အလုပ်တွေတစ်ခုပြီးတစ်ခု ခဏခဏပြောင်းလွန်းတာဟာ မကောင်းပေမယ့်၊ ကိုယ့်အတွက် အကျိုးမရှိတဲ့ နေရာတစ်နေရာထဲမှာပဲ အမြဲတမ်းစွဲလုပ်နေတာကလည်း မသင့်တော်ပါဘူး။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာ လက်ရှိအလုပ်က ထွက်သင့်ပြီလဲ? အောက်ပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။ 

၁ - ပျင်းစရာကောင်းလွန်းနေသလား? 

လက်ရှိလုပ်ငန်းခွင်ဟာ ကိုယ့်အတွက် အတွေးအခေါ်သစ်တွေ၊ စိန်ခေါ်မှုတွေ မပေးနိုင်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာလည်း ထူးချွန်သူများများစားစားမရှိ၊ ခပ်တုံးတုံးအအတွေပဲများနေမယ်။ လုပ်ငန်းဆောင်တာတွေဟာလည်း ပျင်းစရာကောင်းလွန်းနေမယ်ဆိုရင် ပြောင်းသင့်ပါပြီ။ အနူတောမှာ လူချောဖြစ်နေယုံနဲ့ မိမိအရည်အချင်းမှန်ကို မသုံးသပ်နိုင်ပါဘူး။ 

၂ - ဖိအားတွေအရမ်းများလွန်းနေသလား? 

ဒါကတော့ ခုနကအချက်နဲ့ ဆန့်ကျင်ဘက်ပေါ့။ ကိုယ့်အတွက် မနိုင်ဝန်တွေ အရမ်းထမ်းနေရတယ်၊ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းထက်ပိုတဲ့ တာဝန်အကြီးကြီးတွေကို ယူနေရတယ်။ စိတ်ဖိအားတွေများလွန်းပြီး ကျန်းမာရေးပါထိခိုက်လာပြီဆိုရင်လည်း အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။ ဒါပေမယ့် အလုပ်တိုင်းမှာတော့ ဖိအားဆိုတာ အနည်းနဲ့ အများရှိမယ်ဆိုတာ သတိပြုပါ။
၃ - ပတ်ဝန်းကျင်မကောင်းဘူး? 

ကိုယ့်လုပ်ငန်းခွင်အတွင်းက လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ့်အတွက် အပေါင်းသင်းကောင်းတွေ မဟုတ်တဲ့အပြင် ကိုယ့်ကိုတောင် မကောင်းတဲ့လမ်းကို စွဲဆောင်နေတာမျိုးဆို ဒီလိုပတ်ဝန်းကျင်ကို သင်စွန့်ခွာသင့်ပါပြီ။ လူငယ်တွေအတွက် ဘ၀တိုးတက်ရေးမှာ အပေါင်းအသင်း၊ မိတ်ဆွေကောင်းတွေဟာလည်း အရေးပါတဲ့ အထောက်အပံ့တစ်ခုပါ။ 

၎ - တိုးတက်ဖို့လမ်းကြောင်းမရှိဘူး? 

တိုးတက်ချင်သူ လူတိုင်းရဲ့ဘ၀မှာ အထက်ကိုတက်ဖို့ လှေကားထစ်တွေလိုပါတယ်။ ဒါပေမယ့် လက်ရှိသင့်ရဲ့အလုပ်ဟာ တိုးတက်ရာတိုးတက်ကြောင်းမရှိဘူး။ ဒီနေရာမှာတင်၊ ဒီလစာမှာတင်၊ ဒီရာထူးမှာတင်၊ ဒီအတွေ့အကြုံမှာတင် လမ်းဆုံးနေပြီဆိုရင်တော့ ပိုမိုတိုးတက်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရွေးချယ်သင့်ပါပြီ။
၅ - ကိုယ့်ရဲ့အရည်အချင်းနဲ့ မကိုက်ညီဘူး? 

ဥပမာ ကိုယ်က ဈေးကွက်ရှာဖွေရေးမှာ တော်ပေမယ့် တကယ်တမ်းကိုယ်လုပ်ရတဲ့ အလုပ်က စာရင်းကိုင်ဖြစ်နေတာမျိုးဆိုရင် အရည်အချင်းနဲ့ အလုပ်နဲ့မကိုက်ညီတော့ပါဘူး။ ကိုယ်စိတ်မပါသော၊ မကျွမ်းကျင်သော အလုပ်ကိုလုပ်ရခြင်းက ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကနေ သွေဖယ်စေပါတယ်။ ဒီတော့ကိုယ့်အရည်အချင်း၊ ၀ါသနာနဲ့ မကိုက်တဲ့အလုပ်မှာ ကြာကြာမနေသင့်ပါဘူး။ 

၆ - လစာနည်းလွန်းတယ်? 

ကျောင်းပြီးစ လုပ်ငန်းအတွေ့အကြုံ မရှိသေးတဲ့ လူငယ်တွေအနေနဲ့ လစာထက်၊ အတွေ့အကြုံကို ပိုမက်သင့်ပေမယ့်။ လူတိုင်းကတော့ လုပ်ရတာနဲ့ ထိုက်တန်တဲ့ လစာ၊ ခံစားခွင့်တွေကို လိုချင်ကြတာကြီးပါပဲ။ ဒီတော့ ကိုယ်မျှော်မှန်းထားတဲ့ လစာထက် နည်းလွန်းတဲ့ အလုပ်မှာ ရေရှည်လုပ်နေဖို့ကလည်း အဆင်မပြေနိုင်ပါဘူး။ 

၇ - လူမှုရေးပြဿနာတွေရှိလား? 

လူတွေနဲ့ လုပ်ရတဲ့အလုပ်တွေမှာ မမျှော်လင့်ထားတဲ့ လူမှုရေးပြဿနာတွေဟာလည်း ရှိနေတတ်ပါတယ်။ လူမှုရေးပြဿနာတွေကို လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့အခါ လုပ်ငန်းခွင်တွင်း ပျော်ရွှင်မှုလည်း မရှိတော့သလို၊ အလုပ်မှာ စိတ်အားထက်သန်မှုလည်း ရှိတော့မှာ မဟုတ်ပါဘူး။ 
 
Top