ်ကြပါစို့လား။ ဒီသတင်းကောင်းကို ချောကလက်ချစ်သူလေးတွေ သိရအောင် လက်တို့ပြောလိုက်ဦးနော်။


source ;akhayar
 
Top